အမေရိကန် သမ္မတဟောင်း Mr Donald Trump အတွက် Truth Social
myanmaritdirectory.com
|
2022-02-24

အမေရိကန် သမ္မတဟောင်း Mr Donald Trump အတွက် Truth Social


အမေရိကန် သမ္မတဟောင်း Mr Donald Trump ၏ ဆိုရှယ်မီဒီယာ လုပ်ငန်းသစ်အတွက် Truth Social အက်ပ်ကို ဖေဖော်ဝါရီလ ၂၀ ရက် တနင်္ဂနွေနေ့တွင် Apple ၏ App Store မှတစ်ဆင့် ၎င်း၏အက်ပ်ကို စတင် ဖြန့်ဝေပေးသည်။

သန်းခေါင်နား နီးကပ်ချိန်တွင် အက်ပ်ကို ကြိုတင်မှာကြားထားသူများ၏ iPhone များထံ အလိုအလျောက် ချပေးလိုက်သည်။

တနင်္လာနေ့တွင် Apple ၏ အခမဲ့အက်ပ်စာရင်းတွင် HBO Max, TikTok, YouTube, Instagram Facebook တို့ထက်သာလွန်သွားသည်။ ဗုဒ္ဓဟူးနေ့တွင် Truth Social သည် နံပါတ်(၁)နေရာတွင် ရောက်ရှိနေသည်။

အချို့သုံးစွဲသူတို့က စာရင်းသွင်းမရသည့် ပြဿနာကြုံရသည်။


အချို့သုံးစွဲသူတို့ကို စောင့်ဆိုင်းစာရင်းတွင် စာရင်းသွင်းထားကြောင်း၊ အလုံးအရင်းဖြင့် စာရင်းသွင်းသူများပြား‌နေသောကြောင့် ဖြစ်ကြောင်း အသိပေးချက် လက်ခံရရှိသည်။

အမေရိကန်သမ္မတဟောင်း Mr Trump ကို ဆိုရှယ်မီဒီယာတို့က အကောင့်ပိတ်သိမ်းထားသဖြင့် ကိုယ်ပိုင်ဆိုရှယ်မီဒီယာလုပ်ငန်း ထူထောင်ခြင်း ဖြစ်သည်။ Twitter Inc, Facebook နှင့် YouTube တို့တွင် Mr Trump ကို ပိတ်ပင်ထားသည်။ သို့ဖြစ်ရာ အထူးသဖြင့် Twitter မှ follower ၈၉ သန်း၊ Facebook မှ follower ၃၄ သန်းတို့နှင့် ထရန့် အဆက်အသွယ် ပြတ်တောက်သွားသည်။ ထို့အတွက် ကိုယ်ပိုင် ပလက်ဖောင်းဖြင့် follower ကို ထိတွေ့နိုင်မည်ဖြစ်သည်။

ရီပတ်ဘလစ်ကန်အမတ် Devin Nunes ဦးဆောင်သော Trump Media & Technology Group (TMTG) သည် Truth Social ကို ကျောထောက်နောက်ခံပြုပေးပြီး နည်းပညာကုမ္ပဏီအချို့ ပူးပေါင်းပါဝင်သည်။

၂၀၂၁ အောက်တိုဘာလတွင် TMGT က လူမှုကွန်ရက်အသစ်ကို ၂၀၂၂ ပထမ ၃ လပတ်တွင် စတင်မည်ဟု ကြေညာခဲ့သည်။

စမ်းသပ်ကာလတွင် အက်ပ်ကို ဖိတ်ခေါ်ခြင်းခံရသူများသာ အက်ပ်ကို ရရှိပြီး သုံးစွဲနိုင်ကြသည်။

TMTG တွင် ရင်းနှီးမြှုပ်နှံမှုများနှင့် ပတ်သက်သောအချက်များ အသေးစိတ် ဂဃနဏ မသိကြရပေ။ ပွင့်လင်းမြင်သာမှု မရှိသဖြင့် ဝေဖန်ခံရသည်။

TMTG က နယူးယောက်စတော့အိပ်ချိန်းတွင် စာရင်းတင်ဖို့ ဆောင်ရွက်ပေးမည့် Digital World Acquisition Corp (DWAC) နှင့် ပေါင်းစည်းရန် အစီအစဉ် ရှိသည်။

၂၀၂၁ ဒီဇင်ဘာလအထိ TMTG က ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူများထံမှ အရင်းအနှီး အမေရိကန်ဒေါ်လာ ၁ ဘီလျံကို ရရှိထားပြီ ဖြစ်သည်။


အက်ပ်၏ အကြောင်းအရာ ဖော်ပြချက်တွင်

"Truth Social ကို မည်သည်က ကွဲပြားခြားနားအောင် ပြုထားသနည်း။ ကျွန်ုပ်တို့သည် ဆိုရှယ်မီဒီယာပလက်ဖောင်းတစ်ခုဖြစ်ပြီး နိုင်ငံရေးအရ ခွဲခြားနှိမ်ချဆက်ဆံခြင်း ကင်းရှင်းသည်"

ဟု ဖော်ပြထားသည်။

Truth Social ကို မတ်လကုန်တွင် အနည်းဆုံးအနေဖြင့် အမေရိကန်မှ သုံးစွဲသူများအတွက် အပြည့်အဝ လုပ်ငန်းလည်ပတ် လုပ်ကိုင်နိုင်မည်ဟု မျှော်မှန်းထားသည်။

အက်ပီဇိုင်းသည် Twitter နှင့် ဆင်ဆင်တူသည်။


သုံးစွဲသူ ပရိုဖိုင်းတစ်ခု ဖန်တီးရသည်။ မည်သူတို့ follower လုပ်ထားသည်ကို ဖော်ပြထားသည်။ တင်ထားသည့် ပို့စ်များကို comment, share, like လုပ်နိုင်သည်။ ပို့စ်များကို Truths ဟုခေါ်တွင်သည်။ အခြား follower များ တင်သည့်ပို့စ်များ ကြည့်ရှုရန် feed တစ်ခု ပါသည်။

ဓာတ်ပုံများ၊ ဗီဒီယို link များ၊ သတင်းမူရင်းများ ရှယ်နိုင်သည်။

တိုက်ရိုက် စာပို့ခြင်း၊ နိုတီ နှင့် အမည်းနောက်ခံ dark mode တို့ ပါသည်။

အက်ပ်ကို သုံးစွဲသူသည် အသက် ၁၈ နှစ်ပြည့်ပြီးသူ ဖြစ်ရမည်။

သုံးစွဲသူသည် အက်ပ်မှ ပြဌာန်းထားသော terms of service ကို လက်ခံလိုက်နာရန် သဘောတူရသည်။

Terms of service ပြဌာန်းချက်များတွင် သုံးစွဲသူက မပြုလုပ်ရန် သဘောတူသည့် တားမြစ်ချက်များ ပါဝင်သည်။

Twitter မှာ လိုက်လျောခွင့်ပြုထားသည်ကို Truth Social မှာ တားမြစ်ပိတ်ပင်သည့်အချက်ပါသည်။

အကြောင်းအရာကို ထိလွယ်ရှလွယ် sensitive ဟု အမှတ်အသားပြုပါက လိင်ကိစ္စ ဗိဒီယို၊ ရုပ်ပုံ၊ စာသားတို့ ကို သုံးစွဲသူများအား Twitter မှ ခွင့်ပြုပေးသော်လည်း Truth Social မှ လိင်ပိုင်းဆိုင်ရာအကြောင်းအရာ သို့မဟုတ် ဘာသာစကားကို ခွင့်မပြုဟု တားမြစ်ထားသည်။

တားမြစ်ထားသော လုပ်ဆောင်ချက်များဟုခေါ်သော အပိုဒ်တစ်ခုတွင် သုံးစွဲသူများက မလုပ်ရန် သဘောတူထားသမျှကို အကျဉ်းချုံးဖော်ပြထားသည်။ ၎င်းတွင် ကုမ္ပဏီနှင့် လူအများတို့အား နစ်နာစေရန် နားလည်မှု လွဲမှားအောင် တင်ပြခြင်း၊ လှည့်ဖြားခြင်း၊ လိမ်ညာခြင်း တို့ကို ထားမြစ်သည်။ အထူးသဖြင့် သုံးစွဲသူစကားဝှက်များကဲ့သို့ အရေးကြီးသော အကောင့်အချက်အလက်များကို သိရှိရန် ကြိုးပမ်းခြင်းကို တားမြစ်ထားသည်။

မဟုတ်မမှန် လံကြုတ်များ တင်ပြခြင်းကိုလည်း တားမြစ်သည်။

Facebook နှင့် Twitter တို့နည်းတူ ပြဌာန်းထားသည်များလည်း ပါဝင်သည်။

Truth Social ၏ ဝန်ဆောင်မှုစည်းကမ်းချက်များအရ သုံးစွဲသူမှ တင်ပြသော အကြောင်းအရာများသည် မှားယွင်းသော၊ တိကျမှု သို့မဟုတ် လှည့်ဖြားခြင်း သို့မဟုတ် အကြမ်းဖက်မှု ဖြစ်ပေါ်နိုင်သည့် ခြိမ်းခြောက်မှုများ မပါဝင်ရ။

ဆင်ဆာဖြတ်တောက် တားမြစ်ခြင်းများလည်းရှိသည်။ သုံးစွဲသူတစမဦးက Truth Social ကို ဦးဆောင်ဦးရွက်ပြုသူ ရီပတ်ဘလစ်ကန်အမတ် Devin Nunes ကို နွားဟု ဆိုလိုသော အကောင့်အမည် @DevinNunesCow ကို သုံးစွဲခဲ့ရာ ၎င်းအကောင့်အမည်ကို သုံးခွင့်မရဘဲ တားမြစ်ထားသည်။ စာရင်းသွင်းခွင့် မရချေ။

ဘိုးဟံ




Some text some message..