ကိုယ့်အိမ်ကိုယ့်ခြံလို Private ဆန်ဆန် အပန်းဖြေပါ ပဲခူးခြံ - December Win မှာ
lotaya.mpt.com.mm
|
2022-11-23

ယနေ့ခေတ်လို နည်းပညာတွေရဲ့ တိုးတက်မှုတွေ၊ လူနေထူထပ်လာတဲ့ မြို့ပြရဲ့ မွန်းကျပ်မှုတွေကနေ တစ်ရက်တစ်လေလောက်ဖြစ်ဖြစ် ထွက်ပြေးချင်ကြတဲ့ စိတ်လေးကတော့ မြို့နေလူထုဆီမှာ အမြဲလိုလို ရှိနေတတ်ကြပါတယ်။ သင့်မှာလည်း ဒီလိုစိတ်အပန်းဖြေချင်တဲ့ စိတ်မျိုးရှိနေတယ်ဆိုရင်တော့ ရန်ကုန်မြို့နဲ့ အနီးဆုံး အပန်းဖြေနေရာလေး တစ်ခုကို ညွှန်းပေးချင်ပါတယ်။ ကိုယ့်အိမ်ကိုယ့်ခြံလိုမျိုး သီးသန့်အနားယူချင်တဲ့ မိသားစုတွေနဲ့ သူငယ်ချင်းတွေအတွက်တော့ ပဲခူးခြံ - December Win က အကောင်းဆုံး နေရာတစ်ခု ဖြစ်ပါတယ်။


တစ်ယောက်ကို ၁၅၀၀၀ သာ ကျသင့်ပြီး အနည်းဆုံး ၅ ယောက်စာအတွက် ၇၅၀၀၀ တစ်ခါတည်းယူပါတယ်။ ၅ ယောက်အောက်ကိုလည်း ၇၅၀၀၀ ပဲယူမှာဖြစ်ပါတယ်။  ကိုယ်ပိုင်အိမ်လေးထဲမှာ ညအိပ်တည်းခိုလို့ ရပါတယ်။ ၁၅၀၀၀ ထဲနဲ့ မနက်စာနဲ့ နေ့လည်စာလည်း ပါဝင်သလို နေ့ခင်းဘက်တွေမှာလည်း ခြံထွက်သဘာ၀ သီးနှံတွေနဲ့ အသုပ်တစ်မျိုး တည်ခင်းပေးပါတယ်။ ညပိုင်းကျရင်လည်း မီးပုံပွဲလေး စီစဉ်ပေးပြီး လက်ဖက်သုပ်နဲ့အတူ သုံးဆောင်နိုင်မယ့် ကော်ဖီ၊ လက်ဖက်ရည်နဲ့ ခေါက်ဆွဲပြုတ်တွေကိုလည်း free flow ထားပေးထားပါတယ်။ BBQ တွေဘာတွေစားချင်ရင်တော့ အကင်စက်ရှိတာကြောင့် ကိုယ့်အစီအစဉ်နဲ့ကိုယ် အသားတွေ၊ ပင်လယ်စာတွေ ယူလာပြီး ကင်စားနိုင်ပါတယ်။

အဲ့ဒီတော့ ပဲခူးခြံကို ဘယ်လိုသွားကြမလဲ၊ ထူးခြားတဲ့ ဝန်ဆောင်မှုလေးတစ်ခုရှိပါတယ်။ အဲ့ဒါကတော့ ကြိုတင်ဘိုကင်တင်ပြီး လာကြိုဖို့ပြောမယ်ဆိုရင် ပဲခူးခြံကနေ ကားတစ်စီးလွှတ်ပေးပြီး လာခေါ်ပေးပါတယ်။ ဒါမှမဟုတ် ကိုယ့်အစီအစဉ်နဲ့ ကိုယ်သွားမယ်ဆိုရင်လည်း သိပ်အဝေးကြီး မမောင်းရပဲ အင်းတကော်မှ နှုတ်ခွန်းဆက်သပါ၏ဆိုတဲ့ ဆိုင်းဘုတ်နဲ့မျက်စောင်းထိုးမှာရှိတဲ့ လမ်းမကြီးအတိုင်း တည့်တည့်ဝင်လာရုံနဲ့ ရပါတယ်။ ခြံထဲမှာ အပြာရောင်အိမ်လေးတစ်လုံးပဲရှိပြီး master bedroom နဲ့ လူ ၁၅ ယောက်လောက်ထိ နေလိုရပါတယ်။


ခြံထဲရောက်ရောက်ချင်း အပင်တွေအများကြီးကြောင့် အမောပြောသလို ခရီးပန်းလာတယ်ဆိုရင်တော့ ခြံထဲက ဓနိမိုးနားနေဆောင်လေးမှယ အနားယူနိုင်ပါတယ်။ တောင်ကုန်းလေးတွေ၊ ဝါးတံတားလေးတွေ၊ ဒါန်းလေတွေနဲ့ ဓာတ်ပုံရိုက်လို့ကောင်းတဲ့ နေရာတွေလည်း အများကြီးရှိပါတယ်။ ၁၀ ဧကကျယ်တဲ့ ခြံကြီးဖြစ်တာကြောင့် တစ်ခြံလုံးမှာ လွတ်လပ်စွာသွားလာနိုင်ပါတယ်၊ လုံခြုံရေးအတွက်လည်း ခြံစောင့်ဝန်ထမ်းတွေနဲ့ ဧည့်သည်တွေ စားဖို့သောက်ဖို့စီစဉ်ပေးတဲ့ သူတွေလည်းရှိပါတယ်။ Pet Free ဖြစ်လို့ အိမ်မွေးတိရစ္ဆာန်လေးတွေလည်း ခေါ်သွားလို့ရသလို၊ ပဲခူးခြံမှာ မွေးထားတဲ့ ခွေးလေးတွေ ဘဲလေးတွေလည်း ရှိပါတယ်။


စက်ဘီးတွေလည်းရှိလို့ နေအေးရင်ခြံထဲမှာ လေကောင်းလေသန့်ရှုရင်း စက်ဘီးပတ်စီးရတာကလည်း စိတ်အပန်းပြေစေပါတယ်။ လေတဟူးဟူးနဲ့ အေးချမ်းလှတဲ့ ဝါးရုံပင်တန်းရယ်၊ အရိပ်ရအပင်တွေရယ်ကလည်း တရေးတမော အိပ်ချင်စရာပါပဲ။ လူအနည်းဆုံး ၅ ယောက်ပါရင်ရပြီဖြစ်လို့ လူများလည်း အိပ်စရာမရှိမှာ မပူရပါဘူး၊ နှစ်ယောက်အိပ် ကုတင်ကြီးတွေအပြင် နှစ်ထပ်ကုတင်တွေပါ ရှိလို့ လူ ၁၅ ယောက်ထိ ကောင်းကောင်းနေလို့ရပါတယ်။ ခြံထဲမှာလည်း ကန်စွန်းခင်းတွေ စိုက်ပျိုးထားပြီး ခြံထွက်ကန်စွန်းရွက်တွေနဲ့ ကြော်ပေးတဲ့ ကန်စွန်းရွက်ကြော်လေးကလည်း စားလို့ကောင်းလှပါတယ်။ သရက်ပင်တွေအများကြီးရှိလို့ ရာသီချိန်ဆိုရင်သရက်သီးမှည့်၊ သရက်သီးသုပ်နဲ့ အတို့အမြှုတ်အနေနဲ့လည်း စားနိုင်ပါတယ်။

ညအိပ်ပြီး မနက်ကျရင်လည်း ခြံကနေ စီစဉ်ပေးတဲ့ မနက်စာလေးကလည်း စားကောင်းလှပါတယ်။ ဆီထမင်းကောက်ညှင်းပေါင်းနဲ့ အကြော်စုံ၊ လက်ဖက်သုပ်၊ ခေါက်ဆွဲကြော်စတဲ့ menu လေးတွေနဲ့ အရသာရှိတဲ့ မနက်စာလေးတွေက စောင့်ကြိုနေမှာပါ။ လမ်းလေးဘာလေးလျှောက် ဓာတ်ပုံရိုက်ဖို့ကျန်တဲ့ နေရာလေးတွေမှာ သွားရိုက်ပြီးရင်တော့ နေ့လည်ပိုင်းလောက်ကျ ပြန်လာခဲ့ကြပါတယ်။ ဒါက ရန်ကုန်မြို့နဲ့အနီးဆုံး အပန်းဖြေနေရာလေး တစ်ခုဖြစ်တဲ့ ပဲခူးခြံ-December Win ရဲ့ တစ်နေ့တာ ခရီးစဉ်လေးအကြောင်းကို ဖော်ပြပေးခဲ့တာဖြစ်လို့ ကြိုက်နှစ်သက်ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT  စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_travel




Some text some message..