ရှမ်းရွှေဥ(သို့) သဘာဝတရားနဲ့ ပြန်လည်ထိတွေ့ခြင်း
lotaya.mpt.com.mm
|
2022-09-01

ဒီတစ်ခေါက်ခရီးကတော့ ရန်ကုန်မြို့နဲ့ သိပ်မဝေးတဲ့ daytrip လေးတစ်ခုပါ။ ဒီနေရာလေးကို daytrip ထွက်ရတာ ကြိုက်တဲ့သူတော်တော်များများသိကြလိမ့်မယ်ထင်ပါတယ်။ ရှမ်းရွှေဥလို့ခေါ်ပါတယ်။ ရန်ကုန်ကနေ ၂ နာရီလောက် မောင်းရုံနဲ့ ရောက်တဲ့ ၁၄ မိုင် ၂ ဖာလုံ၊ ရန်ကုန်-ပုသိမ်လမ်းမကြီး ထန်းတပင်မြို့နယ်မှာရှိလို့ ရန်ကုန်နဲ့ တော်တော်လေး နီးပါတယ်။


အပန်းဖြေစခန်းတိုင်းလိုလိုက သစ်ပင်ပန်းပင်တွေနဲ့ သဘာဝကိုအနီးစပ်ဆုံး ဖန်တီးထားကြပြီး ရှမ်းရွှေဥကတော့ သဘာဝတရားကြီးအပြင် ရေပြင်ကျယ်ကြီးတွေနဲ့ပါ ပေါင်းစပ်နေတဲ့နေရာတစ်ခုပါ။ သွားဖူးသမျှထဲမှာတော့ တော်တော်လေးကျယ်တဲ့ အပန်းဖြေစခန်းပါ။ အနားယူစရာဘန်ဂလိုတွေ၊ အခန်းတွေလည်း အဆင်သင့်ရှိပါတယ်။ ရှမ်းဆိုင်ဖြစ်လို့ ရှမ်းအစားအစာ အစုံရပြီး အဝင်ဝမှာကတည်းက ဆိုင်းဘုတ်လှလှလေးနဲ့ ကြိုဆိုနေပါတယ်။


ဓာတ်ပုံရိုက်ချင်စရာနေရာတွေ အလျှံအပယ်ရှိလို့ ဓာတ်ပုံရိုက်ရတာကြိုက်တဲ့ မော်ဒယ်လေးတွေအတွက် နိဗ္ဗာန်ပါပဲ။ အဝင်မှာကတည်းကတွေ့ရတဲ့ ပန်းခြုံလှိုဏ်ခေါင်းလေးကတင် တော်တော်လေး ဆွဲဆောင်မှုရှိနေပါပြီ။ ရေကန်ဘောင်ပေါ်မှာ တည်ဆောက်ထားတဲ့ ဘန်ဂလိုလေးတွေကလည်း လှပသလို private ဆန်ဆန်လေးလည်း အနားယူလို့ရပါတယ်။ ကန်ဘောင်တစ်လျှောက်မှာလည်း ငှက်ပျောပင်တွေနဲ့ အခြားအပင်တွေ စိုက်ပျိုးထားတာကြောင့် နေပူမှာလည်း ကြောက်စရာမလိုပါဘူး။


နွေရာသီဆိုရင် ရေကန်ထဲမှာလည်း လှေစီးလို့ရပြီး ငါးလည်းမျှားလို့ရပါတယ်။ လှေစီးရင်းနဲ့ တစ်ခါတစ်လေ ငါးလေးတွေ ခုန်နေတာကိုတောင် မြင်တွေ့နိုင်ပါတယ်။ ကြာပင်တွေအပြည့်နဲ့ ရေကန်ကြီးပေါ်ကနေ ဖြတ်ထိုးထားတဲ့ တံတားလေးကလည်း တော်တော်လေးလှပါတယ်။ လမ်းလေးတွေကိုလည်း ကျောက်တွေနဲ့ခင်းထားပြီး တစ်ချို့နေရာတွေဆိုရင် နွယ်ပင်လေးတွေကို လမ်းပေါ်မှာ အုပ်မိုးထားတာကြောင့် တောအုပ်ထဲရောက်သွားသလိုတောင် ခံစားရပါတယ်။

စခန်းတစ်ခုလုံးက အဆောက်အဦးတွေကို သစ်တွေ၊ ဓနိမိုးလေးတွေနဲ့ တည်ဆောက်ထားလို့ နေပူမိုးရွာ ပူစရာမလိုပဲ မြင်ကွင်းတွေကိုတောင် ပိုလှသွားစေပါတယ်။ စားသောက်ဆိုင်လေးကလည်း မီးအိမ်လေးတွေ၊ နှီးခုံလေးတွေနဲ့ နေဝင်ချိန်ဆိုရင် ပိုလို့တောင် ကြည်နူးစရာကောင်းနေပါတယ်။ စားသောက်ဆိုင်မှာ လူရှုပ်လို့ထိုင်မစားချင်ဘူးဆိုလည်း နားနေရာ ဘန်ဂလိုလေးတွေကို လာပို့ခိုင်းလို့ရပါသေးတယ်။ အေးအေးဆေးဆေး သီးသန့်အနားယူချင်သူတွေအတွကလည်း ဟိုတယ်ခန်းလေးတွေ ရှိပါတယ်။


အခန်းလေးကလည်း သန့်ပြန့်ပြီး ကန်ဘောင်မှာပဲ တည်ဆောက်ထားတာဖြစ်လို့ ရှမ်းရွှေဥရဲ့ အလှတွေကို လွတ်သွားမှာ မဟုတ်ပါဘူး။ ပန်းပင်လေးတွေလည်း စိုက်ပျိုးထားပြီး ပျိုးပင်လေးတွေလည်း ပျိုးထားတာတွေ့ရပါတယ်။ အပန်းဖြေစခန်းထဲ ပတ်လျှောက်ကြည့်ရင်တောင် နေရာစုံမှာမဟုတ်ပါဘူး။ ရေပြင်ရှုခင်းနဲ့ ဒန်းလေးတွေမှာ ဓာတ်ပုံရိုက်မယ်၊ ငါးမျှားမယ်၊ လှေစီးမယ်၊ ဝါးတန်းလမ်းလေးတွေမှာ လမ်းလျှောက် ဒီလိုနဲ့ အချိန်ကုန်လို့ကုန်မှန်းတောင် သိမှာမဟုတ်ပါဘူး။

မြို့ပြရဲ့မွန်းကျပ်မှုတွေ၊ အလုပ်ရဲ့ဖိအားတွေကို ကင်းလွတ်စေဖို့ ခုလိုနေ့ချင်းပြန် အပန်းဖြေခရီးလေးတွေက ငွေကုန်တာနဲ့တန်တဲ့ စိတ်အပန်းပြေမှုလေးကို ပြန်ရနိုင်မှာပါ။ ကိုယ်သွားခဲ့တဲ့နေရာမှာ ရိုက်ခဲ့တဲ့ပုံလေးတွေကို အိမ်ပြန်ရောက်မှ ပြန်ကြည့်ပြီး အဲဒီမှာဘာဖြစ်ခဲ့တာ၊ ဒါကဘယ်လို စသဖြင့် ပြန်ပြီးပြောရတဲ့ အရသာကလည်း တစ်ခေါက်ပြန်ရောက်သွားသလို ခံစားရစေမှာပါ။ ဒီလောက်ဆိုရင်တော့ ရှမ်းရွှေဥဆိုတဲ့ ထန်းတပင်မြို့က အပန်းဖြေစခန်းလေးကို ကိုယ်တိုင်လည်ပတ်ရသလို ခံစားရစေလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT  စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_travel




Some text some message..