
Apple Inc အဓိက ထုတ်လုပ်သူ Foxconn စက်ရုံများ လော့ဒေါင်းချ
Apple Inc ရဲ့ ထုတ်ကုန်များ အဓိက ထုတ်လုပ်သူ Foxconn Technology Group က တရုတ်နိုင်ငံ အရှေ့ပိုင်း Kunshan မှာ တည်ရှိတဲ့ စက်ရုံ ၂ ရုံကို အလုပ်ရပ်ထားရပါတယ်။
COVID-19 ကူးစက်ခံထားရသူများကို စက်ရုံများအတွင်းမှာ တွေ့ရှိတဲ့အတွက် အလုပ်သမားများနှင့်တကွ စက်ရုံကို လော့ဒေါင်းချထားပါတယ်လို့ South China Morning Post က ဧပြီလ ၂၅ ရက် တနင်္လာနေ့မှာ သတင်းဖော်ပြပါတယ်။
အဆိုပါစက်ရုံများမှာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှစ၍ အလုပ်ရပ်ထားပြီး စက်ရုံများမှ အလုပ်သမားများ အားလုံးနှင့် စက်ရုံများကို လော့ဒေါင်းချထားပါတယ်လို့ အဆိုပါသတင်းမှာ ဖော်ပြထားပါတယ်။
ပိုးကူးစက်ခံထားရသူများ တွေ့ရှိတဲ့ စက်ရုံ ၂ ရုံက Kunshan မြောက်ပိုင်းမှာ တည်ရှိတဲ့ Dianfa နှင့် Fuhong တို့မှ စက်ရုံများ ဖြစ်ကြပါတယ်။
Foxconn က Kunshan မှာ စက်ရုံ ၄ ရုံ ထားရှိတဲ့အနက် ၂ ရုံကို လော့ဒေါင်းချထားတာ ဖြစ်ပါတယ်။
Foxconn ကို Hon Hai Precision Industry Co Ltd. ဟူ၍လည်း သိထားကြပြီး တိုင်ဝမ်အခြေစိုက် လုပ်ကိုင်ပါတယ်။