ရန်ကုန်မြို့နဲ့မနီးမဝေးက အပန်းဖြေစရာအိုအေစစ်လေး INN The Farmသို့ အလည်တစ်ခေါက်
lotaya.mpt.com.mm
|
2022-12-01

ဒီတစ်ခေါက်မှာတော့ ရန်ကုန်မြို့နဲ့မနီးမဝေးမှာ အနားယူအပန်းဖြေဖို့အတွက် INN The Farmဆိုတဲ့ Campလေးကို ရောက်ဖြစ်ပါတယ်။ ဒီcampလေးမှာတော့ သဘာဝအတိုင်း နေထိုင်ပြီး စိမ်းစိုတဲ့သစ်ပင်လေးတွေ၊ တောတောင်လေးတွေကြား ဓာတ်ပုံရိုက်ပြီး လတ်ဆတ်တဲ့လေတွေကို ရှူရှိုက်ရင်း အနားယူနိင်ပါတယ်။ ရန်ကုန်ကနေ ထွက်ခွာလာရာမှာ ၃၇မိုင်အကျော် ၃၈မိုင်မရောက်ခင်မှာ တည်ရှိတာကြောင့် ကားလေးနဲ့ သွားရောက်အပန်းဖြေနိုင်ပါတယ်။ ကျွန်တော်တို့လို အလုပ်တွေပိပြီး မွန်းကျပ်နေသူတွေအတွက် ခဏတာ စိတ်ဖြေပျောက်စေဖို့ ဒီနေရာလေးက သင့်တော်မယ်လို့ ယူဆခဲ့ကြပါတယ်။


ကျွန်တော်တို့ကတော့တစ်နေ့တာစိတ်ပင်ပန်းမှုတွေကို ဖြေဖျောက်နိုင်ဖို့အတွက် ဒီနေရာလေးကို သွားရောက်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ သဘာဝအတိုင်းသာယာလှပနေတဲ့ ပဲခူးမြစ်ကြီးရဲ့ဘေးမှာ မိတ်ဆွေတွေ၊ မိသားစုတွေနဲ့ အသားကင်တွေစား၊ ဟင်းတွေချက်စားရင်း အချိန်ဖြုန်းနိုင်ပါတယ်။ ပွင့်လင်းရာသီလည်းဖြစ်နေတော့ ရာသီဥတုက အဆင်ပြေသလို ပဲခူးမြစ်ကြီးထဲ ရေကူး၊ ကနူးကယက်လှော်၊ စက်လှေစီး၊ ရေဆော့ စတာတွေ ပြုလုပ်နိုင်ပါသေးတယ်။ ဒါ့အပြင် ခြံထွက်သီးနှံတွေကိုလည်း စားသောက်နိုင်သေးတာကြောင့် ကျန်းမာရေးနဲ့လည်း ကိုက်ညီပါတယ်။


သွားရောက်မယ်ဆိုရင်တော့ တစ်ဦးစာအတွက် ၂၀၀၀၀ ဝန်းကျင် ကုန်ကျနိုင်ပါတယ်။ စက်ဘီးစီးတတ်သူတွေလည်း စိမ်းစိုတဲ့သစ်ပင်တွေကြား ကိုယ်တိုင်စက်ဘီးအခမဲ့စီးကာ သဘာဝရဲ့အလှတရားကို ရှုစားနိုင်ပါတယ်။ campingလုပ်ရင် သူငယ်ချင်းတွေနဲ့ ဂိမ်းတွေဆော့တာ၊ တောလမ်းခရီးတစ်လျောက် လမ်းလျှောက်တာ၊ အေးအေးလူလူ စာဖတ်တာ၊ သီချင်းဆိုတာ၊ ဓာတ်ဖမ်းတာ၊ အပင်တွေလေ့လာတာစသဖြင့် Activityတွေ အများကြီး လုပ်နိုင်ပါသေးတယ်။


ညနေပိုင်းမှာတော့ ဒီလိုသာယာလှပတဲ့ campလေးကနေ ပြန်လည်ထွက်ခွာကာ ရန်ကုန်မြို့ကြီးဆီ ခြေဦးလှည့်ခဲ့ပါတော့တယ်။

ဒါကြောင့် မြို့ပြရဲ့အဝေး တစ်ခဏတာအပန်းဖြေချင်တယ်ဆိုရင်တော့ INN The Farmကလည်း ရွေးချယ်စရာနေရာတစ်ခုဖြစ်တယ်လို့ ပြန်လည်ဖောက်သည်ချလိုက်ရပါတယ်။

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT  စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_travel




Some text some message..