
ဒီတစ်ပတ်ရုံးပိတ်ရက်မှာတော့ ကျွန်တော်တို့ မိသားစု တောင်ဇလပ်ပန်းတွေပွင့်တယ်လို့ နာမည်ကြီးတဲ့ ဟိုပုံးမြို့က မဲနယ်တောင်ကို ရောက်ခဲ့ပါတယ်။ ရင်သပ်ရှုမောအောင်လှတဲ့ နေရာလေးဖြစ်ပြီး ချင်းပြည်နယ်မှာပဲ ပွင့်တယ်လို့ ထင်ခဲ့တဲ့ တောင်ဇလပ်ပန်းတွေကို ရှမ်းတောင်မှာတွေ့ရတာ အံ့အားသင့်စရာပဲ ဖြစ်ပါတယ်။ ဒီနေရာကို သွားဖို့က အရမ်းမခက်ပေမယ့် လွယ်ကူတဲ့ခရီးတစ်ခုတော့ မဟုတ်ပါဘူး။
မဲနယ်တောင်ကို တောင်ဇလပ်ပန်းပွင့်တယ်ဆိုလို့ သွားရောက်လည်ပတ်ဖြစ်ခဲ့တာဖြစ်ပြီး ကျောက်က္ကချားရွာက တိုင်တစ်ရာကျောင်းကိုလည်း သွားရောက်လည်ပတ်ဖို့ စီစဉ်ထားခဲ့ပါတယ်။ ရန်ကုန်ကနေ တောင်ကြီးကို တိုက်ရိုက် ဘက်စ်ကားစီးသွားခဲ့ပြီး တောင်ကြီး-တာချီလိတ်လမ်းအတိုင်း ဟိုပုံးမြို့ကို ရောက်ရှိလာခဲ့ပါတယ်။ ဟိုပုံမြို့ကနေ အဆိုပါလမ်းအတိုင်း ဆက်သွားရင် ထမ်ဆန်းဂူသို့ မရောက်ခင် လမ်းခွဲတစ်ခုတွေ့ရမှာပါ။ အဆိုပါ လမ်းခွဲမှာ အထူးဒေသ၆လို့ ဆိုင်းဘုတ်ထူထားပြီး အနီးမှာ မောက်ကထောဆိုတဲ့ရွာ ရှိပါတယ်။

ထိုကားလမ်းလေးအတိုင်းဆက်သွားရင် ထီးလင်းရွာ၊ ထီဗွာရွာနဲ့ ခိုခြဲရွာစတဲ့ ရွာတွေကို ဖြတ်ရပါတယ်။ အဲ့ဒီနောက် နမ်းဟူးဆိုတဲ့ရွာမရောက်ခင် ကားတစ်စီးသာသွားလို့ရတဲ့ ကားလမ်းကျဉ်းလေးတစ်ခု ထပ်တွေ့ပါမယ်။ စငေါ့ရွာဆိုတဲ့ရွာကို ဖြတ်ပြီးရင် တောင်အတက်ခရီးစတင်ပါပြီ။ ရွာမဝင်ခင် ဘုန်းကြီးကျောင်းသို့ဆိုတဲ့ လမ်းခွဲလေးရှိပြီး ထမ်ဆန်းဂူကိုဝင်လိုက်ရင် အဆိုပါဖြတ်လမ်းအတိုင်း သွားနိုင်ပါတယ်။ မဲနယ်တောင်ကို တက်ဖို့ ရွာထဲကို ဆက်ဝင်ရပြီး တောင်တက်လမ်းအတိုင်း တက်သွားရပါတယ်။ တေင်ပေါ်တက်သွားရင် လမ်းတစ်ဝက်မှာ ကြည်လင်အေးမြတဲ့ ရေကန်ကို တွေ့ရမှာဖြစ်ပြီး ရေသန့်လို သောက်သုံးနိုင်မယ်လို့ သိရပါတယ်။ အဆိုပါနေရာမှာ အေးဆေးအနားယူပြီး တောင်ပေါ်ဆက်တက်ခဲ့ပါတယ်။
တောင်ပေါ်သို့ရောက်တဲ့အချိန် ပကတိသဘာ၀တရားအတိုင်း လှပနေတဲ့ တောင်ပေါ်အလှကို တွေ့မြင်ရပါတယ်။ ပေပေါင်း ၈၂၀၀ရှိတာကြောင့် တောင်ဇလပ်ပန်းတွေပွင့်တဲ့နေရာ ဖြစ်နေတာလို့လည်း မှတ်သားရပါတယ်။ တောင်ထိပ်ပတ်ပတ်လည်မှာ တောင်ဇလပ်ပန်းတွေပွင့်နေပြီး အခြားနေရာတွေမှာ တောနက်၊ တောင်စွယ်အထပ်အထပ်တွေကို တွေ့မြင်ရပါတယ်။ ပင်စိမ်းသီးပင်တွေ၊ နွယ်ရိုင်းပင်တွေ၊ သဘာ၀အတိုင်းလှပနေတဲ့ ပန်းရောင်စုံကိုလည်း တောင်တွေပေါ် တွေ့မြင်ရပါတယ်။ မဲနယ်တောင်တန်းကြီးက အရှည်ကြီးဖြစ်တာကြောင့် တစ်ဦးနဲ့တစ်ဦးရောက်တဲ့နေရာ တူညီနိုင်မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ကတော့ တောင်ဇလပ်ပန်းတွေပွင့်နေတဲ့ တောင်ထိပ်ကိုရောက်ခဲ့ပြီး စေတီလေးတစ်ဆူလည်း ရှိနေတာကို တွေ့မြင်ရပါတယ်။ မြတ်စွာဘုရားရဲ့ ခြေတော်ရာလည်းရှိတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။ တောင်ရဲ့အရှေ့ဘက်လျှိုထဲမှာ သားရဲတိရစ္ဆာန်တွေရှိသေးတယ်လို့ သိရပြီး အမဲလိုက်လူငယ်တွေကိုလည်း မကြာခဏ တွေ့မြင်ရပါတယ်။

ကျွန်တော်တို့က တောင်ပေါ်မှာ ညအိပ်ဖို့ စီစဉ်ထားတာကြောင့် Tentတွေ ယူဆောင်လာကြပြီး ညနေဘက် နေဝင်ချိန်ကို ခံစားကြည့်ရှုပြီးနောက် တောင်ပေါ်ရှိ ဘုန်းကြီးကျောင်းကို ချက်ပြုတ်စားသောက်ကာ အနားယူခဲ့ကြပါတယ်။ အဲ့ဒီနောက် နေထွက်ချိန်အလှကို ခံစားကြည့်ရှုခဲ့ကြပြီး စိတ်ထဲမှာ အေးမြလန်းဆန်းမှုတွေကို ခံစားခဲ့ရပါတယ်။ မနက်ခင်းမှာ တောင်ပေါ်စေတီလေးက တိမ်တိုက်တွေကြား ကြည်ညိုဖွယ်ရာအဖြစ် တွေ့မြင်ရပါတယ်။ ကျွန်တော်တို့သွားတဲ့အချိန်က ဒီဇင်ဘာလဖြစ်တာကြောင့် တောင်ထိပ်ဖျားပေါ်မှာ တောင်ဇလပ်ပန်းတွေရော၊ ချယ်ရီပန်းတွေကိုပါ တွေ့ခဲ့ရပါတယ်။ တောင်ပေါ်အလှတွေကို တ၀ကြီးကြည့်ရှုခံစားခဲ့ပြီးနောက် တောင်ပေါ်က ပြန်ဆင်းဖို့ စီစဉ်ခဲ့ကြပါတယ်။

တောင်ပေါ်ကအဆင်းမှာတော့ သာယာလှပတဲ့ ဒုံကောင်ရွာကို ရောက်ရှိခဲ့ပါတယ်။ အခြားဒေသနဲ့မတူ ဒီရွာရဲ့ ထူးခြားချက်ကတော့ မည်သည့်အိမ်ကိုမဆို ဝင်ရောက်လည်ပတ်တာနဲ့ ထမင်းဖြင့် ဧည့်ခံကျွေးမွေးခြင်းခံရတာပဲ ဖြစ်ပါတယ်။ ဒီရွာကနေ ထမ်ဆန်းဂူကို သွားရောက်လည်ပတ်နိုင်တယ်လို့လည်း သိရပါတယ်။ အပြန်မှာတော့ စီစဉ်ထားတဲ့အတိုင်း တိုင်တစ်ရာကျောင်းကို သွားရောက်လည်ပတ်ခဲ့ကြပါသေးတယ်။ အဲ့ဒီနောက် နာမည်ကျော် တို့ဟူးသုပ်ကို စားရင် တောင်ကြီးကို ပြန်လည်ထွက်ခွာလာခဲ့ကြပါတော့တယ်။ မဲနယ်တောင်ခရီးစဉ်ဟာ သဘာ၀တရားအတိုင်းရှိပြီး စွန့်စားခန်းဖွင့်လို့ကောင်းတဲ့ နေရာတစ်ခုလို့ ပြောချင်ပါတော့တယ်။
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_travel