စမ်းချောင်းလေးနဲ့ အပန်းဖြေစခန်း View Point Zin Gyike
lotaya.mpt.com.mm
|
2022-09-06

အပန်းဖြေစခန်းတွေချည့်ပဲ သွားနေရတာ ရိုးလာပြီလား၊ ဒါဆိုအထူးအဆန်းလေး ဖြစ်သွားအောင် တောင်ကျချောင်းလေးနဲ့ အရမ်းလှတဲ့ သဘာဝအပန်းဖြေစခန်းလေးတစ်ခုအကြောင်း ပြောပြမယ်။ နာမည်လေးကတော့ Viewpoint ZinGyike ပါတဲ့။ တောင်တက်ခရီးတွေ၊ နေ့ချင်းပြန်ခရီးတွေလိုမျိုး မဟုတ်ပဲ သူကတော့ သဘာဝအတိုင်းရှိနေတဲ့ နေရာလေးတစ်ခုပါ။ တောင်တက်ရတာကြိုက်တဲ့ သူတွေနဲ့လည်း ကွက်တိကျမှာပါ။


နေရာလေးကတော့ မွန်ပြည်နယ် ဇင်းကျိုက်ရေတံခွန်သွားတဲ့လမ်းအတိုင်း သွားရမှာဖြစ်ပြီး ကုလားမတောင်သို့ဆိုတဲ့ လမ်းခွဲလေးရောက်တာနဲ့ ချိုးချသွားရုံပါပဲ။ တောင်တက်ရမှာဆိုပေမယ့် တောင်အောက်ကနေ တောင်ပေါ်ရောက်ဖို့ ကားနဲ့ တက်ရင် ၃ မိနစ်လောက်သာ သွားရပါတယ်။ ရေကူး၊ ရေစိမ်ချင်တဲ့ သူတွေအတွက် သဘာဝအတိုင်း စီးဆင်းနေတဲ့ တောင်ကျစမ်းချောင်း အေးအေးလေးကလည်း အသင့်စောင့်နေပါတယ်။ ရေလေးက အေးမြပြီးကြည်လင်နေတဲ့ အပြင်ရေကျသံလေးတွေကလည်း လုံးဝကို စိတ်အပန်းပြေစေပါတယ်။ မိုးရာသီမှာတော့ ရေပိုများပြီး စိမ်းစိုနေတဲ့ ပတ်ဝန်းကျင်ကြောင့် ပိုပြီးနေလို့ကောင်းတယ်။


ခရီးဝေးကလာရလို့ တည်းခိုစရာမရှိမှာလည်း ပူစရာမလိုဘူး။ သူတို့ဆီမှာ မွန်ရိုးရာအိမ်တစ်လုံးနဲ့ ကရင်ရိုးရာအိမ်တစ်လုံး တည်ဆောက်ထားတာကြောင့် ညအိပ်ညနေလည်း တည်းခိုလို့ရပါတယ်။ စားသောက်ဆိုင်နဲ့လည်း တွဲဖွင့်ထားတာကြောင့် မွန်ရိုးရာအစားအသောက်တွေအပါအဝင် အရမ်းအရသာရှိတဲ့ အစားအသောကတွေကိုလည်း မြည်းစမ်းနိုင်မှာ ဖြစ်ပါတယ်။ စမ်းချောင်းပေါ်မှာ ဖြတ်ပြီးထိုးထားတဲ့ သစ်သားတံတားလေးတွေ၊ စမ်းချောင်းနံဘေးက ကျောက်တုံးကြီးတွေနဲ့ ဒီနေရာလေးရဲ့ အလှက တမူထူးခြားနေပါတယ်။


ဗျူးပွိုင့်ဇင်းကျိုက်ဆိုတဲ့အတိုင်း သူတို့ရဲ့ဗျူးပွိုင့်နေရာကတော့ အမိုက်ဆုံးပါ၊ မျှော်မဆုံးတဲ့ အစိမ်းရောင် သဘာဝရှုခင်းကြီးက ဓာတ်ပုံရိုက်လိုက်ရင် အလှဆုံးနောက်ခံမြင်ကွင်းကို ရရှိစေမှာပါ။ ဗျူးပွိုင့်သွားတဲ့ လမ်းမှာလည်း သစ်သား၊ သစ်ပင်တွေနဲ့ပဲ လုပ်ထားတဲ့ တံတားလေးတွေကို ဖြတ်သန်းသွားနိုင်ပါတယ်။ ရေကတော့ တော်တော်ကြည်တာပါ၊ တောင်ပေါ်မှာလည်းဖြစ်လို့ ငှက်သံ၊ ရေသံလေးတွေနဲ့ တရေးတမောတောင် အိပ်လို့ရပါတယ်။ The Rock Bar ဆိုတဲ့ ဘားတစ်ခုလည်းရှိတာကြောင့် သောက်တတ်သူတွေအတွက်လည်း အဆင်ပြေတယ်။


ရေကစား၊ နေ့လည်စာ စားသောက်ပြီးလျှင်  ပြန်ဆင်းပြီး မြို့ပေါ်မှာ တည်းခိုနိုင်သလို၊ အဲ့ဒီမှာပဲ ညအိပ်နေပြီးမနက်မှ ပြန်လည်းရပါတယ်။ မွန်ပြည်နယ်မှာ လည်ပတ်စရာနေရာတွေ အများကြီးရှိတဲ့ထဲကမှ ဇင်းကျိုက်ရေတံခွန်နဲ့လည်းနီးတဲ့ Viewpoint ZinGyike ကို သွားရောက်အနားယူသင့်တဲ့ နေရာလေးတစ်ခုအဖြစ် ညွှန်းပေးလိုက်ရပါတယ်။ ဒီလောက်ဆိုရင်တော့ သွားချင်စိတ်တွေပေါ်လာလောက်ပြီ ထင်ပါတယ်။

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT  စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_travel




Some text some message..