နေပြည်တော်၊ မေလ ၂၀။
ပြည်တွင်းတွင်လာရောက်ရင်းနှီးမြှုပ်နှံသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမှာ စင်္ကာပူနိုင်ငံကအများဆုံးဖြစ်ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံက ဒုတိယ၊ ဟောင်ကောင်က တတိယအများဆုံးဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ သိရသည်။
“နိုင်ငံပေါင်း ၃၅ နိုင်ငံမှရင်းနှီးမြှုပ်နှံမှုစီးဝင်လာသည့်အနက် စင်္ကပူနိုင်ငံမှ အမေရိကန်ဒေါ်လာ ၂.၉၈၅ ဘီလီယံဖြင့် ရင်းနှီးမြှုပ်နှံမှုပမာဏအများဆုံးဖြစ်ခဲ့ပြီး ဒုတိယအများဆုံးအနေနဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံက ရင်းနှီးမြှုပ်နှံမှု ပမာဏအမေရိကန်ဒေါ်လာ ၂. ၈၇၄ ဘီလီယံနှင့် တတိယအများဆုံးအနေဖြင့် ဟောင်ကောင်မှ ရင်းနှီးမြှုပ်နှံမှုပမာဏအမေရိကန်ဒေါ်လာ ၁.၈၁၅ ဘီလီယံဖြင့် နိုင်ငံခြားရင်းနှီးမြှုတ်နှံမှုများ ဝင်ရောက်လာ ခဲ့ပါတယ်” ဟု ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးဘရက်ဆင်းက ဆိုသည်။
ဒုတိယဝန်ကြီးက မေလ ၂၀ ရက်နေ့ကပြုလုပ်သည့် ပြည်သူ့လွှတ်တော်အစညး်အဝေးတွင် မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမဲဆန္ဒနယ်မှ ဦးထွန်းထွန်း၏ ၂၀၁၆ ခုနှစ်၊ ဧပြီလမှ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလအထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု မည်မျှတိုးတက်လာသည်နှင့် အနာဂတ်ရင်းနှီးမြှုပ်နှံမှု မျှော်မှန်းချက်များအား သိလိုခြင်းတို့နှင့်စပ်လျဉ်းသည့် မေးခွန်းကိုဖြေကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်အနေဖြင့် ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများ နှစ်စဉ်ဖွံ့ဖြိုးတိုးတက် လာစေရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ၂၀၁၆-၁၇ ဘဏ္ဍာနှစ် ဧပြီ ၂၀၁၉-၂၀ ဒီဇင်ဘာလအထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ၇၉၉ ခု၊ ရင်းနှီးမြှုပ်နှံမှုပမာဏ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၉.၄၅၅ ဘီလီယံ စိစစ်ခွင့်ပြုပေးခဲ့ပြီး မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု ၄၇၃ ခု၊ ရင်းနှီးမြှုပ်နှံမှုစုစုပေါင်း ကျပ် ၈၉၁၄.၁၉၁ ဘီလီယံ စိစစ်ခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း သိရသည်။