
ယခုတစ်ပတ်မှာတော့ မိသားစုနဲ့အတူ ငါးမျှား၊ လှေစီး၊ မြှားပစ် စတာတွေ ပြုလုပ်ရင်း အစားအသောက်ကောင်းတွေစားကာ အပန်းဖြေနိုင်တဲ့ Phoenix Garden ကို သွားရောက်လည်ပတ်ခဲ့ကြပါတယ်။ Phoenix Garden ကတော့ အမှတ် ၅၀၅၊ အမှတ် ၃ လမ်းမနှင့် အမှတ် ၇ လမ်းမထောင့်၊ လှည်းကူးမြို့နယ်၊ ရန်ကုန်မြို့မှာ တည်ရှိပါတယ်။ သူ့ရဲ့ ပုံရိပ်နဲ့ သဘာဝအလှရှုခင်းတွေက ဓာတ်ဖမ်းသူတွေအကြိုက်ဖြစ်ပြီး ဘယ်နေရာရိုက်ရိုက် လှပတဲ့ပုံလေးတွေ ထွက်လာတာပါပဲ။
ပိတ်ရက်မှာ မိသားစုနဲ့အတူ အေးအေးဆေးဆေး အနားယူချင်သူတွေအတွက် ဒီနေရာလေးက ကွက်တိပါပဲ။ ထောက်ကြံ့အကျော်နားလေးက ငါးကန်ကို အမှီပြုပြီး သဘာ၀ အပန်းဖြေစခန်းပုံစံအဖြစ် အသက်သွင်းထားတာပဲ ဖြစ်ပါတယ်။ ကိုယ်တွေကတော့ ငါးမျှားရတာ ဝါသနာပါသူဖြစ်တာကြောင့် ငါးမျှားတံတစ်ခုငှားပြီး တစ်နေကုန် ငါးထိုင်မျှားဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ငါးမျှားလို့ရလာတဲ့ ငါးကိုတော့ အိမ်ယူသွားမယ်ဆိုရင် နှုန်းတစ်ခုသတ်မှတ်ထားတယ်လို့ သိရပါတယ်။ လှပတဲ့ ရှုခင်းတွေနား ငါးမျှားရတာကလည်း စိတ်ကို အေးချမ်းကြည်နူးမှုတွေနဲ့ ပြည့်စုံစေပါတယ်။
အလားတူ မြားပစ်ရတာဝါသနာပါသူတွေအတွက် ပစ်ကွင်းတွေ ဖန်တီးပေးထားပါတယ်။ ဒါ့အပြင် ပြိုင်ပွဲတွေလည်း စီစဉ်ထားလို့ဖြစ်လို့ ဝါသနာထုံသူတွေအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခွင့်လည်း ရှိနေပါတယ်။ ဂိမ်းထဲမှာ မြားပစ်ရတာကြိုက်တဲ့ ညီလေးကတော့ အပြင်မှာ မြားပစ်တာ တစ်ချက်မှမထိခဲ့ပါဘူး။ ဟဲဟဲ စတာပါ။

အညောင်းအညာဖြေချင်သူတွေအတွက်လည်း ရေလည်မှာအနှိပ်ခန်းလေးရှိနေတာကိုလည်း တွေ့ရပါတယ်။ ကျွန်တော်တို့မှာတော့ ကလေးတွေ ထိန်းရလို့ အညောင်းမိနေတဲ့ အမေက အနှိပ်ခန်းကို ရောက်ကတည်းက ဝင်နေခဲ့ပါတယ်။ အစားအသောက်ကောင်းတွေလည်း စားသောက်နိုင်ပြီး ဟင်းလျာမျိုးစုံနဲ့ စားသောက်နိုင်ကာ promotion တွေလည်း ရှိနေပါတယ်။

အိမ်ကလူတွေကတော့ သူ့ဝါသနာနဲ့သူတွေဆိုတော့ မြှားပစ်၊ လှေလှော်အစရှိသဖြင့် ဝါသနာပါရာ ပြုလုပ်ခဲ့ကြပါတယ်။ လှေလှော်ရတဲ့ခံစားချက်ကို အကိုဖြစ်သူကို မေးကြည့်တော့ လေတဖြူးဖြူးလေးနဲ့ သန့်စင်တဲ့ လေကို ရှူရှိုက်ရင်း ဘဝအမောတွေကို ပြေပျောက်စေခတယ်လို့ ပြန်ပြောပြပါတယ်။ ပိတ်ရက်ဖြစ်နေတော့ ဧည့်သည်များပြီး လှေလှော်နေတဲ့သူတွေ အများအပြားကိုလည်း တွေ့မြင်ခဲ့ရပါတယ်။

တစ်နေကုန်အပြတ်အနားယူပြီးချိန်မှာ ညနေပိုင်းမှာတော့ ကျွန်တော်တို့ ဒီလိုလှပတဲ့နေရာလေးကနေ ပြန်လည်ထွက်ခွာလာခဲ့ပါတယ်။ မိတ်ဆွေတို့လည်း မြို့ပြရဲ့အဝေး Activity လေးတွေလုပ်ရင်း တစ်နေ့တာ အပန်းဖြေချင်တယ်ဆိုရင် Phoenix Gardenကို သွားရောက်အပန်းဖြေနိုင်တယ်လို့ အကြံပြုလိုက်ရပါတယ်။
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_travel