ရန်ကုန်နဲ့မနီးမဝေးမှ Hidden Place လေးတစ်ခု (သို့) 11 Mile River Resort သို့ တစ်နေ့တာခရီး
lotaya.mpt.com.mm
|
2023-01-12

ဒီတစ်ခေါက်မှာတော့ ကိုဗစ်အလွန်ကာလတုန်းက သွားရောက်လည်ပတ်ဖြစ်ခဲ့တဲ့ အပန်းဖြေစရာနေရာလေးအကြောင်းကို ပြန်လည်ပြောပြချင်ပါတယ်။ ကိုဗစ်ကာလတုန်းက ခရီးသွားလာခွင့်အကန့်အသတ်တွေရှိခဲ့တာကြောင့် ရန်ကုန်နဲ့မနီးမဝေးမှာ သွားရောက်လည်ပတ်ကြသူတွေ ပိုများလာခဲ့ပါတယ်။ တစ်နှစ်နီးပါးပိတ်လှောင်မှုဒဏ်ကိုခံစားရချိန်မှာ ကိုယ့်မြို့နဲ့သိပ်မဝေးတဲ့ Resortတွေမှာ စိတ်ထွက်ပေါက်အဖြစ် သွားရောက်လည်ပတ်ခဲ့ကြပါတယ်။ ကျွန်တော်တို့ကလည်း လူသားတွေဖြစ်တဲ့အတွက် စိတ်မွန်းကျပ်မှုတွေကို ဖြေဖျောက်နိုင်ဖို့ ရန်ကုန်နဲ့ ၁၁မိုင်သာ ကွာဝေးတဲ့ ငမိုးရိပ်ချောင်းဘေးက 11 Mile River Resort ကို သွားရောက်လည်ပတ်ဖြစ်ခဲ့ပါတယ်။ Resortတွေ အများကြီးထဲကမှ ဒီ Resort ကို ရွေးဖြစ်ခဲ့လဲဆိုတော့ အဓိကအချက်က ဈေးသက်သာလို့ပါပဲ။


Resort ထဲစဝင်လိုက်တာနဲ့ တိတ်တိတ်ဆိတ်ဆိတ်နဲ့ သစ်ရိပ်ဝါးရိပ်လေးတွေ၊ ဆောင်းရာသီရဲ့ အေးမြတဲ့လေအေးတွေကြောင့် စိတ်ကြည်လင်လန်းဆန်းစေပြီး ပင်ပန်းမှုတွေအားလုံး ယူပစ်သလိုပျောက်သွားခဲ့ပါတယ်။ အထဲကိုဝင်ကြည့်လိုက်တော့ ချစ်စရာကောင်းတဲ့ နှစ်ထပ်ဘန်ဂလိုလေးတွေအပြင် ရေကူးကန်လည်းရှိသေးသလို ရေကူးကန်မှာ Chill လို့ရမယ့် ဘားလေးလည်း ရှိနေပါတယ်။ နောက်ထပ်အားသာချက်တစ်ခုကတော့ ဆိုင်ပိုင်ရှင်ဦးလေးကြီးလင်မယားက တော်တာ်လေး သဘောကောင်းပြီး စားသောက်ဖွယ်ရာတွေကို ဧည့်သည်တွေအတွက် အထူးပြင်ဆင်ပေးတတ်တာပါပဲ။

အခြား Activities တွေအနေနဲ့လည်း Off-road Buggy မောင်းခြင်း၊ မြင်းစီးခြင်းး၊ စက်ဘီးစီးခြင်း၊ လှေစီးခြင်း၊ ဖောင်စီးခြင်း၊ ဆိုင်ကယ်စီးခြင်းတွေကိုလည်း ပြုလုပ်လို့ရတယ်နော်။ ကျွန်တော်တို့ကတော့ လှေစီးရတာဝါသနာပါလို့ လှေနဲ့ တစ်ပတ်လောက်ပတ်ကြည့်လိုက်ပါသေးတယ်။ ညအချို့မှာ UnPlugged ရှိတယ်လို့ ပြောပေမယ့် ကျွန်တော်တို့ကတော့ ညအထိမနေဖြစ်လို့ မတွေ့ခဲ့ရပါဘူး။ စားသောက်ဖို့အတွက်ကလည်း ခြံရှင်အမကြီးရဲ့ လက်ရာက စွဲမက်ရလောက်အောင် တော်တော်လေးစားကောင်းပါတယ်။ အခြားဟင်းလျာတွေကိုလည်း မိတ်ဆွေတို့ မှာစားလို့ရသေးတယ်နော်။


အလားတူ ကျွန်တော် နောက်ထပ်သဘောကျမိတဲ့အချက်ကတော့ ဆင်လိမ္မာလေးနဲ့ မြင်းလိမ္မာလေးကို resort အတွင်း စီးလို့ရတဲ့အချက်ပါပဲ။ ငမိုးရိပ်ချောင်းဘေးမှာ မျက်နှာမူထားတဲ့ လှေပုံသဏ္ဌန် ဘန်ဂလိုလေးတွေကိုလည်း တွေ့မြင်နိုင်ပါတယ်။ ဘန်ဂလိုထဲမှာက ဟိုတယ်လိုမျိုး ပြင်ဆင်မှု အရမ်းကြီးမကောင်းပေမယ့် နေရတာ အတော်လေးအဆင်ပြေပါတယ်။ အပြင်ဘက်မှာတော့ အပင်ကြီးတွေများလို့ အလွန်အေးချမ်းသလို ချောင်းရေထဲ ဆော့ရတာကလည်း အေးစိမ့်နေလို့ အဆင်ပြေတဲ့အပြင် ဓါတ်ဖမ်းဖို့အတွက် နေရာတွေ၊ ရှုခင်းတွေလည်း အများကြီး ရှိတယ်နော်။ တစ်နေ့တာလုံးကို အားရပါးရ အပန်းဖြေခဲ့ပြီးနောက် နေဝင်ချိန်မှာတော့ ရန်ကုန်မြို့ကြီးဆီ ပြန်လာခဲ့ကြပါတယ်။ ကျွန်တော်တို့ကတော့ လူများလို့ ၅ယောက်အထိနေလို့ရတဲ့ အခန်းငှားနေရာမှာတော့ ၁၂၀၀၀၀ ကျပ်ခန့်ကုန်ကြပြီး အပြီးအစီးဆိုရင်တော့ ၁၅၀၀၀၀ ဝန်းကျင်ကုန်ကျခဲ့ပါတယ်။


ဒါကြောင့် မွန်းကျပ်မှုတွေကနေ ရုန်းထွက်ပြီး တစ်နေ့တာ အပန်းဖြေချင်တယ်ဆိုရင်တော့ 11 Mile River  Resort က ရွေးချယ်စရာနေရာတစ်ခုဖြစ်တယ်လို့ တိုက်တွန်းလိုက်ရပါတယ်။

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT  စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_travel




Some text some message..