
မြန်မာနိုင်ငံမှာရှိတဲ့ နာမည်ကျော်ပင်လယ်ကမ်းခြေတော်တော်တာများများ ကျွန်တော် ရောက်ခဲ့ဖူးပါတယ်။
ဒါပေမယ့် အဲ့ဒီကမ်းခြေတွေထဲမှာ ရေကူးလို့ အကောင်းဆုံးကို ပြောပေးပါဆိုရင်တော့ တနင်္သာရီတိုင်းက ဖိုးဖိုးကျောက် ကမ်းခြေလို့ ပြောရမှာပါ။ ဖိုးဖိုးကျောက်ကမ်းခြေကို ပြီးခဲ့တဲ့ သီတင်းကျွတ်ပိတ်ရက်ကမှ လောလောလတ်လတ် သွားရောက်လေ့လာ အပန်းဖြေခဲ့ပါတယ်။ ဖိုးဖိုးကျောက်ကမ်းခြေဟာ လောင်းလုံးမြို့နယ်၊ ထားဝယ်မြို့၊ ညောပြင်ကျေးရွာမှာ တည်ရှိပါတယ်။ မသွားခင်လေ့လာဖြစ်ခဲ့တာကတော့ အဲ့ဒီမှာ အလွန်လှပပြီး အလွန်ကြည်လဲ့နေတဲ့ ပင်လယ်ကြီး သဘာဝအတိုင်း ရှိနေတယ်လို့ မှတ်သားခဲ့ရပါတယ်။
သွားမယ်ဆိုတော့ ရန်ကုန်ကနေ ထားဝယ်ကို expressကားနဲ့ပဲ ထွက်ခွာလာဖြစ်ခဲ့ပါတယ်။ ထားဝယ်ရောက်တော့ မိတ်ဆွေတွေက အခြားကမ်းခြေတွေလည်းရှိသေးတယ်နော်ဆိုပြီး သတိပေးကြပေမယ့် ဖိုးဖိုးကျောက်ကမ်းခြေကိုပဲ သွားဖို့ ဆုံးဖြတ်ထားခဲ့ပါတယ်။ ဖိုးဖိုးကျောက်ကမ်းခြေကို ထားဝယ်ကနေ ၄၅မိနစ်လောက် ကားစီးသွားရပါတယ်။ လမ်းတစ်လျှောက် အလွန်လှပတဲ့ view pointတွေရယ်၊ လမ်းဘေးမှာ ပေါက်နေတဲ့ ဒီရေတောတွေ၊ လမ်းမပေါ်ကနေ လမ်းမြင်နေရတဲ့ ပင်လယ်ကြီးရယ်၊ ပင်လယ်ကြီးအလယ်မှာရှိနေတဲ့ ကျွန်းလေးတွေရယ်က ဆွဲဆောင်မှုရှိသလို ရသအစုံကိုလည်း ပေးစွမ်းနိုင်ပါတယ်။ ကမ်းခြေကို တန်းရောက်တာမျိုးတော့မဟုတ်ဘဲ ကားလမ်းဆုံးရင် တံငါရွာလေးကနေ ဆိုင်ကယ်၁၅မိနစ်လောက် ထပ်စီးရပါသေးတယ်။ လမ်းက နည်းနည်းကြမ်းပေမယ့် ရောက်ရှိချိန် မြင်လိုက်ရတဲ့ မြင်ကွင်းက ပင်ပန်းမှုတွေအားလုံးကို ပြေပျောက်သွားစေခဲ့ပါတယ်။ ကမ်းခြေတစ်ခုလုံးက ဒေသခံတွေ ပြောတဲ့ ကတ္တီပါသဲနုတွေ ဖုံးလွှမ်းထားကာ အတော်လေးလှပနေပါတယ်။ သဲကဖြူသလို ပင်လယ်ကြီးကလည်း ပြာလဲ့လှပနေကာ လူသူအရောက်အပေါက်နည်းတာကြောင့် ဟိုတယ်တွေ၊ ဘန်ဂလိုတွေကိုလည်း အများအပြား မြင်တွေ့ရမှာ မဟုတ်ပါဘူး။

ဒါကြောင့် ဒီကမ်းခြေကိုသွားမယ်ဆိုရင် စားစရာ၊ သောက်စရာတွေနဲ့ ရှုခင်းကြည့်ဖို့ အမိုးအကာတွေကို တစ်ခါတည်း ယူဆောင်သွားဖို့ အကြံပြုလိုက်ရပါတယ်။ စစချင်းမှာ ကျွန်တော် ပြောခဲ့သလိုပဲ မြန်မာနိုင်ငံက ကမ်းခြေတွေထဲ ရေကူးလို့အကောင်းဆုံးက ဒီကမ်းခြေပါပဲ။ ရေကူးချိန် လှိုင်းတွေက ကိုယ့်ကို နှိပ်ပေးသလို ဖြစ်နေပြီး အညောင်းအညာတွေလည်း ပြေစေပါတယ်။ မသိရင် ပင်လယ်ကြီးဆီကနေ လာတဲ့ လှိုင်းလုံးကြီးတွေက ရေကူးသူတွေကို မာဆက်လုပ်ပေးနေသလိုပါပဲ။ ကမ်းခြေမှာ ရေကူးရတာကြိုက်သူတွေ ဖိုးဖိုးကျောက်ကို ရောက်ရင် တစ်နေ့လုံး ရေထဲက မတက်ချင်ဖြစ်နေမယ်နော်။

ကမ်းခြေမှာ ရေတွေက ကြည်လဲ့နေသလိုပဲ လှိုင်းရိုက်ရင် အဝတ်အစားထဲ သဲဝင်တာမျိုးတွေ မရှိတာကလည်း ထူးခြားချက်လို့ ပြောရမှာပါ။ ကမ်းခြေက အကျယ်ကြီးဖြစ်ပြီး သဲတွေကလည်း အိစက်ညက်ညောနေကာ ပေါင်ဒါတွေဖြူးထားသလား ထင်မှတ်ရလောက်ပါတယ်။ ကျောက်ဆောင်တွေလည်းရှိနေတာကြောင့် ဓာတ်ပုံရိုက်တာ ကြိုက်သူတွေအတွက်လည်း တစ်နေကုန် ဓာတ်ဖမ်းနေလို့ရပါတယ်။ ညောပြင်ရွာသားတွေကလည်း အမှိုက်တွေကို စနစ်တကျ စွန့်ပစ်ကြတာမြင်ရတဲ့အတွက် စိတ်ထဲကနေ ချီးကျူးလိုက်ပါသေးတယ်။

ညနေပိုင်းမှာတော့ ရေအဝကူပြီးတဲ့နောက် လာရာလမ်းအတိုင်း ထားဝယ်မြို့ကို ပြန်လာခဲ့ပါတယ်။ ထားဝယ်ကနေတစ်ဆင့် ရန်ကုန်ကို ပြန်လာခဲ့ပြီး လမ်းတစ်လျောက် ကြည်လဲ့နေတဲ့ ရေပြင်ကြီးရယ်၊ ပေါင်ဒါလို နူးညံ့တဲ့ သဲသောင်ပြင်ကြီးရယ်၊ စည်းကမ်းရှိတဲ့ ရွာသားတွေအကြောင်းရယ်ကို တွေးလာဖြစ်ခဲ့ပါတယ်။ မိတ်ဆွေတွေလည်း ဒီလို သဘာဝတရားတွေနဲ့ ပြည့်နှက်နေပြီး ဘာမှကို ပြုပြင်ထားခြင်းမရှိတဲ့ ဖိုးဖိုးကျောက်ကမ်းခြေကို တစ်ခေါက်တစ်ခါလောက် သွားရောက်လည်ပတ်ကြဖို့ အကြံပြုလိုက်ပါတယ်နော်။
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_travel