ကောင်းကင်ဘုံရဲ့ အနိမ့်ဆုံးအထပ်လို့ တင်စားကြတဲ့ နောင်ချိုတိမ်ပင်လယ်
lotaya.mpt.com.mm
|
2023-01-26

ဒီတစ်ခေါက်တော့ ခရီးအဝေးလေးတစ်ခုကို သွားကြည့်ကြရအောင်။ တစ်ခြားနေရာတော့မဟုတ်ပါဘူး၊ အတော်များများ သိကြတဲ့ နောင်ချိုတိမ်ပင်လယ်ပါပဲ။ မြန်မာနိုင်ငံမှာ တိမ်ပင်လယ်တွေကတော့ အများကြီးပါ။ ဒါပေမယ့် နောင်ချိုတိမ်ပင်လယ်ကတော့ လူသိများပြီး နာမည်အကြီးဆုံးပါပဲ။ ဆောင်းရာသီဆိုရင်တော့ ခရီးသွားစရာ နေရာတွေ အများကြီးပါပဲ၊ တစ်ချို့က အနွေးဓာတ်ရမယ့် နေရာတွေကို သွားကြသလို၊ အအေးကြိုက်သူတွေကတော့ ရေခဲလောက်အောင် အေးတဲ့နေရာတွေ ဥပမာ - ကလောတို့၊ မြစ်ကြီးနားတို့ သွားကြပါတယ်။ ဒီထဲက လူကြိုက်များတဲ့ နေရာတစ်ခုကတော့ နောင်ချိုတိမ်ပင်လယ် ခရီးစဉ်ပါပဲ။

တိမ်ပင်လယ်ကိုသွားဖို့ အရင်ဆုံး ရန်ကုန်ကနေ မန္တလေးသွားရပါတယ်။ ဒါမှမဟုတ်လည်း ပြင်ဦးလွင်ပေါ့။ ပြင်ဦးလွင်ကနေ တစ်ဆင့်သွားတာက ပိုအဆင်ပြေပါတယ်၊ ဟိုတယ်တွေကလည်း နောင်ချိုသွားဖို့ ကားစီစဉ်ပေးလေ့ရှိသလို သီးခြားကားစီးလုံးငှားပြီးတော့လည်း သက်တောင့်သက်သာသွားလို့ရပါတယ်။ တိမ်ပင်လယ်ဆိုတာကတော့ တောင်နှစ်လုံးကြားက ချိုင့်ဝှမ်းထဲမှာ တိမ်တွေစုနေတဲ့ သဘောပါပဲ။ ဒါပေမယ့် သူ့ရာသီအချိန် အကန့်အသတ်ရှိပြီး နိုဝင်ဘာကနေ ဇန်နဝါရီလောက်ထိ မနက်စောစော ၅ နာရီကနေ ၈ နာရီလောက်ထိပဲ မြင်ရနိုင်ပါတယ်။


လက်ရှိနောင်ချိုမှာ တိမ်ပင်လယ်ကြည့်လို့ရတဲ့ နေရာတွေ ၇ ခုလောက် ဖြစ်လာပါပြီ။ ဒီထဲက နာမည်ကြီးပြီး နေလို့ကောင်းတဲ့ နေရာတွေကတော့ တိမ်ပင်လယ် Sky Resort, Cloudy Villa, Cutton Hill, Sea Cloud Resort, 7th Heaven နဲ့ မကြာသေးမီကမှ အသစ် ဖွင့်လှစ်ထားတဲ့ Win Villa တို့ပဲ ဖြစ်ပါတယ်။ တစ်ချို့ကံဆိုးတဲ့ လူတွေကတော့ တိမ်ပင်လယ်ကို မမြင်တွေ့ရပေမယ့်လည်း အဲဒီနေရာတွေ မြင်ရတဲ့ မြင်ကွင်းကြီးက တစ်သက်မမေ့နိုင်စရာ မြင်ကွင်းတွေပါ။ တည်းခိုစရာတွေအနေနဲ့တော့ Tent တွေကနေ ဝါးဘန်ဂလို၊ Suite Villa တွေထိ ရှိပါတယ်။


ဒီထဲကမှ Sky Resort ကတော့ ၂ ယောက်အိပ် tent က ၃၅၀၀၀ ကစပြီး တစ်ယောက်ကို ၁ သောင်းနှုန်းပိုများပြီး ၅ ယောက်ထိနေလို့ရတဲ့ tent တွေအထိ ရှိပါတယ်။ Tent လေးတွေကတော့ ရေချိုးခန်း၊ အိမ်သာ အများသုံးနဲ့ပါ။ ဝါးဘန်ဂလိုလေးတွေလည်းရှိပြီး ၂ ယောက်ကို ၅၅၀၀၀ နဲ့  ၆၅၀၀၀ တန်လေးတွေရှိပြီး ၆၅၀၀၀ တန်ကတော့ ရေချိုးခန်း၊ အိမ်သာတွဲလျက်ပါပါတယ်။ ၇ ယောက်ထိနေလို့ရပြီး extra တစ်ယောက်ကို ၁၅၀၀၀ ပဲ ကျသင့်ပါတယ်။ အကျယ်ဆုံးနဲ့ အမိုက်ဆုံးအခန်းဖြစ်တဲ့ နှစ်ထပ်မှန်အိမ်ကတော့ ၂ ယောက်အတွက် ၈၀၀၀၀ ကျသင့်ပြီး extra တစ်ယောက် ၁၅၀၀၀ နဲ့ ၁၂ ယောက်ထိနေလို့ ရပါတယ်။ အကောင်းဆုံးအချက်တစ်ခုကတော့ တည်းခိုသူအားလုံးအတွက် မနက်စာဘူဖေးအဝစား ပေးထားတာပါပဲ။

တိမ်ပင်လယ်ကြည့်ဖို့အတွက်ကိုတော့ မနက် ၅ နာရီလောက် ထရမှာပါ၊ သူတို့ဆီကပြောနေကျစကားအတိုင်းပဲ မျက်နှာနောက်မှသစ် တိမ်ပင်လယ်အရင်ကြည့်၊ မနက်စာ နောက်မှစား တိမ်ပင်လယ်အရင်ကြည့်ဆိုသလိုပါပဲ။ တိမ်တွေစထွက်လာတာနဲ့ မြင်ကွင်းကြီးက တကယ့်ကိုအံ့မခန်းပါ၊ ချမ်းနေတာတွေရော၊ ဗိုက်ဆာနေတာတွေပါ တစ်ပါတည်း ပျောက်သွားပါတယ်။


တိမ်တွေက သိပ်အကြာကြီးမခံတာမို့ ၈ နာရီခွဲလောက်ဆိုရင် အရှင်းပျောက်သွားတတ်ပါတယ်။ အဲ့ဒါကြောင့် မြန်မြန်ဆန်ဆန် တိမ်တွေနဲ့ ဓာတ်ပုံရိုက်ပြီးရင်တော့ မနက်စာဘူဖေးကို အဝဆွဲပါ။ တိမ်တွေရှင်းသွားရင်လည်း နောက်ခံမြင်ကွင်းကြီးက လှနေဆဲဖြစ်တာမို့ ပုံတွေမလှမှာတော့ စိတ်ပူစရာမလိုပါဘူး။ အပြန်ခရီးမှာ ပြင်ဦးလွင်မှာလည်း လည်ပတ်စရာတွေ အများကြီးရှိသလို၊ မန္တလေးဝင်ရင်လည်း စားစရာတွေ ဝယ်ချင်စရာတွေ တစ်ပုံကြီးမို့လို့ ဒီခရီးက တစ်ချက်ခုတ် သုံးချက်လောက် ပြတ်မယ့် ခရီးလေးအဖြစ်တယ်လို့ အကြံပေးချင်ပါတယ်။

MPT အနေဖြင့် ရပိုင်ခွင့်ရှိသည့် အခွင့်အရေးများအားလုံးကို သီးသန့်ထိန်းသိမ်းထားရှိပါသည်။ လူကြီးမင်းတို့အနေဖြင့် MPT လိုတရ ဝန်ဆောင်မှုတွင် ဖော်ပြထားသည့် စာမူများကို MPT  စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ပြန်လည်ထုတ်ဝေခွင့်မရှိပါ။

#lotaya_travel




Some text some message..