Game ကစားသော ကလေးငယ်
ကြည်ပြာတစ်ယောက် သားကို မူကြိုပို့ပြီးအလုပ်သို့ သွားရသည်။ လင်မယားနှစ်ယောက်စလုံးအလုပ်လုပ်ကြသည်မို့ သားကို ပို့ပြီးသည်နှင့်အလုပ်ကိုအမြန်ပြေးရသည်။ မူကြို ပို့စက ငိုတတ်သော သားက ကျောင်းတွင်ပျော်နေပြီ။ သူငယ်ချင်းများစွာရနေပြီးဖြစ်၍ တစ်နေ့တစ်နေ့ သူ့သူငယ်ချင်းတွေအကြောင်းပြောရသည်မှာလည်း သူ့အတွက်အမော။
သား ကျောင်းတွင်ပျော်သည်ဆို၍ ကြည်ပြာတစ်ယောက် စိတ်အေးရသည်။ ညနေကျောင်းကအပြန်ဆိုလျှင်တော့ သားတစ်ယောက်အိမ်တွင် ပြင်းနေတတ်သည်။ ထို့ကြောင့် ကြည်ပြာတစ်ယောက် ဖုန်း တစ်လုံး သားကို ပေးထားလိုက်သည်။ ဖုန်း ထဲက game လေးတွေကို သားက ဆော့နေတတ်သည်။
သားက ဉာဏ်ကောင်းသည်ဟုဆိုရမည်။ Game တော်တော်များများကို ကစားနေတတ်သည်။ ဘေးအိမ်က ကျောင်းသားတစ်ယောက်က သားကို Game ဆော့နည်းများ သင်ပေးသည်။ သားကလည်း ညဖက်ဆိုလျှင် Game ဆော့နေတတ်သည်။ တစ်ခါတစ်လေ သူကြည့်ချင်သော ကာတွန်းကားများ ကို ကြည့်သည်။ တစ်ခါတစ်လေ သီချင်းတွေ ကြည့်နေတတ်သည်။ ကြည်ပြာတို့လင်မယာကတော့ ကလေး ငြိမ်လျှင် ပြီးရောသဘောမျိုးနှင့် ကလေးကို game တွေ ပေးဆော့ထားလိုက်သည်။
ဒီနှစ် တော့ သားကို မူလတန်းကျောင်းသို့ ပို့ရတော့မည်။ ကျောင်းဖွင့်လျှင် ကျောင်းသွားအပ်ရမည်။ ကြည်ပြာတစ်ယောက် သားအတွက် ကြိုတင် မှန်းဆနေလိုက်သည်။ လိုအပ်သော ကျောင်းဝတ်စုံများကိုလည်း ဝယ်ရမည်။အတွေးတွေနှင့် ကြည်ပြာတစ်ယောက်အလုပ်များနေတော့သည်။
အခုတစ်လော သားကအိပ်ချင်သည်ဟု ခဏခဏပြောနေသည်။ သားကို ကြည့်ရသည်မှာလည်း မလန်း။ ဘာဖြစ်တာလဲဟု မေးလျှင် သားအိပ်ချင်သည်ဟုပဲ ခဏခဏပြောနေသည်။ ကျောင်းတွင် ပင်ပန်းလို့အိပ်ချင်တာဟု ကြည်ပြာတစ်ယောက် ပေါ့ပေါ့ပဲ ယူဆလိုက်သည်။
တစ်နေ့ရုံးတွင်အလုပ်လုပ်နေရင်း သား၏အတန်းပိုင်ဆရာမ ကြည်ပြာဆီဖုန်းဆက်သည်။
“ကလေး နေမကောင်းလို့ ပြန်လာခေါ်ပါ” ဟု လှမ်းပြောသည်။ ကြည်ပြာတစ်ယောက် ဖုန်းချချခြင်းပင် လူကြီးဆီ ခွင့် တောင်း၍ သား၏ကျောင်းသို့အပြေးသွားသည်။
သားကားဆရာမအပေါ်တွင် မိန်းနေပေသည်။အမေ့အသံကြားတော့ မျက်လုံလည်း ဖွင့်ကြည့်သည်။ တခြားကလေးများအားလုံးကအိပ်နေ ကြပြီ။ သားကို ကြည်ပြာလှမ်းခေါ်လိုက်သည်။ ဆရာမ မှ ကြည်ပြာအား
“ကလေးကအိပ်ချင်တယ်လို့ ခဏခဏပြောတတ်တယ်။အရင်ကတော့ ရိုးရိုးအိပ်ချင်တယ်ထင်တာ။အခု ပိုပိုဆိုးလာတယ်။ ကလေးကအိပ်ချင်တာမဟုတ်ဘူး ခေါင်းမူးနေတာပါ။ သူအိပ်ချင်တယ်လို့ပြောတဲ့အချိန်ဆိုရင် စာလည်း သင်လို့မရတော့ဘူး။ မှိုင်နေတတ်တယ်။ တစ်ခါတစ်လေအိပ်ပျော်သွားတတ်တယ် ” ဆရာမက သားအကြောင်းပြောပြသည်။
“အိမ်မှာလည်း ဒီအတိုင်းပဲ။အိပ်ချင်တယ်လို့ပြောတတ်တယ်။အဲဒါဆိုရင် သူ့ကို သိပ်လိုက်တယ် ” ကြည်ပြာတစ်ယောက် ဆရာမအား ပြန်ရှင်းပြလိုက်သည်။
” ကျွန်မစိတ်ထင် ကလေး မျက်စိအားနည်းလို့အိပ်ချင်တယ်လို့ထင်တယ်။ သူအိမ်မှာ game တွေ ကစားတယ်လို့လဲပြောတယ်။” ဆရာမက လှမ်းမေး လိုက်သည်။
“ဟုတ်ပါတယ်။ သားက ငယ်ငယ်ကတည်းက game ကစားပါတယ်။အခုလည်းအိမ်မှာဆိုရင် game ကစားပါတယ်။ တစ်ဦးတည်းသော သားဆိုတော့ သူ့မှာ ကစားစရာအဖော်လည်းမရှိတော့အိမ်မှာဆိုရင် သားက game ဆော့နေတတ်တယ်။ ဉာဏ်လည်းတော်တော်ကောင်းပါတယ်။ game တော်တော်များများကို ကစားတတ်တယ်” ကြည်ပြာတစ်ယောက် သားနှင့်ပတ်သတ်ပြီး ဆရာမတွေကို ပြန်ပြောပြလိုက်သည်။
ဘေးတွင်ရပ်နေသော ဆရာမမှ ကြည်ပြာအား စိတ်မရှည်သလိုနှင့် ပြောလိုက်သည်။
”အမယ်လေးအမေရယ် ဒီအချိန်မှာ ကလေး game တွေ ဆော့တတ်တယ်ဆိုတာ ပြောရမဲ့အချိန်မဟုတ်တော့ဘူး။ သူဒီလို Game တွေ ကစားလို့ မျက်လုံးအားနည်းနေတာလဲ ဖြစ်တတ်တယ်။အခုလည်း တော်တော်ဆိုးလို့အမေကို လှမ်းခေါ်လိုက်ရတာ။ ကလေးက မှိုင်မှိုင်နေတတ်တယ်။အခုဆိုရင်အရင်ကထက် ပိုဆိုးလာတယ်။ ဒါကြောင့် ကလေးကို မျက်စိဆရာဝန်နဲ့ပြကြည့်ပါဦး။ မျက်စိအားနည်းလို့ ဒီလိုမျိုးဖြစ်တာ ဖြစ်လိမ့်မယ်”
“ဟုတ်ကဲ့ပါ ဆရာမ။ သွားပြလိုက်ပါမယ် ” ကြည်ပြာတစ်ယောက် သားလက်ကိုစွဲကာ ဆရာမများအားနှုတ်ဆက်၍ ကျောင်းဝင်းအတွင်းမှထွက်လာခဲ့သည်။ သားကို ခေါ်၍ မျက်စိဆေးခန်းသို့ပြေးရသည်။ သား၏မျက်စိကိုစမ်းသပ်ကြည့်သည်။ သား၏ မျက်လုံးမကောင်း၍ မျက်မှန်တက်ရမည်ဟု ဆရာဝန်မှ ပြောလိုက်သည်။ သားက သူ Game ကစားတတ်ကြောင်း ဆရာဝန်ကို ကြွားနေသေးသည်။ ဆရာဝန်မှ သားအား တော်လိုက်သည့်ကလေးဟု ပြောပြီး ကြည်ပြာအားလှမ်းဆူလိုက်သည်။
”အသက်ငယ်ငယ် ကလေးတွေကို ဘာဖြစ်လို့ game တွေ ပေးဆော့ရတာလဲ။အခုဆိုရင် ဘယ်လောက်တောင် game တွေ ကစားထားလည်းမသိဘူး။ ကလေးမျက်စိက ငယ်ငယ်ရွယ်ရွယ်နဲ့ မျက်မှန်တပ်နေရပြီ။ game တွေ ဆော့ပါများလို့ မျက်မှန်တက်ရတာ။အခုခေတ်မှာ ကလေးတွေ ကစားဖို့ ကစားနည်းတွေအများကြီးရှိရဲ့သားနဲ့ ကလေးကို game တွေ ပေးဆော့တာအမေတို့ သိပ်မိုက်မဲတယ်”
ကြည်ပြာတစ်ယောက် ဆရာဝန်ကြီးဆူတာကို ခေါင်းငုံနေရင်းအလိုလို ဝမ်းနည်းလာမိသည်။
“အဖေနဲ့အမေက ကလေးအငိုတိတ်ရင် ပြီးရော ကလေးကို ဖုန်းပြကြတယ်။ ဖုန်းထဲမှာသူတို့ကြိုက်တာလေးတွေ ပထမ ပေးကြည့်တယ်။ နောက် ကလေးကို ဖုန်းပေးကိုင်တယ်။ ကလေးက ဖုန်းကိုကိုင်တတ်လာပြီး Game တွေ တော်တော်များများကို စွဲလာတယ်။ ကလေးမှာ မောင်နှမအကြီးတွေရှိရင်လည်းအငယ်တွေက Game တော်တော်များများကိုအသက်အရွယ်ငယ်ငယ်နှင့် ကစားတတ်တယ်”
ဘေးအိမ်က ကလေးတွေ သားကို Game တွေ သင်ပေးသည်ကို ကြည်ပြာတစ်ယောက် သတိရမိသည်။ ဆရာဝန်ကြီးကိုတော့ ဘာမှအတွန့်မတက်ခဲ့ပါ။
“ကလေးကို game တွေ ပေးမဆော့ပါနဲ့။ ဆော့ပါများရင် ပါဝါတိုးတိုးလာလိမ့်မယ်။ နားလည်တယ်နော် ”
“နားလည်ပါတယ် ဆရာရယ်။ သူ ကို game ပေး မကစားခိုင်းတော့ပါဘူး ”
ကြည်ပြာသားလက်ကိုစွဲ၍အိမ်ပြန်လာခဲ့သည်။ သားကို game မစားခိုင်းလျှင် ဘာလုပ်ခိုင်းထားရမည်နည်း။ မိသားစု ၃ ယောက်သာရှိသောအိမ်တွင် သားသည်မည်သူနှင့် ဆော့မည်နည်း။
မိမိကလည်းညနေခင်းဆိုလျှင်အိမ်အလုပ်တွေ လုပ်ရသေးသည်။ သားအဖေကလည်းအလုပ်များသူမို့ သားကိုအချိန်မပေးနိုင်။ သားကို game ပေးဆော့ထားလျှင်တော့ သားက game လေး ကစားနေပြီး တစ်ညနေခင်းလုံးငြိမ်နေတတ်သည်။အခုတော့ ကြည်ပြာတစ်ယောက် သားကိုအချိန်ပေးပြီး နေရတော့မည်။
သားအဖေကိုလည်း ညဖက်တွေ ဖုန်းသုံးတာလျော့ခိုင်းပြီး သားနှင့်အတူ ဆော့ကစားရန်ပြောရမည်။အိုး သားအတွက်အချိန်တွေအများကြီးပေးရဦး မည်ကို တွေးရင်း သားနှင့်အတူအိမ်သို့ပြန်လာခဲ့သည်။ သားကတော့အမေလက်ကို စွဲ၍ လိုက်လာသည်။ ညနေခင်းကား သာယာလှပနေသော်လည်း ကြည်ပြာရင်ထဲတွင်တော့ ပူလောင်လျှက်။
Author: Dr.အေးချမ်းမိုး