
ဒီတစ်ခေါက်မှာတော့ သမိုင်းကြောင်းတွေထဲ တစ်ဖန်ပြန်ခေါင်းနှစ်ဖို့ စီစဉ်ခဲ့ပြီး စိတ်ဝင်စားစရာ သမိုင်းကြောင်းတွေနဲ့ ပြည့်နှက်နေတဲ့ သရေခေတ္တရာ ပျူမြို့ဟောင်းကို သွားလေ့လာဖြစ်ခဲ့ပါတယ်။ သရေခေတ္တရာ ပျူမြို့ဟောင်းက ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့ရဲ့အရှေ့တောင်ဘက် ၅မိုင်ခန့်အကွာ မှော်ဇွာကျေးရွာမှာ တည်ရှိပြီး မြန်မာတွေအတွက် ကမ္ဘာ့အလယ်မှာ ဂုဏ်ယူဝံ့ကြားစွာ ပြောနိုင်မယ့် မြို့ဟောင်းတစ်ခု ဖြစ်ပါတယ်။ ရန်ကုန်ကနေ ပြည်အထိ ၁၇၉မိုင်ကွာဝေပြီး မနက် ၅နာရီလောက် စထွက်ခဲ့ရာမှာ နေ့လည် ၂နာရီလောက် ပြည်မြို့ကို ရောက်ရှိခဲ့ပါတယ်။

ပြည်မြို့မှာဆိုရင်လည်း ရွှေဆံတော်ဘုရား၊ ဆယ်ထပ်ကြီးဘုရားတို့ကို ဖူးမြော်နိုင်သလို အခြားလည်ပတ်စရာနေရာတွေ အများကြီးလည်း ရှိနေပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ သရေခေတ္တရာမြို့ဟောင်းကို ဦးတည်သွားရောက် လေ့လာခဲ့ကြပါတယ်။ ပျူမြို့ဟောင်းဟာ အေဒီ ၄ရာစုကနေ ၉ရာစုအတွင်း စတင်ထွန်းကားခဲ့သော ရှေးဟောင်းမြို့တစ်ခု ဖြစ်ပြီး မြို့ရိုးပတ်ပတ်လည်းက ၈မိုင် ၅ဖာလုံရှိကာ ဧရိယာက ၅.၅ စတုရန်းမိုင် ကျယ်ဝန်းပါတယ်။ ၂၀၁၄ခုနှစ်မှာ ကမ္ဘ့ာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခံခဲ့ရပြီး သရေခေတ္တရာမြို့ဟာ မြန်မာနိုင်ငံမှာ ပထမဆုံး ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ခဲ့တာလို့လည်း မှတ်သားရပါတယ်။ သရေခေတ္တရာမြို့ဟောင်းမှာ အများဆုံးတွေ့ရတာက လူအရိုးနဲ့ အရိုးပြာအိုးတွေ အများဆုံးဖြစ်ကာ ဒင်္ဂါးတွေ၊ ဆင်းတုတော်တွေ၊ ပျူခေတ်ကချေသည်ရုပ်တွေနဲ့ ရွှေပေလွှာတွေလည်း တူးဖော်တွေ့ရှိခဲ့ရပါတယ်။

မြို့ဟောင်းအလယ်ဗဟိုမှာ နန်းတော်ကုန်းလို့ခေါ်တဲ့ စတုဂံအုတ်ရိုးကာထားတဲ့ ကုန်းမို့မို့ကို တွေ့နိုင်ပြီး တောင်ဘက်မြို့ရိုးအပြင်ဘက်မှာ အရှေ့ပျူတိုက်၊ အနောက်ပျူတိုက်၊ ဗိဿနိုးမြို့နဲ့ ဗိဿနိုးမိဖုရားသချိုင်းတို့ ရှိနေပါတယ်။ မြို့ဟောင်းထဲမှာ လေ့လာစရာတွေ အများကြီးရှိနေပြီး ဘုရားကြီး၊ ဘုရားမ၊ ဘောဘောကြီး စေတီတွေဟာလည်း ပျူခေတ်က လက်ရာတွေဖြစ်တဲ့အတွက် လေ့လာဖြစ်ခဲ့ပါတယ်။
အလားတူ ဗိဿနိုးမိဖုရားသချိုင်း၊ ရဟန္တာဂူဘုရား၊ ရဟန္တာရေကန်၊ သံမယ်နု ပန္နစိုက်ရာနေရာ၊ မြို့ဝင်တံခါးပေါက်တွေ၊ မသီးကျကုန်း၊ ဦးခင်ဘကုန်း၊ ဘုရားထောင်၊ ကုန်းအမှတ် ၅၃ ပျူသချိုင်း၊ သီရိခေတ္တရာယဉ်ကျေးမှုပြတိုက်တွေကိုလည်း သွားရောက် လေ့လာခဲ့ပါတယ်။ အားလုံးက အုတ်ရိုးတွေ၊ အုတ်ပုံတွေ ဖြစ်ပေမယ့် ခေတ်ဟောင်းနဲ့ ခေတ်သစ်ဆက်သွယ်ထားသလို ခံစားချက်မျိုး ရရှိစေပါတယ်။

အဲ့ဒီနောက် ပြည်မြို့မှာ တစ်ညအိပ်ခဲ့ပြီး မနက်အစောကြီးထကာ ရန်ကုန်မြို့ကို ပြန်လည်ထွက်ခွာလာခဲ့ပါတော့တယ်။ သရေခေတ္တရာမြို့ဟောင်းကို သွားရောက်လည်ပတ်ရင်း ရှေးခေတ် ပျူယဉ်ကျေးမှုနဲ့ လက်ရာတွေကို လေ့လာမှတ်သားခဲ့ရကြောင်း မိတ်ဆွေတို့ကို ပြန်လည် ဖောက်သည်ချပေးလိုက်ပါတယ်။
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_travel