
ဒီတစ်ခေါက်ခရီးစဉ်လေးကတော့ ကိုရီးယားသွားမှာပါ၊ ဒါပေမယ့် တောင်ကိုရီးယားမဟုတ်ပါဘူး။ မြန်မာပြည်ထဲက ကိုရီးယားလို့ တင်စားကြပြီး အရမ်းလှတဲ့ တောင်ပေါ်မြို့လေးတစ်မြို့ဖြစ်တဲ့ ကလောမြို့ခရီးစဉ်လေးပဲ ဖြစ်ပါတယ်။ ကိုယ့်ကားနဲ့ကိုယ်သွားလို့လည်း ရသလို၊ ခရီးသွားကားကြီးတွေနဲ့ စိတ်တိုင်းကျသွားနိုင်ပါတယ်။ အေးတဲ့နေရာဖြစ်တာကြောင့် နွေးထွေးတဲ့ အဝတ်အစားလေးတွေတော့ ယူသွားဖို့ မမေ့ပါနဲ့နော်။

ကလောမြို့မှာ လည်ပတ်စရာနေရာတွေ အရမ်းပေါပါတယ်၊ ဓာတ်ပုံရိုက်ရတာကြိုက်တဲ့သူတွေအတွက်တော့ တကယ့်နိဗ္ဗာန်ပါပဲ။ အရမ်းကိုလှပတဲ့ ရှုခင်းတွေက မြင်မြင်သမျှ ဓာတ်ပုံရိုက်ချင်စရာတွေချည်းပါပဲ။ မဖြစ်မနေ သွားသင့်တဲ့ နေရာတွေဆိုရင်တော့ ကလောဘူတာ၊ အိုးစည်တောင်၊ ဗျိုက်တောင်၊ ကလောဈေး ပြီးတော့ အရမ်းလှတဲ့ ရထားလမ်းကွေ့လေးတွေပေါ့။ ကလောမြို့ထဲမှာ တစ်နေရာနဲ့ တစ်နေရာအရမ်းနီးတာကြောင့် လမ်းလျှောက်သွားလဲ အဆင်ပြေတယ်။ ဒါပေမယ့် အပေါ်မှာပြောထားတဲ့ နေရာတွေကို သွားမယ်ဆိုရင်တော့ ကားတစ်စီးလောက် ပုဒ်ပြတ်ငှားလိုက်တာ ပိုကောင်းပါတယ်။ ကိုယ့်ကားနဲ့ဆိုရင်တော့ အကောင်းဆုံးပါပဲ။
တည်းဖို့ခိုဖို့ကတော့ Booking.com ကနေ စိတ်ကြိုက်ဟိုတယ် ရွေးပြီးတည်းတာ ပိုကောင်းပါတယ်။ တစ်ခုပဲ ကလောက လမ်းလေးတွေ၊ တစ်ချို့နေရာလေးတွေက ခပ်ဆင်ဆင်မို့လို့ မျက်စိမှောက်နိုင်ပါတယ်။ မှားလည်းကိစ္စမရှိပါဘူး၊ ရှုခင်းတွေကြည့်နေရတာနဲ့တင် တော်တော်တန်ပါတယ်။ ဟိုတယ်တွေအတော်များများကလည်း ရှုခင်းလှပြီး တောင်စောင်းလေးတွေပေါ်မှာ ရှိတာများပါတယ်။ အရင်ဆုံး မနက်စောစောထပြီး ကလောဈေးထဲမှာ မနက်စာသွားစားသင့်ပါတယ်။ ဟိုတယ်က မနက်စာလည်း တန်အောင်နည်းနည်းတော့ စားခဲ့ပေါ့။

ရှမ်းပြည်နယ်ကိုရောက်နေမှတော့ ရှမ်းအစားအစာတွေပဲ စားတာအကောင်းဆုံးပါ။ ရှမ်းခေါက်ဆွဲ၊ ဆန်စီး၊ တို့ဟူးနွေးစသဖြင့် ရှမ်းလက်ရာစစ်စစ်ကို ကလောဈေးထဲမှာ ရနိုင်ပါတယ်။ ကလော ၅ ရက်တစ်ဈေးနေ့နဲ့ ကြုံရင်တော့ အရမ်းကိုကံကောင်းပါတယ်၊ ဝယ်စရာတွေ ပေါလွန်းသလို၊ ဈေးတွေလည်း အရမ်းတန်ပါတယ်။ လက်ရှိလူငယ်တိုင်းပြောပြောနေတဲ့ အိပ်မက်လေးတစ်ခုက တစ်နေ့ကျရင် ကလောမှာ အေးအေးဆေးဆေး ကော်ဖီဆိုင်လေးတစ်ဆိုင်လောက် ဖွင့်ချင်တယ်ဆိုတဲ့ စကားလေးပါ။ ဒါလေးကို တကယ်အကောင်အထည် ဖော်ထားတဲ့ ကော်ဖီဆိုင်လေးတစ်ခုရှိပါတယ်။
JAK Mobile Coffee (Jeep Around Kalaw) ဆိုတဲ့ ကားနဲ့ရောင်းတဲ့ ကော်ဖီဆိုင်လေးက ကလောမှာ နာမည်ကြီးပါတယ်၊ အဝါရောင်ကော်ဖီကားလေးတစ်စီး တွေ့လို့ကတော့ နှစ်ခါမစဉ်းစားပဲ ဝယ်သောက်ဖို့ အကြံပေးပါတယ်။ နာမည်ကြီးအိုးစည်တောင်ကိုသွားတဲ့ လမ်းတစ်လျှောက်မှာလည်း ပန်းဆိုင်လေးတွေ၊ viewpoint တွေ၊ ကော်ဖီဆိုင်လှလှလေးတွေလည်းရှိပါတယ်။ အိုးစည်တောင်ပေါ်ကို လှေကားလေးနဲ့ တက်ရပါတယ်၊ တောင်ထိပ်မှာတော့ တကယ့်ကို ရင်သပ်ရှုမောစရာ မြင်ကွင်းတွေကို မြင်တွေ့ရမှာပါ ကလောနဲ့ အောင်ပန်းတစ်မြို့လုံးကို အိုးစည်တောင်ပေါ်က မြင်နိုင်ပါတယ်။

နောက်တစ်နေရာကတော့ ဗျိုက်တောင်ပါ၊ အစက ဒီနာမည်မဟုတ်ပါဘူး၊ မင်းသားဗျိုက်ရဲ့ ကွေကာကြော်ငြာနာမည်ကြီးပြီးတော့ ဗျိုက်တောင်လို့ နာမည်တွင်သွားတာပါတဲ့။ ဗျိုက်တောင်တစ်ဝိုက်မှာ ရထားလမ်းလှလှလေးနဲ့ သီးနှံစိုက်ခင်းတွေလည်း ရှိလို့ဓာတ်ပုံရိုက်လို့ ကောင်းပါတယ်။ နောက်တစ်နေရာကတော့ City View Garden ပါ၊ မဖြစ်မနေသွားကြည့်သင့်ပါတယ်။ တောင်စွန်းနေရာလေးမှာ ရှိပြီးအေးစိမ့်စိမ့် ခံစားချက်လေးနဲ့ ဓာတ်ပုံရိုက်ဖို့ နေရာလေးတွေပါ ရှိပါတယ်။ အနားယူစရာနေရာတွေကိုလည်း သစ်လုံးတွေ၊ သက်ကယ်တွေနဲ့ အဆောင်လှလှတွေဆောက်ထားပါတယ်။ စားသောက်ဆိုင်လေးဖြစ်လို့ နေ့လည်စာလည်း အဲ့ဒီမှာတစ်ခါတည်း ဆွဲသွားလို့ရတာပေါ့။ တစ်ချို့နေရာလေးတွေဆိုရင် ဆွေးလို့ကောင်းလွန်းတာကြောင့် ကြေကွဲလူငယ်တွေအတွက် အဖီးတစ်လိုင်းသွားလို့ရပါတယ်။

ညနေပိုင်းမှာ ကော်ဖီနဲ့မုန့်စားချင်တယ်ဆိုရင်တော့ Kalaw Caféyard လေးက အမိုက်ဆုံးပါ။ ဥယျာဉ်ထဲမှာ ကော်ဖီထိုင်သောက်ရမယ့် အရသာမျိုးပေးစွမ်းနိုင်ပါတယ်။ ကလောနာရီစင်၊ ကလောဘူတာနဲ့ ကလောရဲ့ အလှဆုံး viewpoint တွေကို ညနေပိုင်းမှသွားတာပိုကောင်းပါတယ်။ အထူးသဖြင့် ကလောမြို့ရဲ့ sunset က အသက်ပါ။ နေဝင်တာလေးကို ကိုယ်ချစ်တဲ့သူတွေနဲ့အတူတူ ကြည့်ရတဲ့ ခံစားချက်က ဘာနဲ့မှမလဲနိုင်ပါဘူး။ တစ်နေကုန်လည်ပတ်ထားတာဆိုတော့ ပင်ပန်းနေပြီလေ အဲ့တော့နားတော့မယ်နော်။
ဒီလောက်ဆိုရင်တော့ ကလောမြို့ရဲ့အလှတွေကို ကိုယ်တိုင်လည်ပတ်ခဲ့ရသလိုမျိုး ခံစားနိုင်မယ်လို့ မျှော်လင့်မိပါတယ်။ ဒီခရီးစဉ်ကပြန်လာရင် ပုံတွေများလွန်းလို့ ဆိုရှယ်မီဒီယာမှာ ဘယ်ပုံရွေးတင်ရမလဲဆိုတာ ခေါင်းစားမှာသေချာပါတယ်။ အဲ့တော့ ဘာမှစဉ်းစားမနေပါနဲ့ အကုန်သာတင်လိုက်ပါ၊ အကုန်လှပါတယ်။ ကလောခရီးစဉ်အကြောင်းလေးကိုလည်း သိထားပြီးပြီဆိုတော့ ကိုယ်တိုင်သွားကြည့်လိုက်ပါလို့ အကြံပေးပါရစေ။
ဒီတစ်ခေါက်တော့ ကလောမြို့ရဲ့ လည်ပတ်စရာများစွာထဲက တချို့ကို ဖော်ပြပေးလိုက်ပါတယ်။ ကလောမြို့ရဲ့ လည်ပတ်စရာနေရာတွေက အများအပြားရှိနေတာကြောင့် နောက်တစ်ကြိမ် အခါအခွင့်သင့်ရင် ထပ်မံဖော်ပြပေးပါဦးမှာဖြစ်တဲ့အကြောင်းသတင်းကောင်းပါးပါရစေ။
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_travel