သဘာဝတရားကြီးနဲ့ နီးစပ်ဖို့ နိုဖထောကို သွားကြစို့
lotaya.mpt.com.mm
|
2022-08-09

မြို့ပြကြီးရဲ့ပိတ်လှောင်မှုတွေနဲ့ မွန်းကျပ်နေပြီဆိုရင်တော့ သဘာဝတရားကြီးသာ အကောင်းဆုံးဆရာဝန် ဖြစ်ပါလိမ့်မယ်။ ရန်ကုန်နဲ့လည်း သိပ်မဝေးလှပဲ နေ့ချင်းသွားလို့ရတဲ့ နေရာမျိုးတွေက ယနေ့လိုအလုပ်နဲ့လက် ပြတ်လို့မရတဲ့ မြို့နေလူထုအတွက် အသင့်တော်ဆုံးရွေးချယ်မှု ဖြစ်ပါတယ်။ အဲ့ဒီတော့ ဘယ်ကိုသွားကြမလဲ၊ ယနေ့ခေတ်မှာ အပန်းဖြေနေရာအတော်များများ ရန်ကုန်မြို့ပတ်ဝန်းကျင်မှာ ပေါ်လာတာ တွေ့ရပါတယ်။ ဒါပေမယ့် အဲ့ဒီထဲက ထူးထူးခြားခြား သဘာဝအလှတရားတွေရယ်၊ တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုတွေရယ် ပေါင်းစပ်ထားတဲ့ နေရာတစ်ခုကတော့ “ကရင်လယ်တောနိုဖထော” လို့ ခေါ်တဲ့ အပန်းဖြေနေရာလေး တစ်ခုရှိနေပါတယ်။

နိုဖထောဆိုတာကတော့ ကရင်ဘာသာနဲ့ “အင်းလျားရှည်” လို့ အဓိပ္ပာယ်ရပါတယ်။ ရန်ကုန်ကနေ တစ်နာရီခွဲကျော်ကျော်လောက် မောင်းရုံနဲ့ လှည်းကူးနားမှာ နိုဖထောဆိုတဲ့ ကရင်ရွာလေးရှိပါတယ်။ ရန်ကုန်-နေပြည်တော် အမြန်လမ်း ၁၅/၀ မိုင်ကနေလည်း လာလို့ရတယ်။ ကရင်အစားအစာ စာစစ်စစ်တွေလည်း အဲ့ဒီမှာရပါတယ်။ ဒီအပန်းဖြေစခန်းလေးမှာ အရမ်းလှတဲ့ သဘာဝတရားကြီးရယ် ကရင်လူမျိုးတွေရဲ့ ရိုးရာဓလေ့နဲ့ ဒေသအစားအစာတွေကိုလည်း လေ့လာလို့ရတယ်။ 


တစ်နာရီခွဲလောက် ကားမောင်းရမှာဖြစ်တဲ့အတွက် မနက်စောစောထွက်တာ ပိုကောင်းပါတယ်။ ရန်ကုန်မြို့ပြင်ရောက်တာနဲ့ လယ်ကွင်းတွေနဲ့ သဘာဝလေကို ရှုရှိုက်ရတဲ့ ရတဲ့အရသာကိုက စိတ်အပန်းပြေစေပါတယ်။

အဝင်ဝမှာကတည်းက ကရင်လယ်တောနိုဖထောဆိုတဲ့ ဆိုင်ဘုတ်လေးကို ထူးထူးခြားခြား ဝါးတွေ၊ အုန်းဆံကြိုးတွေနဲ့ ရေးထားတာ တွေ့ပါတယ်။ အထဲကို လမ်းလျှောက်ပြီးဝင်လိုက်မယ်ဆိုရင်တော့ ကွပ်ပျစ်လေးတွေ အဆောက်အဦးလေးတွေကအစ သဘာဝအတိုင်း ဝါးတွေ၊ သစ်ပင်၊ သစ်ကိုင်းတွေနဲ့ပဲ တည်ဆောက်ထားပါတယ်။ သစ်ပင်တွေကိုလည်း ခုတ်တာပြုတာမရှိပဲ အဆောက်အဦးနဲ့ တွဲပြီးဆောက်ထားတာလေးကလည်း ထူးခြားပါတယ်။

နေအနည်းငယ်ပူတယ်ဆိုရင်တော့ အဲ့ဒီမှာပဲရတဲ့ ခေါင်ရည်ချိုချိုလေးသောက်ဖို့ အကြံပေးပါတယ်။ ဝါးခင်း၊ ဝါးဖျာတွေနဲ့ နှစ်ထပ်ဇရပ်ပုံစံတဲကြီးပေါ်မှာလည်း လေတဖြူးဖြူး နှင့်ဆိုတော့ တရေးလောက် မှိန်းချင်စရာပါပဲ။ ဒီမှာထူးခြားတာတစ်ခုက တဲကြီးဘေးက သန့်စင်ခန်းပါ ဝါးတွေနဲ့ ကာရံထားတဲ့ အတွင်းမှာ အပင်တွေစိုက်ထားတော့ ဖီလင်တစ်မျိုးလေး ခံစားရနိုင်ပါတယ်။


တဲအပေါ်ထပ်မှာကလည်း ဖျာနဲ့ခေါင်းဦးက အဆင်သင့်ဆိုတော့ ကားမောင်းလာရတဲ့ သူသာဆိုရင် မြင်တာနဲ့ အိပ်ချင်မှာသေချာပါတယ်။ ဒါပေမယ့် ဒီလိုနေရာထိရောက်မှတော့ အိပ်ပြီးတော့အချိန်မကုန်သင့်ဘူးလေ။ နှစ်ထပ်တဲကြီးပေါ်ကနေ ကြည့်လိုက်ရင် တန်းမြင်ရမှာကတော့ စိုက်ခင်းတွေပါ။

သီးပင်စားပင်မျိုးစုံကို စိုက်ပျိုးထားပြီး ဒီအခင်းတွေကနေ ဟင်းချက်စရာတွေကို ယူပါတယ်တဲ့။ အထူးသဖြင့်အတို့အမြှုတ်ကြိုက်တဲ့လူတွေအတွက် နိမ္ဗာန်ပါပဲ။

အရိပ်ကောင်းတဲ့ အပင်တွေအောက်မှာလည်း အဝတ်ပုခတ်လေးတွေ ချိတ်ထားသေးတယ်။ ခေါင်ရည်နဲ့ကြွက်ကြော်လေးကလည်း တကယ့်ကို အရသာရှိလှပါတယ်။ ကရင်ဟင်းတွေလို့ ပြောလိုက်တာနဲ့ တာလဘောဟင်းရည်ကတော့ မပါမဖြစ်ပေါ့။ ငှက်ပျော်ဖူး၊ ကြက်သားစတာတွေနဲ့ တကယ့်ကိုတာလဘောဟင်းအရသာစစ်စစ်ကို ရမှာပါ။ ထမင်းစားသောက်ပြီးရင် လမ်းလေးဘာလေးလျှောက်တဲ့ အခါမှာတော့ ဒီစခန်းရဲ့အရသာကိုအပြည့်အ၀ ခံစားရမှာပါ။

ငှက်ပျောပင်တွေ စီတန်းစိုက်ပျိုးထားတဲ့ မြေလမ်းလေးကျော်ရင် ကြာတွေပွင့်နေတဲ့ ရေကန်ကြီးနဲ့ ရေပေါ်တံတားလေးရယ်၊ ရေပေါ်မှာဖြန့်ခင်းထားတဲ့ ပိုက်ကွန်ပေါ်မှာထိုင်ရတာကလည်း တကယ်မိုက်တဲ့ ဖီလင်ပါ။ ရေလည်းမကြောက်ဘူး၊ adventure လည်း ကြိုက်တယ်ဆိုရင်တော့ ကြာပင်တွေကြားထဲမှာ လှေစီးတာ၊ ဖောင်စီးတာတွေလည်း လုပ်လို့ရသလို ငါးလည်းမျှားလို့ရပါတယ်။ ဒီအပန်းဖြေစခန်းမှာ အပန်းဖြေအိမ်လေး ၂ ခုပဲရှိလို့ ကြိုတင်ဘွတ်ကင်လုပ်ဖို့တော့လိုတယ်။

သူတို့ဆီမှာ Glass House နဲ့ Wooden House ဆိုပြီး အိမ်လေး ၂ လုံးရှိပါတယ်။ Glass House က လူ ၁၀ ဦးထိနေလို့ရပြီး Wooden House ကတော့ လူ ၅ ယောက်နေလို့ရပါတယ်။ အဲကွန်း၊အိပ်ခန်း၊ ရေချိုးခန်းအိမ်သာ မီးဖိုဆောင်တို့ပါ တွဲလျက်ပါရှိပါတယ်။

Glass House လေးကိုတော့ပိုကြိုက်မိတယ်၊ မနက်ခင်းနေရောင်ကို မျက်နှာပေးထားတဲ့အတွက် နေရောင်လေးကို ကြည့်ရင်း မနက်စာစားရတာတွေ၊ အခန်းထဲကနေကြားနေရတဲ့ ငှက်သံလေးတွေကလည်း တကယ်ဆွဲဆောင်မှုရှိပါတယ်။ Glass House ဆိုတဲ့အတိုင်း ရေချိုးခန်းကနေ အပြင်ကိုအတိုင်းသားမြင်ရပြီး ရေစိမ်ရင်းနဲ့လည်း သဘာဝအလှတရားတွေကို ခံစားလို့ရသေးတယ်။ သူငယ်ချင်းတွေ၊ ချစ်သူလင်မယားတွေနဲ့ မိသားစုတွေ အပန်းဖြေလို့ကောင်းတဲ့ နေရာလေးပါပဲ။


နောက်တစ်ခုဖြစ်တဲ့ Wooden House သစ်လုံးအိမ်ကတော့ မိသားစုအပန်းဖြေလို့ကောင်းတဲ့ နေရာမျိုးလေးပါ။ လူ ၅ ယောက်ထိပဲ လက်ခံတာလေးတော့ သတိထားဖို့လိုမယ်နော်။ တစ်နေ့ကိုတစ်ဖွဲ့သာ လက်ခံပြီး ပြင်ပအစားအစာတွေလည်း ယူလာနိုင်သလို နိုဖထောကအစားအစာတွေကို မှာစားလို့ရတယ်။ အချစ်တော်အိမ်မွေးတိရစ္ဆာန်လေးတွေကိုလည်း ခေါ်လာလို့ရတယ်။

ဓာတ်ပုံတော်တော်ရိုက်လို့ကောင်းတဲ့ နေရာဖြစ်တာကြောင့် ဒီမှာ pre wedding လာရိုက်တာတွေကိုတောင် တွေ့ခဲ့ရပါတယ်။ လယ်တောအိမ်၊ café day trip စတဲ့ package တွေနဲ့လည်း အပန်းဖြေလို့ရပါတယ်။ ဆောင်းတွင်းမှာဆိုရင်လည်း ပန်းပင်လေးတွေကြားထဲ မြူတွေဆိုင်းနေတဲ့မြင်ကွင်းတွေက ဓာတ်ပုံတွေကိုပိုပြီးလှပစေပါတယ်။ တစ်နေ့တာလေး နားလိုက်ရုံနဲ့ ကုန်ဆုံးခဲ့သမျှ အားတွေကိုလည်း ပြန်ရစေနိုင်မှာပါ။

ဒီလောက်ဆိုရင်တော့ “ကရင်လယ်တော နိုဖထော” ဆိုတဲ့ ကရင်ရွာလေးထဲက အပန်းဖြေစခန်းလေးထဲကို ကိုယ်တိုင်ရောက်သွားသလိုမျိုး ခံစားရစေမယ်လို့ ထင်မိပါတယ်။ Stress  တွေများလွန်းတဲ့ ယနေ့ခေတ်မှာ ခုလိုမျိုး အပန်းဖြေခရီးတိုလေးတွေက သွားကိုသွားသင့်ပါတယ်။ မိသားစုတွေ၊ လုပ်ဖော်ကိုင်ဖက်တွေ၊ သူငယ်ချင်းတွေနဲ့အတူ စိတ်အပန်းပြေစေမယ့် ဒီခရီးလေးကို သွားချင်စိတ်ပေါ်လာလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT  စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_travel




Some text some message..