ထူးခြားမှုတွေ၊ စိတ်ဝင်စားစရာတွေနဲ့ ပြည့်နှက်နေတဲ့ စမတ်ကျွန်းသို့ အလည်တစ်ခေါက်
lotaya.mpt.com.mm
|
2022-11-24

ဒီတစ်ခေါက်မှာတော့ ပြီးခဲ့တဲ့ပိတ်ရက်လေးအတွင်းမှာ သွားလည်ဖြစ်ခဲ့တဲ့ မြိတ်ကျွန်းစုက စမတ်ကျွန်းအကြောင်းလေးကို ပြန်ပြောပြချင်ပါတယ်။ ဒီကျွန်းလေးကို ပြည်တွင်းခရီးသွားတွေအများအပြား သွားရောက်လည်ပတ်ခဲ့ကြပြီး ကျောက်စရစ်ကျွန်း၊ ပါပန့်ကျွန်းလို့လည်း ခေါ်ကြပါသေးတယ်။ ဒီကျွန်းလေးဟာ အရှေ့တောင်အာရှမှာ တစ်ခုတည်းရှိတဲ့ ကျောက်စရစ်ကျွန်း၊ ကမ္ဘာမှာ ဆယ်ခုပဲရှိတဲ့ ကျောက်စရစ်ကျွန်းတွေထဲက တစ်ကျွန်းပဲ ဖြစ်ပါတယ်။

စမတ်ကျွန်းဟာ မြိတ်မြို့နဲ့ ရေမိုင် ၆၁မိုင်ခန့် ကွာဝေးပြီး ကမ်းခြေအရှည် ပေ၂၀၀၀နီးပါး ရှည်လျားတယ်လို့ မှတ်သားရပါတယ်။ လှပတဲ့ ကျောက်လုံးတွေ တစ်ကျွန်းလုံးလိုလိုမှာရှိသလို ကျောက်ဆောင်တွေ၊ ကျောက်မုခ်ဦးဝတွေ ရှိတာကြောင့် ပြည်တွင်းခရီးသွားတွေကြား နာမည်ကြီးခဲ့ပါတယ်။ ရေကူး၊ ရေငုပ်ရတာအဆင်ပြေပြီး ရေလှိုင်းစီးနိုင်သလို ကျွန်းပေါ်ညအိပ်နိုင်တာကြောင့်လည်း ခရီးသွားတွေကြား ရေပန်းစားနေတယ်လို့ ယူဆမိပါတယ်။


ဒီကျွန်းကို သွားရတာက မြိတ်မြို့ကနေ Speed Boatနဲ့ ၂နာရီကနေ ၂နာရီခွဲကြား မောင်းပြီးမှ ရောက်ရှိတာ ဖြစ်ပါတယ်။ ကျွန်းအများစုက ရေချိုမထွက်နိုင်ကြဘဲ ဒီကျွန်းမှာက ရေချိုထွက်ရှိတာကလည်း ထူးခြားချက်တစ်ခုပဲ ဖြစ်ပါတယ်။ ကျွန်းအတွင်း အရင်က လူသူအရောက်အပေါက်နည်းခဲ့တာကြောင့် သစ်ပင်ကြီးတွေဟာ သဘာဝအတိုင်း ရှင်သန်နေကြပြီး ကျွန်းထဲဝင်လိုက်တာနဲ့ တောနက်ကြီးထဲ ရောက်သွားသလို ခံစားချက်မျိုး ရရှိစေပါတယ်။ ကျွန်းပေါ်မှာ တွေ့ရတဲ့ သဘာ၀ တောပန်းလေးတွေကလည်း ကျွန်းကို အလှဆင်ထားသလိုပါပဲ။

ပြောရမယ်ဆိုရင် သဲကမ်းခြေရော၊ ကျောက်စရစ်ကမ်းခြေမှာပါ သဘာဝတရားတွေနဲ့စီခြယ်ထားတယ်လို့ ဆိုရမှာပါ။ ကျောက်စရစ်ကမ်းခြေကလည်း အရှည်ကြီးဖြစ်ပြီး ကမ်းခြေပေါ်ကနေ ကြည့်ရင် ဘာမှမထူးခြားသလို ဖြစ်နေပေမယ့် ရေထဲဆင်းကြည့်မယ်ဆိုရင်တော့ သဲတွေမရှိတာကြောင့် ရေတွေက ကြည်တောက်ရှင်းဆိုသလို ဖြစ်နေတာက ဒီကျွန်းရဲ့ ထူးခြားချက်တစ်ခု ဖြစ်ပါတယ်။ ကျောက်စရစ်ခဲတွေအပြင် ရေတိုက်စားလို့ ဂူလိုဖြစ်နေတဲ့ ကျောက်လှိုဏ်ဂူတွေရယ်၊ သဘာဝကျောက်ဆောင်တွေရယ်ကိုလည်း တွေ့ရပါတယ်။ ဒီခရီးစဉ်လေးအတွက် တစ်ဦးစာ ကုန်ကျစရိတ်ကတော့ ၃သိန်းခွဲဝန်းကျင်လောက် ကျသင့်ပါတယ်။


တောင်တက်မယ့်သူတွေအတွက်လည်း တောင်တက်ခရီးတွေ ဖန်တီးနိုင်သေးပြီး တောတွင်းလမ်လျှောက်တာ၊ ရေကူး၊ ရေငုပ်လုပ်တာတွေကိုလည်း ရေကြည်ကြည်လင်လင်လေးနဲ့ ပြုလုပ်နိုင်ပါသေးတယ်။ ရေက ကြည်တောက်နေ‌တော့ လှပတဲ့ သန္တာကျောက်တန်းကြီးတွေ၊ အုပ်စုလိုက်သွားနေတဲ့ ငါးလေးတွေကိုလည်း အပေါ်ကနေ အတိုင်းသား မြင်နိုင်ပါတယ်။

ကမ်းခြေရဲ့ အလှအပတွေကို တစ်နေ့တာ ခံစားပြီးချိန်မှာတော့ ညဘက်မှာ မီးပုံပွဲလုပ်ကာ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါး သီချင်းဆိုခဲ့ပါသေးတယ်။ နောက်နေ့မှာတော့ လာခဲ့တဲ့အတိုင်း Speed Boatနဲ့ပဲ မြိတ်မြို့ကို ပြန်လာခဲ့ပါတယ်။ ဒါကြောင့် ထူးခြားချက်တွေနဲ့ ပြည့်နှက်နေတဲ့ စမတ်ကျွန်းကို မိတ်ဆွေတို့လည်း မြိတ်မြို့ဘက်ရောက်ခဲ့ရင် တစ်ခေါက်တစ်ခါ အရောက်လာပြီး အပန်းဖြေကြဖို့ တိုက်တွန်းလိုက်ရပါတယ်။

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT  စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_travel




Some text some message..