အာကာသဓာတ်လှေကားကြီး တီထွင်နိုင်ရန် တရုတ်သိပ္ပံပညာရှင်များ ကြိုးပမ်းမှုအောင်မြင်
shweinnlay.com
|
2018-11-23



အာကာသအထိ တက်နိုင်မည့် ဓာတ်လှေကားကြီး တည်ဆောက်ရာတွင်အဓိကအရေးပါသည့် ဆိုင်းကြိုးတစ်မျိုးဖြစ်သော ကာဘွန် နာနိုကျု ဖိုင်ဘာကို တရုတ်သိပ္ပံပညာရှင်များကအောင်မြင်စွာ ထုတ်လုပ်နိုင်ပြီဟု ဆိုသည်။

Tsinghua တက္ကသိုလ်မှ သုတေသနအသင်းကအဆိုပါနည်းပညာကို မူပိုင်ခွင့် မှတ်ပုံတင်ခဲ့ပြီးဖြစ်သည့်အပြင် သုတေသနပြုလုပ်ခဲ့ပုံ မှတ်တမ်းအချို့ကိုလည်း Nature Nanotechnology ဂျာနယ်တွင် ယခုနှစ်အစောပိုင်းက ရေးသားဖော်ပြခဲ့ပြီးလည်း ဖြစ်သည်။




ဖိုင်ဘာသည်အားကစားအသုံးအဆောင်ပစ္စည်းများ၊ ပဲ့ထိန်းဒုံးကျည်နည်းပညာ၊ လေကြောင်းနှင့်အာကာသ၊အာကာသဓာတ်လှေကားအစရှိသည့် နည်းပညာမြင့်နယ်ပယ်များအတွက် ဝယ်လိုအားမြင့်မားလာမည်ဖြစ်ကြောင်းအဆိုပါသုတေသနအသင်းက ပြောကြားသည်။

ကမ္ဘာမြေမှသည်အာကာသတွင်းအထိ ဓာတ်လှေကားဖြင့် သွားနိုင်မည်ဆိုခြင်းမှာအမှန်တကယ်ဖြစ်နိုင်ပါမည်လော။ သို့တည်းမဟုတ် သိပ္ပံစိတ်ကူးယဉ်ဇာတ်လမ်းတစ်ပုဒ်မျှသာလော။

အာကာသဓာတ်လှေကားဟူသည် ကမ္ဘာမြေမှအာကာသအတွင်းအထိ သွားရောက်နိုင်မည့် သယ်ယူပို့ဆောင်ရေးစနစ်တစ်ခု ဖြစ်လာမည်ဖြစ်ပြီး ကျွနု်ပ်တို့နေ့စဉ်အသုံးပြုနေသည့် ဓာတ်လှေကားများကဲ့သို့ စီးနင်းနိုင်မည်ဖြစ်ကာ ဓာတ်လှေကားများထက်အဆပေါင်း ၃၀၀၀၀၀ ခန့် ပိုမိုမြင့်မားသည့်နေရာသို့ ရောက်ရှိနိုင်ဖွယ်ရှိသည်။




အာကာသဓာတ်လှေကားဖြင့်ဆိုလျှင် ကုန်ကျစရိတ်နည်းပါးစွာဖြင့်အာကာသသို့ ခရီးသွားနိုင်မည်ဖြစ်သည်။

ပုံမှန်ဆက်သွယ်ရေးဂြိုဟ်တုတစ်လုံးလွှတ်တင်နိုင်ရန်အတွက် ခရီးစဉ်တစ်ခုလျှင် ကန်ဒေါ်လာ သန်း ၁၆၀ ကျော်ကုန်ကျသည်။


တရုတ်သိပ္ပံပညာရှင်များ စမ်းသပ်နေပုံ

အာကာသဓာတ်လှေကားဖြင့်ဆိုလျှင် လူတစ်ဦးအတွက် ခရီးစဉ်တစ်ခုလျှင် ကန်ဒေါ်လာ ၂ သန်းအောက် နည်းပါးသည့် ဈေးနှုန်းဖြင့် သွားလာနိုင်မည်ဖြစ်သည်ဟု ဆိုသည်။

အာကာသဓာတ်လှေကား တည်ဆောက်ပုံအခြေခံသဘောတရားမှာ ကမ္ဘာမြေပြင်အခြေစိုက်စခန်းနှင့်အာကာသသို့လွှတ်တင်ထားမည့် စခန်းအကြား ကြိုးဖြင့် သွယ်တန်းထားမည်ဖြစ်သည်။

ယင်းနောက် ကမ္ဘာ့အချင်း၏ ၃ ဆ (သို့မဟုတ်) ၃၆၀၀၀ ကီလိုမီတာ (မိုင်ပေါင်း ၂၂၃၆၉)ရှည်လျားသည့် ကြိုးဖြင့် ဆက်သွယ်လိုက်ပါက မြေဆွဲအား၊ ဗဟိုခွါအားတို့ဖြင့် လေထဲတွင် ဆန့်တန်းတည်ရှိစေမည် ဖြစ်သည်။




အဆိုပါကြိုးတွင် ယာဉ်တစ်ခုကို တပ်ဆင်သွားလာစေမည်ဖြစ်ပြီး ကမ္ဘာကြီး၏လည်ပတ်အားကိုအသုံးပြုကာ မောင်းနှင်မည်ဟု ဆိုသည်။

ယခုနည်းပညာသည်အာကာသခရီးသွားလုပ်ငန်းနယ်ပယ်ကို ပြောင်းပြန်လှန်ပစ်နိုင်မည့် နည်းပညာကြီးဖြစ်သော်လည်း ကြံ့ခိုင်မှုကဏ္ဍအတွက်မူ စိန်ခေါ်မှုများ ရှိနေသည်။

အမေရိကန်အာကာသသိပ္ပံပညာရှင် ဂျရိုမီ ပီယားဆန်ကအဆိုပါသဘောတရားနှင့်စပ်လျဉ်းသည့် နည်းပညာစာတမ်းကို ၁၉၇၅ ခုနှစ်တွင် ပထမဆုံး ချပြခဲ့ရာ သိပ္ပံပညာရှင်အသိုက်အဝန်းတစ်ခုလုံးက စိတ်ဝင်စားခဲ့ကြသည်။




နောင် ၄ နှစ်ကြာသောအခါ သိပ္ပံဆန်းကြယ်စာရေးဆရာ ဆာအာသာ စီစီကလာ့ခ်က ပီယားဆန်၏ သဘောတရားကိုအခြေခံကာ သူ၏ ဝတ္ထုထဲတွင်အာကာသဓာတ်လှေကားအကြောင်း ထည့်သွင်းရေးသားခဲ့ဖူးသည်။

သိပ္ပံပညာရှင်များသည် ထိုအချိန်မှစပြီးအာကာသဓာတ်လှေကားကို သဘောတရားမှသည် လက်တွေ့အကောင်အထည်ပေါ်လာအောင် ကြိုးပမ်းလျက်ရှိနေခဲ့ကြ၏။

နာဆာ၏ ထုတ်ပြန်ချက်အရအာကာသဓာတ်လှေကားနှင့် ဆက်သွယ်မည့်ကြိုးသည့် ဆန့်ထွက်မှုဒဏ်ကို ခံနိုင်ရည်ရှိရမည်ဖြစ်ရာ ၇ ဂီဂါ ပါစကယ်အောက် မနည်းသင့်ကြောင်း ထုတ်ပြန်ထားသည်။

Tsinghua သုတေသနအဖွဲ့က ပြောကြားရာတွင် ၎င်းတို့ နောက်ဆုံးထုတ်လုပ်လိုက်သော ကာဘွန် နာနိုကျု ဖိုက်ဘာသည် ဆန့်ထွက်နိုင်အား ၈၀ ဂီဂါ ပါစကယ်ရှိကြောင်း ပြောကြားထားသည်။

အီတလီနိုင်ငံ၊ ထရန်တို တက္ကသိုလ်မှ ပါမောက္ခတစ်ဦးဖြစ်သူ နီကိုလာ ပပ်ဂ်နိုက ပြောကြားရာတွင် တရုတ်သုတေသီတို့၏ ဖိုင်ဘာသစ်မှာ စိတ်ချရကြောင်း ပြောကြားသည်။

“အလွန်တရာမှ ကြံ့ခိုင်တဲ့ မဟာကေဘယ်ကြိုးကြီးရဖို့ဆိုတာက စိန်ခေါ်မှုအကြီးကြီးပါ။အခု တရုတ်သုတေသီအသင်းဆီက နာနိုကြိုးသတင်းဟာ ဒီအဖြေအတွက်အရေးပါတဲ့ခြေလှမ်းတစ်ခုပါ။ ဒါကြောင့် မဖြစ်နိုင်ဘူးလို့ ဘယ်တော့မှ မပြောပါနဲ့”ဟု ပါမောက္ခ ပတ်ဂ်နိုက ဆက်လက်ပြောကြားသည်။

Wigwam (shweinnlay)




Some text some message..