
ဒီတစ်ခေါက်ခရီးစဉ်ကတော့ ရန်ကုန်မြို့နဲ့မနီးမဝေး နေရာလေးတစ်ခုက ထူးထူးခြားခြား စက်ဘီးစီးအပန်းဖြေစခန်းလေးတစ်ခုကို သွားဖြစ်ခဲ့ပါတယ်။ လမ်းညွှန်အနေနဲ့ကတော့ နေပြည်တော်အမြန်လမ်း ၁၄ မိုင် ၆ ဖာလုံမိုင်တိုင်အကျော် ဇနကာရာမတောရသို့ဆိုတဲ့ ဆိုင်းဘုတ်လေးကနေ ကွေ့ပြီး ၂မိနစ်ခန့် မောင်းရင် ပဲခူး-တိုက်ကြီးလမ်းမပေါ်ရောက်မယ် အဲ့ဒီကနေ ၁၀-၁၅ မိနစ်ခန့် မောင်းပြီးရင် အလိုင်နီရေလှောင်တမံသို့ဆိုတဲ့ ဆိုင်းဘုတ်အပြာလေး လမ်းဘယ်ဘက်ခြမ်းမှာပါလိမ့်မယ်။ အဲ့ဒီကနေ တည့်တည့်ဆက်မောင်းရင် ရွာတွေ့ပါလိမ့်မယ် အဲ့ဒီအတိုင်းဆက်မောင်းပြီး လမ်းဆုံရောက်ရင် ညာချိုးလိုက်ပါ အလိုင်နီတမံကိုရောက်ပါပြီ။ လမ်းညာဘက်ခြမ်းက အလိုင်နီအနားယူအိမ်ငယ်နှင့် စက်ဘီးစခန်းဆိုပြီး တွေ့မှာပါ။

နေ့ချင်းပြန်ရော၊ ညအိပ်ရောနေလို့ရပြီး အပန်းဖြေအိမ်ငယ်လေးထဲမှာတော့ ၂ ယောက် အိပ်ရာ ၂ ခုစီပါဝင်တဲ့ အိပ်ခန်း ၂ ခန်းရှိတာမို့ လူ ၈ ယောက်လောက်ထိ ညအိပ်ညနေ အနားယူနိုင်ပါတယ်။ အိမ်ထဲမှာ ရေချိုးခန်းအိမ်သာတွဲလျက်ပါရှိပြီး သီးသန့်သန့်စင်ခန်း ၃ ခုလည်း ရှိပါသေးတယ်။ ခြံထဲမှာ tent ၂ ခုရှိပြီး တစ်လုံးကို လူ ၂ ယောက် နေလို့ရပါတယ်။ စက်ဘီးစီးအပန်းဖြေစခန်းဖြစ်တာကြောင့် ကျားစီး၊ မ စီး၊ ကလေးစီး စတဲ့စက်ဘီးမျိုးစုံလည်း ရှိပါတယ်။ စက်ဘီးစီးလမ်းကြောင်းအမျိုးမျိုးလည်း ဖန်တီးပေးထားပြီး တမံတစ်လျှောက် သွားရတဲ့ အလိုင်နီလမ်းကြောင်း၊ ရာဘာသစ်တောလမ်းကြောင်းစတဲ့ လမ်းကြောင်းတွေကို စီးနိုင်ပါတယ်။

နောက်တစ်ခုကတော့ ဆည်ထဲမှာ ရေဆင်းကူးလို့ရပါတယ်။ ရေကူးလို့ရတဲ့နေရာတွေ အများကြီးရှိပြီး ရေကူးကန်မှာ ရေကူးရတာနဲ့မတူပဲ ရှုခင်းကောင်းကောင်းလေးတွေကို ခံစားရင်း ရေကူးရတဲ့ဖီလင်က အရမ်းကောင်းပါတယ်။ ရေကူးမယ်ဆိုရင်တော့ Life Jacket စနစ်တကျဝတ်ပြီးမှ ကူးခွင့်ရှိပြီး ရေကူးလို့ရတဲ့ နေရာတွေကိုတော့ ဝန်ထမ်းလေးတွေက လိုက်ပြပေးပါတယ်။ ရေကူးပြီးရင်တော့ ညနေပိုင်း sunset လေးကြည့်ရင်း ညစာစား၊ တမံပေါ်မှာ လရောင်လေးကြည့်ရင်း လမ်းလျှောက်ရတာကလည်း ထူးခြားခံစားချက်လေး ရရှိစေပါတယ်။

တဲကိုပြန်ရောက်တော့ မီးလှုံ၊ အသားကင်လေးနဲ့ ဝိုင်လေးနဲ့သောက်ရင်း အပေါင်းအသင်းတွေနဲ့ စကားစမြည်းပြောရင်း အိပ်ရာဝင်ခဲ့ကြတယ်။ မနက်စောစောလေး ပြန်ထပြီး မနက်ခင်းလေကောင်းလေသန့်လေးကို ရှုရှိုက်ရင်းတမံပေါ် ပြေးရတာက ကျန်းမာရေးနဲ့လည်း ညီညွှတ်စေပါလိမ့်မယ်။ ပြီးရင်တော့ မနက်စာစား ရှုခင်းလေးကြည့်ရင်း စာလေးဘာလေးဖတ်ပေါ့။ ပြီးရင်တော့ နေ့လည်ပိုင်းလောက်မှာ အိမ်ပြန်ခဲ့တယ်။

နေ့ချင်းပြန်လည်းသွားလို့ရသလို စိတ်လက်အပန်းဖြေဖို့ အကောင်းဆုံးနေရာ တစ်ခုလို့ပဲ ညွှန်းလိုက်ချင်ပါတယ်။ ဒီခရီးစဉ်လေးအကြောင်း ဖတ်ပြီးရင်တော့ Alaingni – Cottage & Bicycle Station ကို သွားချင်သွားမယ်ထင်ပါတယ်။ သွားကြည့်ပြီး ကိုယ်တိုင်ခံစားကြည့်လိုက်တာ အကောင်းဆုံးပါလို့ ပြောချင်ပါတယ်။
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_travel