
အလုပ်တွေပိလို့ စိတ်ရောလူရော အရမ်းပင်ပန်းနေပြီလား ? ဒါဆို သင် relax လုပ်ဖို့ လိုပါတယ်။ အဲဒီတော့ ရန်ကုန်မြို.နဲ့ အနီးဆုံးမှာရှိပြီး စိတ်အပန်းဖြေဖို့ အသင့်တော်ဆုံး နေရာတစ်ခုကိုရွေးချယ်ဖို့ လိုအပ်လာပါပြီ။ အခုတလော ရန်ကုန်မြို့နဲ့ အနီးတဝိုက်ကို သွားတဲ့နေ့ချင်းပြန်ခရီးတိုလေးတွေ အရမ်းခေတ်စားလာပါတယ်။ အထူးသဖြင့် camping ထွက်တဲ့အလေ့အထက လူကြိုက်များလာတဲ့ အလျောက် campsite လေးတွေလည်း အသီးသီး ပေါ်လာတယ်။ ဒီထဲမှ ကျွန်တော်တို့သွားခဲ့တဲ့ campsite လေးကတော့ Hmawbi Camping ပဲဖြစ်ပါတယ်။

မှော်ဘီမြို့ ပန်းတစ်ပွင့်တောင် သွားတဲ့လမ်းပေါ်မှာပဲရှိပြီး ဝင်ဝင်ချင်းမှာပဲ ရာဘာတောကြီးထဲက လမ်းလေးကနေ ဖြတ်သွားရတာဖြစ်လို. တောတွင်းခံစားချက်ကို ရရှိမှာဖြစ်ပါတယ်။ ရာဘာတောထဲမှာ ၁၀ မိနစ်ခန့်မောင်းပြီးရင် မှော်ဘီကမ့်ပင်းကို ရောက်ပါပြီ၊ လမ်းတစ်လျှောက်မှာလည်း မှော်ဘီကမ့်ပင်းသို.ဆိုတဲ့ ဆိုင်းဘုတ်လေးတွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။ အထဲကိုဝင်လိုက်ပြီဆိုတာနဲ. ပထမဆုံးမြင်ကွင်းထဲရောက်လာပြီးရင်တော့ အဖြူရောင်တဲလေးတွေ ဘန်ဂလိုလေးတွေ မြင်တွေ့ရမှာပါ။

ကျယ်ဝန်းတဲ့ကားပါကင်လည်းရှိပြီး reception နဲ.ထမင်းစားတဲ့ နေရာက တွဲလျက်ပါ။ ထူးခြားတာကတော့ ထမင်းစားတဲ့နေရာကနေ ကမ့်ကြီးတစ်ခုလုံးကို မြင်နိုင်တာပါပဲ။ ဝါးတွေ၊ သစ်သားတွေကိုသာ အများဆုံး အသုံးပြုထားပြီး သီးသန့်ရေချိုးခန်း၊ အိမ်သာတွေပါတဲ့ တဲကြီး တွေကလည်း တကယ့်ကိုအဆင့်မြင့်ပါတယ်။
ညအိပ်ညနေလည်း တည်းနိုင်ပြီး ဈေးအလိုက် ဘန်ဂလိုတွေ၊ တဲအသေး၊ အလတ်နဲ့ အကြီးဆိုပြီး အစားစားရှိပါတယ်။ မှော်ဘီကမ့်ပင်းမှာ ဘာတွေလုပ်လို့ဆိုရင်တော့ ရေကူး၊ ငါးမျှား၊ စက်ဘီးစီး၊ trekking လှေလှော်တာနဲ့ အခြားဘုတ်ဂိမ်းလေးတွေလည်း ရှိပါတယ်။ Open ဘန်ဂလိုလေးတွေကတော့ extra charge ပေးရမှာပါ။

တဲထဲမှာ ခဏနားပြီးရင်တော့ ကမ့်တစ်ခုလုံးကို စက်ဘီးနဲ့ ၂ ပတ်လောက်ပတ်ကြည့်ဖြစ်ပါတယ်။ ရာသီဥတုကောင်းတယ်ဆိုရင်တော့ သေချာပေါက် trekking သွားသင့်တယ်။ Adventure တစ်ခုထွက်ရသလို ခံစားရစေမှာပါ။ ရာဘာတောကြီးထဲက camp ပီပီ trekking ပြီးလည်း ရာဘာတောထဲကို သွားရတာပါ၊ လမ်းမမှားစေဖို့အတွက် လမ်းတစ်လျှောက် အပင်တွေမှာ အမှတ်အသားလုပ်ပေးထားပြီး တစ်ဝက်လောက်ရောက်ရင် စမ်းချောင်းငယ်လေးတစ်ခုကို တွေ့ရပါလိမ့်မယ်။Trekking က ပြန်လာရင်တော့ သေချာပေါက် ဗိုက်ဆာနေပါပြီ၊ နေ့လည်စာကိုလည်း အဝစားထည့်ပေးပါတယ်။ အသားဟင်း ၂ မျိုး၊ အရွက်ကြော်တစ်မျိုးနဲ့ အဝဆွဲနိုင်ပါတယ်။
ထမင်းစားပြီးရင်တော့ ဂီတာလေးဘာလေးတီး၊ ဂိမ်းလေးတွေဆော့ ခဏလောက်ငြိမ်ပြီး နေအေးတဲ့အချိန်ရောက်ရင်တော့ ရေကူးတာ၊ လှေစီးတာလေးတွေ လုပ်လို့ရပါတယ်။ လှေစီးရာမှာလည်း အသက်ကယ်ဝတ်စုံအပြည့် ဝတ်ပြီးမှလှေပေါ်တက်ခွင့်ပြုတာဖြစ်လို့ အန္ထရယ်ဖြစ်မှာ ပူစရာမလိုပါဘူး။ ညနေပိုင်းမှာတော့ တည်းခိုရာတဲတွေဆီကို ဝန်ထမ်းလေးတွေက လက်ဖက်၊ ဗူသီးကြော်နဲ့ ရေနွေးကြမ်းလာပို့ပေးပါတယ်။ အရမ်းစားလို့ကောင်းတဲ့ အကြော်ပါပဲ။ ကြားထဲမှာ ကြက်တောင်ရိုက်တာ၊ ငါးမျှားတာတွေကိုလည်း လုပ်နိုင်ပါသေးတယ်။
ဒီလောက်ဆိုရင်တော့ ကျွန်တော်တို့သွားခဲ့တဲ့ HmawBi Camping အပန်းဖြေစခန်းရဲ့အတွေ့အကြုံလေးတွေကို အပြည့်အ၀ခံစားရမယ်လို့ယုံကြည်ပါတယ်။
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_travel