
ဒီတစ်ခေါက်မှာလည်း ရန်ကုန်မြို့အနီးတစ်ဝိုက်က နေ့ချင်းပြန်သွားလို့ရတဲ့ အပန်းဖြေစခန်းလေး တစ်ခုအကြောင်း ပြောပြချင်ပါတယ်။ ရန်ကုန်ကနေ တစ်နာရီ၊ တစ်နာရီခွဲလောက်သာ သွားရပြီး ရန်ကုန်မှာရော ဟုတ်ရဲ့လားလို့တောင် တွေးမိသွားစေမယ့် နေရာလေးတစ်ခု ရှိပါတယ်။ ရန်ကုန်မန္တလေး အမြန်လမ်းမ ၇မိုင် ၆ ဖာလုံ၊ ကျော်ကဒင်းရွာ၊ လှည်းကူးမြို့နယ်မှာ ရှိတဲ့ သူဌေးကျွန်းလို့ခေါ်တဲ့ အပန်းဖြေစခန်းလေးပဲ ဖြစ်ပါတယ်။ တိတ်ဆိတ်အေးချမ်းပြီး သစ်ရိပ်ဝါးရိပ်တွေနဲ့မို့ အဲကွန်းမလိုပဲ သဘာဝအအေးဓာတ်လေးကိုလည်း ရရှိမှာပါ။ တစ်ထပ်တဲနဲ့ နှစ်ထပ်တဲဆိုပြီး စီစဉ်ထားပြီး တစ်ရက်ကို တစ်ထပ်ကတော့ ၃၀၀၀၀ နဲ့ နှစ်ထပ်က ၅၀၀၀၀ ကျသင့်မှာပါ။ Tent လေးတွေ ငှားပေးတာဖြစ်ပြီး အခမဲ့နားလို့ရတဲ့ နေရာလေးတွေလည်း ရှိပါတယ်။
Tent မငှားပဲနဲ့ နေ့ချင်းပြန်ခဏအလည်အပတ်ဆိုရင်လည်း ဝင်ကြေးတွေက ထောင်ဂဏာန်းသာ ကျသင့်မည် ဖြစ်ပြီး ကလေး ၁၀၀၀၊ လူကြီး ၂၀၀၀ သာ ပေးရပါတယ်။ တဲနဲ့မနေချင်လို့ အဲကွန်းပါတာလေးနဲ့ပဲ နေချင်ရင်တော့ ဘန်ဂလိုလေးတွေရှိပြီး တစ်ရက်ကို ၁ သိန်းနဲ့ ၁ သိန်းခွဲဆိုပြီးရှိပါတယ်။ Pets လေးတွေးလည်း ခေါ်လို့ရတာမို့ ကိုယ့်အချစ်တော် အိမ်မွေးတိရိစ္ဆာန်လေးတွေကိုလည်း ကျယ်ပြန့်တဲ့ မြက်ခင်းပြင်တွေပေါ်မှာ လွတ်လွတ်လပ်လပ် ဆော့ကစားခိုင်းလို့ရပါတယ်။

ဆော့စရာ Activity တွေလည်း အများကြီးရှိလို့ လူများလေပိုပျော်ဖို့ ကောင်းလေပါပဲ။ ၁၀ ယောက်နဲ့အထက်ရှိရင်တော့ Millionaire Package ရှိပြီး တစ်ဦးကို ၃၀၀၀၀ နဲ့ ပိုကောင်းတဲ့ ဝန်ဆောင်မှုတွေ ရရှိမှာပါ။ Millionaire Package မှာဆိုရင် မနက်စာ၊ နေ့လည်စာနဲ့ tea break တို့ပါဝင်သလို နားဖို့ နှစ်ထပ်တဲ၊ ကယက်လှေစီးခြင်း၊ waterboom၊ အဖွဲ့လိုက်ဂိမ်းတွေ အတွက်လည်း အခမဲ့အသုံးပြုခွင့်တွေ ပါဝင်ပါတယ်။
ကမ်းခြေရောက်သွားသလို ခံစားရစေမယ့် activity တွေအဖြစ်တော့ speed boat စီးတာ၊ ဖောင်စီးတာနဲ့ ငါးမျှားတာတွေလည်း လုပ်လို့ရပါတယ်။ လှေကတော့ ၁ နာရီကို ၅၀၀၀ ဖြစ်ပြီး၊ speed boat ကတော့ ၁ နာရီကို ၁၅၀၀၀ ပါ။ ငါးမျှားတံလည်း ငှားလို့ရပြီးတစ်ခါငှားရင် ၅၀၀၀ ကျသင့်ပါတယ်။ ဇယ်တောက်၊ ဘိလိယက်ထိုး၊ ကြက်တောင်ရိုက်၊ ရေကူး၊ သီချင်းဆိုနဲ့ Mini waterboom လေးလည်း ရှိလို့ ရေကြိုက်တဲ့လူတွေအတွက် သင့်တော်ပါတယ်။

ဓာတ်ဖမ်းချင်စရာ နေရာလှလှလေးတွေ အများကြီးရှိတဲ့အတွက်ကြောင့်လည်း ဆိုရှယ်မီဒီယာတွေမှာ ပုံအလှလေးတွေ အများကြီး တင်လို့ရပါတယ်။ ဆောင်းညရဲ့ ချမ်းအေးတဲ့ ရာသီဥတုကို အခုလိုမျိုး အပန်းဖြေစခန်းလေးတစ်ခုမှာ အနားယူရင်း ဖြတ်သန်းကြည့်ဖို့ အကြံပေးချင်ပါတယ်။ နေ့ချင်းပြန်အနားယူချင်တယ်ဆိုရင်လည်း ဝင်ကြေးထောင်ဂဏာန်းလောက်နဲ့ ဇိမ်ကျကျနားနိုင်လို့ သူဌေးကျွန်းလို့ ခေါ်တဲ့ ဒီအပန်းဖြေစခန်းလေးကို ညွှန်းပေးလိုက်ရပါတယ်။ ဒီတစ်ပတ်အတွက်တော့ သူဌေးကျွန်းအပန်းဖြေစခန်းလေးကို သွားကြည့်ဖို့ အကြံပေးလိုက်ရပါတယ်။
MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT ၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။
#lotaya_travel