ရန်ကုန်မြို့နားက အညာဒေသ သို့မဟုတ် သူကြီးအိမ်အပန်းဖြေ Resort
lotaya.mpt.com.mm
|
2022-09-13

အညာဒေသတွေက ပူပေမယ့် နေ့ခင်းနေ့လည် အရိပ်အောက်မှာ အနားယူရတဲ့ ခံစားချက်က ဘာနဲ့မှ လဲလို့မရပါဘူး။ သစ်ပင်ကြီးတွေ၊ တဲအိမ်လေးတွေ လယ်ကွင်းတွေနဲ့ အညာဒေသကို တစ်ခါတစ်လေကျတော့ လွမ်းမိပါရဲ့။ အခုတော့ အဲ့ဒီနေရာတွေထိ သွားစရာမလိုတဲ့ ရန်ကုန်မြို့နားလေးက အညာဒေသလေးတစ်ခု ရှိနေပါပြီး။ အဲ့ဒီနေရာလေးကိုတော့ သူကြီးအိမ်လို့ခေါ် ပြီး သန်လျင်ကျောက်တန်းမြို့မှာတင် ရှိလို့ လိုင်းကားနဲ့လည်း သွားလို့ရသလို ကိုယ်ပိုင်ကားလေးနဲ့လည်း သက်သောင့်သက်သာသွားလို့ရပါတယ်။ အချိန်အားဖြင့်လည်း ၁ နာရီခွဲကနေ အလွန်ဆုံး ၂ နာရီလောက်သာလိုတာကြောင့် အနားယူလို့ အကောင်းဆုံးနေရာတစ်ခုပဲ ဖြစ်ပါတယ်။


သူကြီးအိမ်ဆိုပေမယ့် သူကြီးနဲ့တော့ မတွေ့ရဘူးပေါ့နော်၊ ဒါပေမယ့် အပန်းဖြေစခန်းနားမှာ စီးဆင်းနေတဲ့ မြစ်ရယ်၊ သစ်ပင်ကြီးပေါ်မှာ ဆောက်ထားတဲ့ အိမ်လေးတွေ၊ အနားယူလို့ရမယ့် သစ်သားဘန်ဂလိုလေးတွေနဲ့ ဓာတ်ပုံရိုက်စရာနေရာတွေလည်း အများကြီးရှိပါတယ်။ အခြားအပန်းဖြေစခန်းတွေနဲ့ မတူတာက နှစ်ချို့သစ်ပင်အကြီးကြီးတွေကို လှပစွာထိန်းသိမ်းထားတာ တွေ့ရပါတယ်။ ဧကတစ်ရာကျော်ရှိတဲ့ မြေပေါ်မှာ တည်ဆောက်ထားတာဖြစ်လို့ တော်တော်လေးလည်း ကျယ်ပါတယ်။


ငါးကန်အကျယ်ကြီးတွေနဲ့ ကန်ပေါ်မှာဆောက်ထားတဲ့ တဲကြီးတွေလည်းရှိလို့ အေးအေးဆေးဆေး ငါးမျှားလို့ရပါတယ်။ ဒါမှမဟုတ် လှုပ်ရှားရတာကြိုက်တယ်ဆိုရင်တော့ ဆိုင်ကယ်စီးတာ၊ လှေစီးတာနဲ့ မြင်းစီးတာတွေကိုလည်း လုပ်လို့ရပါသေးတယ်။ သစ်ပင်ပေါ်မှာ ဆောက်ထားတဲ့အိမ်လေးကတော့ အလှဆုံးနဲ့ ဆွဲဆောင်မှုအရှိဆုံးပါပဲ။ ဓာတ်ဖမ်းချင်စရာနေရာတွေလည်း အများကြီးလုပ်ပေးထားတာကြောင့် ပုံတင်ရတာကြိုက်တဲ့ သူတွေအတွက်တော့ paradiseပါ။ စားသောက်ဆိုင်လည်း တစ်ပါတည်းဖွင့်လှစ်ထားလို့ ရှယ်စား၊ ရှယ်နားရုံပါ။


အော်ဂဲနစ်ခြံလည်း စိုက်ပျိုးထားတာကြောင့် အပြန်ကျရင် အသီးအနှံတွေကိုပါ တစ်ခါတည်းဝယ်သွားလို့ရပါတယ်။ ကော့သောင်းဖက်က အပန်းဖြေစခန်းတွေမှာ တွေ့ရတတ်တယ် ငှက်သိုက်ပုံစံ ဓာတ်ဖမ်းစရာနေရာလေးတွေလည်း အသစ်ထပ်လုပ်ထားပါသေးတယ်။ နောက်ထပ်ထူးခြားချက်တစ်ခုကတော့ နေကြာစိုက်ခင်းကြီးပါ ရှိနေတာပါ။ နေကြာပန်းဆိုတာ ဓာတ်ပုံရိုက်ရင် ဘယ်လောက်ထိ လှလဲဆိုတာ သိကြမှာပါ။ ပြီးတော့ ထိုင်းနိုင်ငံမှာပဲရှိတဲ့ အုန်းချိုမွှေးပင်တွေလည်း စိုက်ပျိုးထားတာကြောင့် လတ်လတ်ဆတ်ဆတ် ခူးသောက်လို့ရပါသေးတယ်။ ကလေးတွေအတွက် ကစားလို့ရမယ့်နေရာလေးတွေလည်း ရှိသလိုထူးထူးခြားခြား အညာဒေသမှာလိုမျိုး ရွှံ့လူးရင်း ငါးနှိုက်လို့တောင် ရပါတယ်တဲ့။


ရန်ကုန်မြို့နဲ့အနီးဆုံးနေရာ သန်လျင်ကျောက်တန်းမြို့ သံတဲကမ်းခြေသွားတဲ့လမ်းပေါ်မှာရှိပြီး မှော်ဝန်းတံတားအကျော် စင်မကော်ကျေးရွာမှာ တည်ရှိပါတယ်နော်။ နေ့ချင်းပြန်သွားလို့အကောင်းဆုံးနေရာ တစ်ခုဖြစ်လို့ သွားကြည့်ကြဖို့ recommend ပေးပါတယ်။ ဒီလောက်ဆိုရင်တော့ သူကြီးအိမ်မှာ ဘာတွေရှိလဲ၊ ဘာတွေလုပ်လို့ရမလဲဆိုတာကို သိသွားလောက်ပြီထင်ပါတယ်။ ကိုယ်တိုင်သွားကြည့်လိုက်ရသလို ခံစားရမယ်လို့ မျှော်လင့်ပါတယ်။

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT  စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_travel




Some text some message..