ပဲခူးအနီးနားက အစိမ်း‌ရောင်ကမ္ဘာ Bago Yoma Eco Resort ပါ
lotaya.mpt.com.mm
|
2022-08-25

မြို့ပြရဲ့ မွန်းကျပ်မှုတွေကနေ ခဏတာ ရုန်းထွက်ပြီး ဆိတ်ငြိမ်တဲ့ ပတ်ဝန်းကျင်အနား Idea အသစ်တွေ စဉ်းစားဖို့ အကြောင်းဖန်လာတော့ Review တွေကောင်းတဲ့ ပဲခူးရိုးမထဲက Bago Yoma Eco Resort ကို သွားဖို့ စီစဉ်ဖြစ်ပါတယ်။ အဓိက အကြောင်းအရာကတော့ Idea အသစ်တွေ ထုတ်နိုင်ဖို့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ တိတ်ဆိတ်ပြီး အေးချမ်းတဲ့နေရာတစ်ခုမှာ Meeting သွားလုပ်ဖို့ပါ။ Eco Resort ဆိုတဲ့အတိုင်း ပတ်ဝန်းကျင်မှာ အပင်စိမ်းစိမ်းလေးတွေရယ်၊ ကောင်းကင်ပြာကြီးရယ်၊ ငှက်တွေရဲ့ သာယာတဲ့ တေးသံလေးတွေရယ် ရှိတာကြောင့် ကျွန်တော်တို့လို Idea အသစ်အဆန်း စဉ်းစားရမယ့်သူတွေအတွက် ကွက်တိပဲပေါ့ဗျာ။

အားလုံးလည်း သွားကြမယ်ဆိုတော့ ပဲခူးရိုးမကို သွားမယ့်လမ်းကြောင်းအတွက် အရင်စဉ်းစားရပါတယ်။ ပထမဆုံး Resortကိုပဲ တိုက်ရိုက်သွားပြီး အပြန်ကျမှ အခြားနေရာတွေ ဝင်လည်မယ်လို့ သဘောတူကြတော့ ပြည်မြို့ကို ရှောင်ကွင်းသွားရမယ့် လမ်းကို ရွေးချယ်လိုက်ပါတယ်။ ရန်ကုန်မှ  ပြည်လမ်းမကြီးအတိုင်း ပေါင်းတည်- ၀က်ပုတ်လမ်းဆုံ ပုတီးကုန်း၊ သဲကုန်းမြို့နှင့် ဆင်မြီးဆွဲမြို့တို့ကို ဖြတ်ကျော်ကာ ပေါင်းတလည်မှ ပေါက်ခေါင်းမြို့သို့ ဆက်လက်ပြီး မောင်းလာရပါတယ်။ ဒီလမ်းကြောင်းလေးကတော့ ပြည်မြို့လျှောက်လမ်းကို ရှောင်ကွင်းသွားရသောလမ်းလေး ဖြစ်ပါတယ်။ Resortကိုတော့ မနက်ပိုင်းမှာ ရောက်ရှိလာခဲ့ပါတယ်။


ရိုးမတောထဲလာပြီး Meeting လုပ်မယ်ဆိုတော့ နည်းနည်းကြောင်တောင်တောင်နိုင်ပေမဲ့ ဝန်ထမ်းတွေကတော့ ကျွန်တော်တို့လိုပဲ အလုပ်အတွက် လာကြတဲ့သူတွေရှိတယ်လို့ ပြောပြကြပါတယ်။ ကိုယ်နေရမယ့် အခန်းထဲရောက်သွားတာနဲ့ ကားစီးလာရတာ ပင်ပန်းသမျှ အကုန်လုံး ပျောက်ကင်းသွားပါတော့တယ်။ အခန်းထဲရောက်ပြီး တစ်အောင့်နား ရေမိုးချိုးပြီးတော ရုံးက လုပ်ဖော်ကိုင်ဖက်တွေနဲ့ Meeting စတင်ခဲ့ကြပါတယ်။ Meeting လုပ်မယ်ဆိုရင် Private meeting room ရှိပြီး အထဲမှာ Team Building၊ Training တို့အတွက်လည်း ပြင်ဆင်ပေးထားတာကို တွေ့မြင်ရပါတယ်။ လတ်ဆတ်တဲ့ လေကို ရှူရှိုက်ရင်း သာယာနာပျော်ဖွယ် အသံလေးတွေလည်း ကြားရတော့ Idea အသစ်တွေလည်း အားလုံး စဉ်းစားနိုင်ကြပါတယ်။


တစ်ခု ပြောချင်တာကတော့ ဒီResortမှာ အင်တာနက်လိုင်းမမိဘဲ WiFiကို စားသောက်ခန်းနဲ့ ဧည့်ကြိုခန်းမှာပဲ သုံးနိုင်တယ်ဆိုတာပါပဲ။ Meetingပြီးတော့ အပြင်ကို ထွက်ပြီး လျှောက်လည်ဖို့ စီစဉ်ထားခဲ့ပါတယ်။ အပြင် activitiesတွေအဖြစ် Trekking Tour၊ Biking၊ Driving Tour with Tractor၊ Bird Watching Tour၊ Elephant Showering၊ Sightseeing Tour to Cowshed၊ Teak plantation၊ Trekking Tour to Waterfall စတာတွေလည်း ပြုလုပ်နိုင်တယ်လို့ စုံစမ်းသိရှိခဲ့ကြပါတယ်။ ကျွန်တော်တို့ကတော့ ရိုးမတောကြီးထဲ စိမ်းစိုနေတဲ့ အပင်တွေကြား ငှက်မျိုးစုံကို ကြည့်ရှုရင်း Resortကို ပြန်လာခဲ့ကြပါတယ်။

နောက်ထပ် သဘော၀အလှတရားတွေကြား လှပတဲ့အရာတစ်ခုကတော့ နေဝင်ချိန်ပဲ ဖြစ်ပါတယ်။ Resortရဲ့ ညနေခင်း နေဝင်ချိန်အလှအဖြစ် တောင်တန်းတွေကြား နေမင်းကြီးက တိုးဝင်ပျောက်ကွယ်သွားတဲ့ ဆည်းဆာအလှတရားကို ကြည့်ရှုခံစားလိုက်ရတာကလည်း ဖိအားတွေ၊ မွန်းကျပ်မှုတွေကို သက်သာစေပါတယ်။


မနက်ကျတော့ Resortကနေ checkout ထွက်လာခဲ့ပြီး ပြည်အကောက်တောင်၊ သရေခေတ္တရာ ပျူမြို့ဟောင်းတို့ကို သွားလည်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ပျူမြို့ဟောင်းရောက်ချိန် ပြတိုက်နဲ့အတူ ရဟန္တာဂူဘုရား၊ ရဟန္တာကန်၊ ဘောဘောကြီးဘုရား၊ နဂါးတွန့်ဂိတ်တံခါး၊ ဗိဿနိုးဘုရင်မအုတ်ဂူ စတာတွေလိုက်ကြည့်ခဲ့ပါတယ်။ နေရာတစ်ခုနဲ့တစ်ခု နီးတယ်ထင်ခဲ့ပေမဲ့ ကားနဲ့တောင် တော်တော်လေး သွားရတော့ အံ့အားသင့်ခဲ့ရပါတယ်။ အဲ့ဒီနောက် အကောက်တောင်ကို သွားခဲ့ကြပြီး ထုံးဘိုမြို့ကို ရောက်လာခဲ့ပါတယ်။ အဲ့ဒီမှာ လှေတစ်စီးကို အသွားအပြန်ငှားပြီး သွားလည်လိုက်ကြပါတယ်။ Hijet တွေနဲ့လည်း သွားလို့ရတယ်လို့ စုံစမ်းသိရှိရပါတယ်။ အကောက်တောင်မှာ ဘုရားဖူးပြီးတော့ ပြန်ထွက်လာခဲ့ပါတယ်။ ပြန်ထွက်လာတော့ ညနေပိုင်းဖြစ်နေပြီဖြစ်ပြီး ရန်ကုန်ကို ညဘက်ကျမှ ပြန်ရောက်ခဲ့ကြပါတယ်။

ဒါကြောင့် ရုံးခန်းထဲပဲ Meetingတွေ လုပ်နေရလို့ Idea ခမ်းခြောက်နေသူတွေ၊ အဝေးကြီးမသွားချင်ပဲ စိမ်းစိမ်းစိုစို သာယာတဲ့နေရာမှာ အပန်းဖြေချင်သူတွေအတွက် Bago Yoma Eco Resortက စိတ်အပန်းဖြေစရာ နေရာတစ်ခုလို့ အကြံပြုပေးလိုက်ပါတယ်နော်။

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT  စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_travel




Some text some message..