ချင်းပြည်နယ်ရဲ့အသည်းနှလုံး(သို့) ရိဒ်ရေကန်သို့ အလည်တစ်ခေါက်
lotaya.mpt.com.mm
|
2023-01-19

ရန်ကုန်နားပဲ ပတ်သွားနေရတော့ ဒီတစ်ခေါက် ဝေးဝေးလံလံဒေသတစ်ခုကို သွားကြည့်ရအောင်။ ချင်းပြည်နယ်လို့ပြောလိုက်ရင် တောင်ပေါ်ခေါင်ရည်ချိုမြမြ တစ်ခေါက်လောက်သောက်ရင် အမောပြေ.. ဆိုတဲ့ သီချင်းလေးကို အမှတ်ရကြမှာပါ။ ဒီတစ်ကြိမ်မှာတော့ လှပတဲ့ တောင်တန်းတွေနဲ့ ပြည့်နှက်နေတဲ့ ချင်းပြည်နယ်မှ ရိဒ်ရေကန်ကို သွားရောက်ဖြစ်ခဲ့တဲ့အကြောင်းလေးကို ပြန်ပြောပြချင်ပါတယ်။ ချင်းပြည်နယ်ကိုသွားမယ်ဆိုရင် ကိုယ့်ဘက်ဂျက်ပေါ်မူတည်ပြီး လေယာဥ်နဲ့ ပဲဖြစ်ဖြစ် ကားနဲ့ဖြစ်ဖြစ်ပဲသွားလို့ရပါတယ်။  ကျွန်တော်တို့သွားတုန်းကတော့ ကားနဲ့ပဲ သွားခဲ့တာကြောင့် ရန်ကုန်-ကလေး-ရိဒ် ကားလမ်းကြောင်းအတိုင်း သွားရောက်ခဲ့ပါတယ်။

 ရန်ကုန်ကနေ ၃နာရီလောက်က ထွက်ခွာခဲ့ရာမှာ ကလေးမြို့ကို နောက်နေ့ နံနက်၁၀နာရီကျော်လောက် ရောက်ခဲ့ပါတယ်။ ကလေးကနေ ရိဒ်ကို အံစာတုံးကားလေးတွေနဲ့ ဆက်သွားရပါတယ်။ တကယ်လို့ အလုပ်ရှုပ်မခံချင်ဘူးဆိုရင် ရန်ကုန်-ရိဒ် တိုက်ရိုက်ကားလိုင်းတွေလည်းရှိတယ်လို့ သိရပါတယ်။ လမ်းခရီးက ကြမ်းတယ်ဆိုပေမယ့် သူငယ်ချင်းတွေအများကြီးစုသွားတာမို့လို့ လမ်းတစ်လျှောက် ပျော်စရာကောင်းခဲ့ပါတယ်။ 


ရိဒ်ရေကန်ရဲ့နေရာအတိအကျကတော့ ချင်းပြည်နယ်မြောက်ဖက်စွန်း၊ ဖလမ်းမြို့နယ်၊ ရိဒ်ခေါရ်ဒါမြို့မှာ တည်ရှိပါတယ်။ ကလေးမြို့အထွက်မှ ရှုခင်းတွေကလည်း အံ့မခမ်းလှအောင်ကိုပဲ လှပနေပါတယ်။ လှပလွန်းတဲ့ ချင်းတောင်တန်းတွေကို ကျော်ဖြတ်ရင်း တောင်ဇလပ်နီ တောင်ဇလပ်ဖြူ နဲ့ ချယ်ရီတွေ ကိုလဲ လမ်းတစ်လျှောက် တွေ့ခဲ့ရပါတယ်။ရိဒ်မြို့မရောက်ခင် လမ်းမှာ မံဆောင်းတံတားကိုဖြတ်ရပါတယ်။ နေမ၀င်ခင်ရောက်သွားတယ်ဆိုရင်တော့ တံတားအောက်က ကျေက်ခဲတွေနဲ့ ရေကြည်ကြည် ရှုခင်းအလှတေတေကိုမြင်တွေ့ရပါတယ်။


ရိဒ်ရေကန်ကြီးနားကိုရောက်တော့ ပထမဆုံးတွေ့ရတာက ကန်ကြီးကို ခြံစည်းရိုးရှည်ကြီးသဖွယ် သဘာဝအလျောက် စီတန်းပေါက်ရောက်နေတဲ့ မိုးမခပင်တွေပဲ ဖြစ်ပါတယ်။ အဆိုပါ မိုးမခပင်တန်းတွေကို ဒေသခံချင်းလူမျိုးတွေက ဝိညာဉ်ခြံစည်းရိုးလို့ ခေါ်ကြကြောင်း သိရပါတယ်။ ရိဒ်ရေကန်ဟာ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်နဲ့ ထိစပ်နေတာကြောင့် ရေကန်ကြီးကို လာရောက်လည်ပတ်ကြတဲ့ အိန္ဒိယလူမျိုးတွေကိုလည်း တွေ့ရပါတယ်။ ကျွန်တော်တို့ကတော့ ရေကန်ကြီးဆီကိုပဲ လာရောက်ကြတာဖြစ်တဲ့အတွက် အနီးက ဘန်ဂလိုတွေမှာပဲ တည်းခိုခဲ့ကြပါတယ်။

ရိဒ်ရေကန်တစ်ခုလုံးကို မြင်ရတဲ့ View Pointကနှစ်ခုရှိပြီး တစ်နေရာက ရိဒ်ခေါရ်ဒါ အထက်တန်းကျောင်းဖြစ်ကာ နောက်တစ်နေရာက တောင်ပေါ်က စည်ပင်ဧည့်ရိပ်သာဖြစ်တယ်လို့ သိရပါတယ်။ ကျွန်တော်တို့ကတော့ အထက်တန်းကျောင်းပေါ်က ကြည့်ရှုခဲ့ကြပြီး မြင်ကွင်းက တော်တော်လေး လှပတာကို တွေ့ရပါတယ်။ ကန်ဘေးမှာ Camping လုပ်နေသူတွေတွေ့ရပြီး ထမင်းချက်စားနေသူတွေကိုလည်း တွေ့မြင်ရပါတယ်။ အစားသောက်နဲ့ပတ်သက်ပြီး ပြောရမယ်ဆိုရင်တော့ ဆာဘူးသီးရယ်၊ နွားနောက်သားခြောက်ရယ်က မပါမဖြစ်ပါပဲ။ ဒါပေမယ့် အခြား စားသောက်စရာကတော့ ချင်းပြည်နယ်မှာရှားတာကြောင့် ရန်ကုန်ကနေ သယ်လာရင် ပိုအဆင်ပြေပါတယ်။ ပါလာတဲ့အထဲ မိန်းကလေးတွေကတော့ ကန်ကြီးကို မြင်နေရတဲ့ စာသင်ကျောင်းမှာ ဓာတ်ဖမ်းကြတာ တကယ့်ကိုလှပပြီး ရှယ်ပါပဲ။ ကန်ထဲမှာ စက်လှေစီးလို့ရတာကြောင့် ကျွန်တော်တို့လည်း စက်လှေပေါ်ကနေ အလှဓာတ်ပုံတွေ အများကြီးရိုက်ခဲ့ကြပါတယ်။ ညနေ နေမဝင်မီ ကန်ကို တစ်ပတ်လျှောက်ကြည့်ခဲ့ကြပြီး နေဝင်ချိန်ကိုတော့ စားသောက်ဆိုင်ဘက်တန်းကနေ ကြည့်ရှုခဲ့ကြပါတယ်။ တောင်ကြားထဲ နေဝင်သွားချိန် ရေကန်ပေါ် အရိပ်ထင်နေတဲ့အလှက အတော်လေး မိုက်ပါတယ်။


ညဘက် ဘန်ဂလိုမှာအိပ်ပြီး မနက်၉နာရီမှာတော့ ရိဒ်-ကလေး ဘက်စ်ကားကိုစီးပြီး ပြန်လာခဲ့ပါတယ်။ အဲ့ဒီနောက် ကလေးကနေ လာရာလမ်းအတိုင်းပဲ ရန်ကုန်မြို့ကို ပြန်လာခဲ့ကြပါတယ်။ ဒီခရီးစဉ်အတွက် ကျွန်တော်တို့သွားတုန်းကတော့ တစ်ဦးကို ၂သိန်းကျော်၀န်းကျင် ကုန်ကျခဲ့ကြပါတယ်။ ဒါကြောင့် ချင်းတောင်တန်းပေါ် ချင်းသီချင်းလေးတွေ နားထောင်ရင်း စိတ်ကြည်နူး ပြီးပြည့်စုံတဲ့ ခရီးတစ်ခုဖြစ်ခဲ့လို့ မိတ်ဆွေတွေအတွက်လည်း အတွေ့အကြုံတွေကို မျှဝေပေးလိုက်ပါတယ်။

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT  စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_travel




Some text some message..