
Telegram ပိုင်ရှင် Pavel Durov က များမကြာမီ စတင်တော့မည့် Premium အကြောင်း ရှင်းလင်းချက် ထုတ်ပြန်
များမကြာမီ စတင်တော့မည့် Telegram Premium အစီအစဉ်နှင့် စပ်လျဉ်း၍ Telegram ထူထောင်သူ နှင့် ပိုင်ရှင် Pavel Durov က ၎င်းရဲ့ တရားဝင် Telegram ချဲနယ်ဖြစ်တဲ့ Durov's Channel မှာ ရှင်းလင်းချက် ထုတ်ပြန်ထားပါတယ်။

Telegram ကို လွန်ခဲ့သော ၉ နှစ်နီးပါးက စတင်ခဲ့သည့်နေ့မှစပြီး Telegram အသုံးပြုသူများအား အခြားစာတိုပေးပို့အက်ပ်များထက် ဝန်ဆောင်မှုများနှင့် အရင်းအမြစ်များကို ပိုမိုပေးဆောင်လာခဲ့ကြောင်း၊ Telegram ကဲ့သို့ စွမ်းပကားကြီးမားသည့် အက်ပ်မျိုးသည် ၂၀၁၃ခုနှစ်တွင် တော်လှန်ပြောင်းလဲပစ်လိုက်သော အက်ပ်ဖြစ်ေနခဲ့ပြီး ၂၀၂၂ တွင်လည်း မကြုံစဖူး ထူးကဲသည့်အက်ပ်ဖြစ်နေဆဲလို့ Pavel Durov က ဆိုပါတယ်။
ယနေ့တိုင် ချတ်များ၊ မီဒီယာနှင့် ဖိုင်တင်ခြင်းတို့အပေါ် ထားရှိသည့် ခွင့်ပြုချက်များသည် အခြားအက်ပ်များ တုနှိုင်းမမီပါလို့ သူက ဆိုပါတယ်။
သို့တိုင်အောင် လက်ရှိခွင့်ပြုချက်များ ထပ်တိုးပေးဖို့ Telegram သုံးစွဲသူ အများအပြားတို့က တောင်းဆိုလျက် ရှိကြေကြာင်း၊ ရူးသွပ်သည့်အဆင့် ရောက်နေပြီးသားထက် ကျော်လွန်သည်အထိ သွားခွင့်ရမည့် နည်းလမ်းများကို Telegram က စဉ်းစားသုံးသပ်ခဲ့တယ်လို့ Pavel Durov က ဆိုပါတယ်။
အဲဒီမှာ ပြဿနာက ဘာလဲဆိုတော့ တကယ်လို့ Telegram က ကန့်သတ်ချက်အားလုံးကို လူတိုင်းအတွက်ဖယ်ရှားေပးလိုက်မယ် ဆိုပါက ဆာဗာနှင့် ဒေတာအသွားအလာ ကုန်ကျစရိတ်များ ထိန်းမနိုင်သိမ်းမရ ဖြစ်ကုန်လိမ့်မယ်။ ထိုအခါ လုက်ငန်း ဆက်လက်ရပ်တည်နိုင်တော့မှာ မဟုတ်ဘဲ ပွဲပျက်ပြီး ဇာတ်သိမ်းရမည်ဖြစ်သဖြင့် လူတိုင်း ကံမကောင်း အကြောင်းမလှ ဖြစ်ကြရလိမ့်မယ်လို့ သူက ရှင်းပြပါတယ်။
ထိုကိစ္စကို စဉ်းစားပြီးသည့်အခါ လက်ရှိဝန်ဆောင်မှုများကို အခမဲ့အဖြစ် ဆက်ထိန်းထားစဉ်မှာ တောင်းဆိုချက် အများဆုံး အမာခံပရိသတ်များကို သူတို့ လိုချင်သည့်အတိုင်း ပိုမိုရရှိနိုင်စေမည့် တစ်ခုတည်းသောနည်းလမ်းမှာ ခွင့်ပြုချက်များ တိုးမြှင့်ရယူလိုပါက အခကြေးပေးပြီး ရယူစေသည့်နည်းလမ်းကို ရွေးစရာအဖြစ် စီစဉ်ပေးထားခြင်း ဖြစ်ပါတယ်လို့ သူက ဆိုပါတယ်။
ယခုလမှာ Telegram Premium ကို စတင်မယ်လို့ သူက အသိပေးပြောကြားပါတယ်။
Telegram Premium ဆိုတာက subscription plan တစ်မျိုး ဖြစ်ပြီး လုပ်ဆောင်ချက်အင်္ဂါရပ်များ၊ အမြန်နှုန်း၊ အရင်းအမြစ်များကုိ မည်သူမဆို သတ်မှတ်ထားတဲ့ အခကြေးပေးပြီး ထပ်ဆောင်း ရယူနိုင်မှာ ဖြစ်ပါတယ်။
Pavel Durov က ဈေးနှုန်းကို မတင်ပြထားပေမဲ့ Telegram Premium ကို အနည်းဆုံး $4.99 ဖြင့် ရောင်းချလိမ့်မယ်လို့ သတင်းထွက်ပေါ်ပါတယ်။
အသုံးပြုသူများအား Telegram ကိုပံ့ပိုးပေးပြီး ဝန်ဆောင်မှုအသစ်များကို ဦးဦးဖျားဖျား ရရှိသည့်အဖွဲ့ထဲသို့လည်း ဝင်ရောက်ခွင့်ပြုမှာ ဖြစ်ပါတယ်။
စိတ်မပူပါနှင့်။ ရှိပြီးသား ဝန်ဆောင်မှုအားလုံးသည် အခမဲ့ဖြစ်ပြီး အခမဲ့ ဝန်ဆောင်မှုအသစ်များ အများအပြားလည်း လာပါဦးမည်လို့ သူက ဆိုပါတယ်။
ထို့အပြင် Telegram Premium သို့ စာရင်းသွင်းခြင်းမပြုသော သုံးစွဲသူများသည်ပင်လျှင် ယင်း၏ အကျိုးကျေးဇူးအချို့ကို ခံစားနိုင်လိမ့်လို့ သူက ဆိုပါတယ်။
ဥပမာအားဖြင့် ပရီမီယံအသုံးပြုသူများက ပေးပို့လိုက်သော file size အလွန်ကြီးမားတဲ့ စာရွက်စာတမ်းများ၊ မီဒီယာနှင့် စတစ်ကာများကို ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ တစ်နည်းပြောရရင် ဆင်ဖြူတော်မှီပြီး ကြံစုပ်ခွင့်ကို ရရှိကြမှာ ဖြစ်ပါတယ်။
ကိုယ်ရေးကိုယ်တာ မပေါက်ကြားရေး စူးစိုက်ထားသည့် ကြော်ငြာများကို တစ်ဉီးမှ လူအများသို့ one-to-many တင်ပြသည့် အများသုံး ချဲနယ်များတွင် ကြော်ငြာထိုးသည့် စမ်းသပ်မှုများ အတိုင်းထက်အလွန် မျှော်မှန်းထားသည်ထက်သာလွန်သော အောင်မြင်မှုများ ရရှိထားကြောင်း သူက ပြောပါတယ်။
သူယုံကြည်ထားသည်မှာ Telegram ကို အဓိကအားဖြင့် သုံးစွဲသူများက ထောက်ပံ့သင့်ပြီး ကြော်ငြာရှင်များကို အားကိုးနေရတာ မဖြစ်သင့်ဘူး။ သုံးစွဲသူများကို Telegram က အဓိကအားဖြင့် အားကိုးနေရမှ " သုံးစွဲသူများသည် အမြဲတစေ ကျွန်ုပ်တို့၏ အဓိကဦးစားပေး ဖြစ်နေမည်" လို့ သူက ရှင်းပြထားပါတယ်။
၂၀၂၁ တွင် Telegram messenger ထူထောင်သူ Pavel Durov က ကြော်ငြာများ ထိုးဖို့ စူးစမ်းလေ့လာနေကြောင်း အတည်ပြု ပြောကြားခဲ့ပါတယ်။ အများသုံး ချဲနယ်မှ ပို့စ်များကြားမှာ ကြော်ငြာကို ကြားညှပ်ထိုးမှာ ဖြစ်ပြီး ပို့စ် အသေးစားများဖြင့် ကြော်ငြာရမှာ ဖြစ်ပါတယ်။ အက္ခရာလုံးရေး ၁၆၀ မကျော်ရ ကန့်သတ်ထားပါတယ်။ အပြင်ဘက်လင့်များ မပါရ။ သတ်မှတ်ထားတဲ့ Telegram ချဲနယ်တစ်ခုအတွက် လင့်ကိုပဲ ခွင့်ပြုပါတယ်။
သုံးစွဲသူတွေအတွက် လစဉ်ကြေး ပေးရမယ့် Telegram Premium အစီအစဉ် ရှိပါတယ်။ အနည်းဆုံး $4.99 ဖြင့် စတင်မယ်လို့ သတင်းထွက်ပေါ်ပါတယ်။ premium plan အသေးစိတ်ကို မကြေညာရသေးပါဘူး။
Telegram Premium beta version ကို Android အတွက် ရနေပါပြီ။ ဒါပေမဲ့ ဝန်ဆောင်မှုကို subscribe လုပ်လို့ မရသေးပါဘူး။
#MyanmarICTGuide