
သူငယ်ချင်းတို့ရေ ပြီးခဲ့တဲ့ပိတ်ရက်လေးအတွင်းမှာ ကျေးလက်ဒေသရဲ့ အငွေ့အသက်လေးတွေကို ခံစားနိုင်မယ့် TM Farmကို သွားရောက်လည်ပတ်ဖြစ်ခဲ့တဲ့အကြောင်းကို ပြောပြပေးချင်ပါတယ်။ TM Farmဆိုတာကတော့ နိုင်ငံခြား Farmတွေလို အသေးစိတ်ပြင်ဆင်တည်ဆောက်ထားကာ ကျေးလက်အငွေ့အသက်တွေကို ပေးစွမ်းနိုင်တဲ့နေရာလေးပဲ ဖြစ်ပါတယ်။
ဘယ်လိုသွားရမလဲ လေ့လာကြည့်လိုက်တော့ YBSကို ထောက်ကြံ့အထိစီးပြီး ဆိုင်ကယ်ကယ်ရီထပ်စီးလိုက်ရင် ၅မိနစ်လောက်ပဲ ကြာတယ်ဆိုတာသိခဲ့ရပါတယ်။ ကိုယ်ပိုင်ကားနဲ့သွားရင် Google Mapလေးကြည့်ပြီး သွားလို့ရတယ်လို့ သိရပါတယ်။ TM Farmနားနီးလာပြီဆိုရင် TM နွားမွေးမြူရေးခြံကို ဦးစွာတွေ့ရပါတယ်။ အဲ့ဒီနောက် စိမ်းစိုတဲ့ မြင်ပင်တွေကို လမ်းဘယ်၊ညာမှာ မြင်တွေ့ရပြီး နိုင်ငံခြားကားတွေထဲကလို ခြံစည်းရိုးပုံစံလေးတွေကို မြင်တွေ့ရပါတယ်။
TM Farmရဲ့ မုခ်ဦးကို ရောက်ပြီဆိုရင် နွားလှည်းဘီးတွေနဲ့ အလှဆင်ထားတာကြောင့် ကျေးလက်ဒေသ အငွေ့အသက်ကို ရောက်တာနဲ့ခံစားရပါတယ်။ အဲ့ဒီကနေ ဝင်သွားရင်တော့ စိမ်းစိုလန်းဆန်းတဲ့အပင်လေးတွေ၊ ပန်းလေးတွေ၊ မြက်ခင်းလေးတွေနဲ့ ဖောက်ထားတဲ့ လမ်းကို တွေ့ရပါတယ်။ လမ်းရဲ့ ဘယ်ဘက်မှာ ရေပေါ်တံတားတွေ၊ သီးသန့်စားသောက်ုနိင်တဲ့ တဲအိမ်လေးတွေရှိပြီး ညာလက်မှာတော့ စိုက်ပျိုးရေးသေးစားနေရာလေးတွေ ရှိပါတယ်။ ဒါ့အပြင် အသေးစိတ်အလှပြင်ထားတဲ့ ငှက်အိမ်လေးတွေကိုလည်း မြင်တွေ့ရပါတယ်။

ရေပေါ်တံတားလေးတွေရှိတဲ့ဘက်မှာ ဓာတ်ပုံလေးတွေ လှလှပပရိုက်ကူးနိုင်မယ့် ပြတင်းပေါက်လေး၊ Bathhubလေး၊လှေ၊ ရေဒကလက်၊ ထိုင်ခုံလေးတွေနဲ့ သီးသန့်စားသောက်နိုင်တဲ့ တဲလေးတွေရှိနေပါတယ်။ ရေပေါ်တံတားရှိတဲ့ ရေလေးတွေက စိမ်းနေပြီး Farmရဲ့ တစ်ဖက်ခြမ်းမှာ ချောင်းလေးရှိတာကြောင့် တော်တော်လေး မျက်စိပသာဒ ဖြစ်စေပါတယ်။
စိုက်ပျိုးရေးခြံအသေးစားလေးဘက်မှာတော့ ပျိုးပင်လေးအချို့ စိုက်ထားပြီး အလှဆင်ဆောက်လုပ်ထားတဲ့ ရေတွင်းလေးလည်းရှိသလို ကောင်းကင်တံတား၊ ဗူးသီးပင်စိုက်ထားတဲ့ အိမ်ကလေး စသဖြင့် ဓာတ်ဖမ်းလို့ရတဲ့နေရာလေးတွေ ရှိနေပါတယ်။ TM Farm စားသောက်ဆိုင်ထဲမှာတော့ သဘာဝထွက် နွားနို့၊ ဒိန်ချဉ်၊ နို့ထွက်ပစ္စည်းတွေရနိုင်ပြီး မွန်တိုင်းရင်းသားတွေရဲ့ အစားအစာတွေကိုလည်း စုံစုံလင်လင်ရနိုင်ပါတယ်။ မွန်တိုင်းရင်းသားတွေရဲ့ အစားအစာတွေကို စားသောက်ရင်း ရှုခင်းကြည့်ရတဲ့ ခံစားချက်က တကယ်ကို ဆန်းသစ်စေပါတယ်။
အလားတူ TM farmကို အခြား Campတွေ၊ Farmတွေနဲ့ မတူကွဲပြားစေတဲ့အချက်ကတော့ သစ်သားတံတားလေးပဲ ဖြစ်ပါတယ်။ သစ်သားတံတားလေးရဲ့ ပုံစံက ဦးပိန်တံတားလို Vibeမျိုး ရစေပါတယ်။ ခြံကြီးကလည်း ၁၈ဧကအထိ ကျယ်တာကြောင့် အကျယ်ကြီးဖြစ်ပြီး မြင်ရတဲ့ မြင်ကွင်းတွေက ရန်ကုန်ထဲမှာ ရှိနေတယ်လို့တောင် ထင်မိမှာမဟုတ်ပါဘူး။ သစ်သားတံတားကို အဆုံးထိလျောက်သွားမယ်ဆိုရင် နွားမွေးမြူရေးခြံကို လေ့လာလို့ရအောင် လုပ်ပေးထားပါသေးတယ်။ အလားတူ unplug တီးဝိုင်းလေးလည်းရှိတာကြောင့် သီချင်းတွေနားထောင်ရင်း စိတ်ဖိစီးမှုတွေ ပြေပျောက်သွားစေပါတယ်။

တစ်နေ့တာအပန်းဖြေခဲ့ပြီးနောက် ညနေပိုင်းမှာတော့ ကျေးလက်ဒေသလို ခံစားချက်မျိုးရစေတဲ့ TM Farmကနေ ပြန်လာခဲ့ပါတယ်။ ဒါကြောင့် မိတ်ဆွေတို့လည်း ရန်ကုန်မြို့ရဲ့ မနီးမဝေးမှာ ကျေးလက်ဒေသတစ်ခုလို ခံစားချက်မျိုးရစေပြီး ခဏတာ စိတ်ဖိအားတွေ ဖြေဖျောက်ချင်တယ်ဆိုရင် TM Farmမှာ သွားရောက်အပန်းဖြေနိုင်ပါတယ်လို့ ပြန်လည်ဖောက်သည်ချလိုက်ရပါတယ်။
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_travel