
မိုဘိုင်းဖုန်းသုံးသူတွေ အဓိက စိုးရိမ်လေ့ရှိတဲ့အချက်တစ်ခုက ဖုန်းထဲမှာ မှတ်ထားတဲ့ အချက်အလက်တွေ ပျက်စီးဆုံးရှုံးသွားမှာ ဖြစ်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ဖုန်းထဲက အချက်အလက်တွေ ဆုံးရှုံးတာမျိုးကို အထိုက်အလျောက် ကာကွယ်ပေးနိုင်မယ့် App ငါးမျိုးကို ရွေးချယ်ဖော်ပြလိုက်ပါတယ်။
၁။ Applock by DoMobile Lab
DoMobile Lab က ထုတ်လုပ်တဲ့ Applock က နာမည်အတိုင်းပဲ ဖုန်းထဲက App တွေအားလုံးကို Password ခံပြီး Lock လုပ်ပေးထားနိုင်ပါတယ်။ ဒါ့အပြင် ဖုန်းထဲက ဓာတ်ပုံတွေ၊ မက်ဆေ့ချ်တွေနဲ့ Contact List တွေကိုလည်း Lock လုပ်ထားနိုင်တဲ့အတွက် မတော်တဆ ဖုန်းပျောက်သွားလည်း ကိုယ့်အချက်အလက်တွေကို တခြားသူတွေ ရသွားမှာ စိတ်ပူစရာမလိုတော့ပါဘူး။ ဒီ App ရဲ့ သဘောကျစရာ အချက်တစ်ခုက အခမဲ့ဗားရှင်းမှာလည်း Feature တွေ စုံလင်တာ ဖြစ်ပါတယ်။
၂။ Bouncer
Bouncer ကတော့ App တွေကို ဖုန်းရဲ့ဘယ်အပိုင်းတွေ အသုံးပြုခွင့်ပေးမလဲဆိုတဲ့ Permission တွေကို စီမံခန့်ခွဲနိုင်တဲ့ App ဖြစ်ပါတယ်။ အဲဒီလိုပြုလုပ်ရာမှာ Permission တွေကို အချိန်အပိုင်းအခြားနဲ့ ကန့်သတ်ပေးနိုင်တာက အလွန် အသုံးဝင်တဲ့ Bouncer ရဲ့အားသာချက်ဖြစ်ပါတယ်။ နောက်ဆုံးထုတ် Android ဗားရှင်းတွေမှာ App Permission နဲ့ပတ်သက်ပြီး အဆင့်မြှင့်တင်မှုတွေ လုပ်ထားပေမယ့် လုံလောက်မှုမရှိဘဲ လိုအပ်ချက်တွေ ရှိနေဆဲဖြစ်တဲ့အတွက် Bouncer က အထောက်အပံ့ ဖြစ်စေမှာပါ။
၃။ Find My Device
Find My Device ကတော့ Android ဖုန်းတွေ ပျောက်ဆုံးသွားတဲ့အခါ တခြားဖုန်းတွေ၊ ကွန်ပျူတာတွေကနေတစ်ဆင့် တည်နေရာကို ရှာဖွေနိုင်တဲ့ App ဖြစ်ပြီး အရင်က Android Device Manager ကို အမည်ပြောင်းထားတဲ့ App ဖြစ်ပါတယ်။ ဂူးဂဲလ်ရဲ့ထုတ်ကုန်ဖြစ်တဲ့ ဒီ App ဟာ ဖုန်းပျောက်သွားချိန်မှာ တည်နေရာကို ပြပေးနိုင်တဲ့အပြင် ဖုန်းကို အွန်လိုင်းကနေ Lock လုပ်တာနဲ့ အချက်အလက်တွေ လှမ်းဖျက်တာမျိုးတွေပါ လုပ်နိုင်ပါတယ်။ ဒါ့အပြင် ပျောက်နေတဲ့ ဖုန်းကနေ သတိပေးသံတွေ မြည်အောင်လည်း လုပ်လို့ရပါသေးတယ်။
၄။ LastPass
ဖုန်းတွေမှာ အွန်လိုင်းဝန်ဆောင်မှုတွေ၊ App တွေ အမျိုးစုံ သုံးတဲ့အခါ Password တွေ အမျိုးစုံ မှတ်ထားရတာဟာလည်း အခက်အခဲတစ်ခု ဖြစ်ပါတယ်။ နေရာအားလုံးမှာ Password တစ်မျိုးတည်း သုံးဖို့က လုံခြုံရေးအရ သင့်တော်မှုမရှိပါဘူး။ အဲဒီလိုအခြေအနေမျိုးမှာ LastPass က အကောင်းဆုံး အထောက်အကူ ဖြစ်စေနိုင်ပါတယ်။ App တွေနဲ့ Website တစ်ခုချင်းစီရဲ့ Password တွေကို LastPass က မှတ်သားထားပြီး Tap တစ်ချက်နဲ့ အလွယ်တကူ ဝင်နိုင်အောင် လုပ်ပေးတဲ့အပြင် လုံခြုံစိတ်ချမှု ရှိအောင်လည်း ဆောင်ရွက်ပေးပါတယ်။
၅။ Resilio Sync
ဖုန်းထဲက အချက်အလက်တွေကို မပျောက်ပျက်အောင် သုံးလေ့ရှိတဲ့ နည်းတစ်ခုက အွန်လိုင်း Cloud Storage တွေနဲ့ Sync လုပ်ပြီး သိမ်းဆည်းတဲ့နည်း ဖြစ်ပါတယ်။ ဒါပေမဲ့ Cloud Storage တွေကို မသုံးချင်ဘူးဆိုသူတွေအတွက် ကိုယ့်အိမ်က ကွန်ပျူတာကို Cloud Storage ပုံစံနဲ့ သုံးနိုင်အောင် Resilio က ဖန်တီးပေးနိုင်ပါတယ်။ ဖုန်းထဲက အချက်အလက်တွေကို ကွန်ပျူတာထဲ အချိန်မှန်မှန် သိမ်းဆည်းပေးထားတဲ့အတွက် အကြောင်းတစ်ခုခုကြောင့် ဖုန်း ဆုံးရှုံးသွားတောင် အချက်အလက်တွေ ကျန်ရှိနေမှာ ဖြစ်ပါတယ်။