လူတွေရဲ့ အိမ်မွေးတိရိစ္ဆာန်အဖြစ် “ကြောင်”လေးတွေကို အိမ်တွေမှာ မွေးလာခဲ့ကြတဲ့သက်တမ်းဟာ နှစ်ပေါင်းထောင်ချီခဲ့ပြီဘဲဖြစ်ပါတယ်။ ကမ္ဘာတဝှမ်းမှာ ကွဲပြားတဲ့ယဉ်ကျေးမှုတွေ၊ လူမျိုးစုတွေများစွာရှိသလို “ကြောင်” မျိုးကွဲများစွာလည်းရှိပါတယ်။ အဲဒီလို “ကြောင်”မျိုးစိတ်များစွာထဲကမှ ကမ္ဘာပေါ်မှာ ဈေးအကြီးဆုံး “ကြောင်” အမျိုးအစား (၁၀) မျိုးကို ဖော်ပြပေးချင်ပါတယ်။
၁၀။ Norwegian Forest Cat
နော်ဝေသစ်တောကြောင်များသည် ဥရောပမြောက်ပိုင်းမှ ဆင်းသက်လာပြီး ကမ္ဘာ့ဈေးအကြီးဆုံးစာရင်းထဲမှာပါဝင်ပါတယ်။ နော်ဝေနိုင်ငံကို အေဒီ ၁၀၀၀ ခုနှစ်မှာ ရောက်ရှိလာခဲ့ကြတဲ့ ဗိုက်ကင်းလူမျိုးတွေနဲ့ အတူပါလာတဲ့ အမွှေးတိုကြောင်အမျိုးအစားမှ ဆင်းသက်လာတယ်လို့ ယုံကြည်ကြပါတယ်။ မူရင်းအမွှေးတိုကြောင်တွေကတော့ ဆိုက်ဘေးရီးယားနဲ့ တူရကီ အင်ဂိုရာမျိုးစိတ်များမှ ဆင်းသက်လာတယ်လို့ သိရပါတယ်။ သူရဲ့ အနိမ့်ဆုံးတန်ဖိုးကတော့ ဒေါ်လာ ၈၀၀မှ ၁၅၀၀ အတွင်းဖြစ်ပြီး “ကြောင်”ရဲ့ ပုံသဏ္ဍာန်နဲ့ အရည်အသွေးပေါ်မူတည်ပြီး ဈေးပိုကြီးနိုင်တယ်လို့ သိရှိရပါတယ်။
၉။ Egyptian Mau
နောက်ထပ် ဈေးအကြီးဆုံးကြောင်အမျိုးအစားမှာ ပါဝင်လာတဲ့ “ကြောင်” ကတော့ အီဂျစ်မော ဘဲဖြစ်ပါတယ်။ သူ့မှာပါတဲ့ သဘာဝအစက်အပြောက်များကြောင့် လူသိများပြီး ပုံပန်းသဏ္ဍာန်ကတော့ အလယ်အလတ်စားလောက်ရှိပါတယ်။ သူရဲ့ နောက်ထပ်ထူးခြားတဲ့ မျိုးစိတ်တခုကတော့ Bahraini Dilmun Cat ဖြစ်ပါတယ်။ အီဂျစ်မောတွေဟာ ၁၉၅၂ ခုနှစ်မှာ စတင်ပေါက်ဖွားလာတယ်လို့ သိရပါတယ်။ မျိုးရိုးဗီဇစစ်ဆေးမှုများအရ မြောက်အမရိကနဲ့ ဥရောပဇစ်မြစ်များမှ ဆင်းသက်လာတယ်လို့လည်း သိရပါတယ်။ အခြားအမျိုးအစား” ကြောင် ” များနဲ့ ကွဲပြားတဲ့အချက်များစွာရှိပြီး သိသာထင်ရှားတဲ့ အချက်တချက်ကတော့ တိုတောင်းတဲ့ ရှေ့ခြေထောက်များဘဲဖြစ်ပါတယ်။ သူ့ရဲ့ တန်ဖိုးကတော့ အနည်းဆုံး ဒေါ်လာ ၈၀၀ ကနေ ၁၈၀၀ အတွင်းရှိတယ်လို့သိရပါတယ်။
၈။ British Short Hair
ဗြိတိသျှမျိုးရင်း အမွှေးတိုကြောင်နဲ့ အမွှေးရှည်ကြောင်ဆိုပြီး ကြောင်အမျိုးအစားနှစ်မျိုးရှိပြီး အမွှေးတိုကြောင်ကတော့ လူကြိုက်များထင်ရှားပါတယ်။ ဗြိတိသျှအမွေးတိုကြောင်အမျိုးအစားသည် တိုတုတ်သောခန္ဓာကိုယ်၊ ကုတ်အင်္ကျီတထည်လိုထူထဲသောအမွှေးတိုများ၊ ကြီးမားတဲ့ မျက်နှာ၊ ကြေးနီရောင်မျက်လုံးနဲ့ အလယ်အလတ်အစားရှိတဲ့ အမြီးတို့ရှိပါတယ်။ တွေ့ရအများဆုံးသော အရောင်မှာ မီးခိုးရောင်နဲ့ အပြာရောင်စပ်ထားတဲ့အရောင်မျိုးဖြစ်ပြီး သူရဲ့တန်ဖိုးကတော့ အနိမ့်ဆုံးဒေါ်လာ ၆၀၀ မှ ၃၀၀၀ အထိရှိနိုင်တယ်လို့သိရပါတယ်။
၇။ Scottish Fold
သူတို့ရဲ့ တိုကပ်ပြီး ခွေခေါက်နေတဲ့ နားရွက်တွေကြောင့် ဇီးကွက်တွေကဲ့သို့သော အသွင်အပြင်မျိုးဖြစ်စေပါတယ်။ ၆၀ ခုနှစ်မတိုင်ခင်က Lops ဒါမှမဟုတ် Lop-Eared လို့လူသိများခဲ့ပြီး ၁၉၆၆ ခုနှစ်မှာတော့ Scottish Fold လို့ သူတို့ရဲ့ ပုံပန်းသဏ္ဍာန်နဲ့လိုက်ဖက်ညီအောင် ပြောင်းလဲခဲ့ပါတယ်။ သူတို့ရဲ့ တန်ဖိုးကတော့ အနိမ့်ဆုံး ဒေါ်လာ ၁၀၀၀ ကနေ ၃၀၀၀ အထိရှိတယ်လို့ သိရပါတယ်။
၆။ Sphynx Cat
Sphynx Cat ကလည်း ဈေးအကြီးဆုံးကြောင်မျိုးစိတ်များစာရင်းတွင်ပါဝင်ပြီး သူရဲ့ ခန္ဓာကိုယ်မှာ အမွှေးအမျှင်မရှိခြင်းကြောင့် လူသိများပါတယ်။ သူတို့ကို ၁၉၆၀ ပြည့်လွန်နှစ်များကတည်းက လူကြိုက်များပြီး မွေးမြူလိုသူများပြားခဲ့ပါတယ်။ သူတို့ဟာ မွေးမြူလိုသူများပြားပြီး အရေအတွက်မှာ ရှားပါးသောကြောင့် ဈေးကြီးရခြင်းဖြစ်တယ်လို့လည်း သိရပါတယ်။ သူတို့ရဲ့ တန်ဖိုးကတော့ ဒေါ်လာ ၁၅၀၀ ကနေ ၆၀၀၀ အထိရှိတယ်လို့သိရပါတယ်။
၅။ Russian Blue
ဒီရုရှားအပြာရောင်ကြောင်အမျိုးအစားသည်လည်း ဈေးအကြီးဆုံးကြောင်မျိုးကွဲများစာရင်းတွင်ပါဝင်ပြီး မူရင်းကြောင်များသည် ရုရှားနိုင်ငံ Archangel ကျွန်းများမှ ဖြစ်တယ်လို့ယုံကြည်ရပါတယ်။ ကောလာဟလများအရ ရုရှားအပြာရောင်ကြောင်များသည် ရုရှားနန်းမျိုးရိုးဆီဇာဘုရင်များရဲ့ ကြောင်များမှ ဆင်းသက်လာတယ်လို့လည်း ပါးစပ်ရာဇဝင်ရှိကြပါတယ်။ သူရဲ့ တန်ဖိုးကတော့ ဒေါ်လာ ၃၀၀၀ ရှိတယ်လို့ သိရပါတယ်။
၄။ Peterbald
သူတို့ရဲ့ မူရင်းမျိုးစိတ်ဟာ ရုရှားမှဖြစ်တယ်လို့ လူသိများပြီး ပုံပန်းသဏ္ဍာန်က Oriental Shorthairs နဲ့ ဆင်တူပါတယ်။ သူတို့ရဲ့ ထူးခြားတဲ့အချက်တချက်ကတော့ အမွှေးတွေကျွတ်ထွက်ကုန်တဲ့ မျိုးရိုးဗီဇရှိခြင်းဘဲဖြစ်ပါတယ်။ သူတို့ရဲ့ တန်ဖိုးကတော့ ဒေါ်လာ ၁၀၀၀ မှ ၅၀၀၀ ထောင်အထိရှိတယ်လို့သိရပါတယ်။
၃။ Bengal Cat
ဘင်္ဂလားကြောင်များသည် တန်ဖိုးကြီးထိပ်တန်းကြောင်အမျိုးအစားများဖြစ်ကြပါတယ်။ သူတို့ရဲ့ ပုံပန်းသဏ္ဍာန်ကတော့ အရိုင်းဆန်တဲ့ ပုံမျိုးရှိပြီး ကျားသစ်နဲ့ ဆင်တူပါတယ်။ သူတို့သည် ရွှေရောင်တောက်ပနေတဲ့ Leopard Cat မျိုးရိုးက ဆင်းသက်လာတာဖြစ်တယ်လို့သိရပါတယ်။ သူတို့ရဲ့တန်ဖိုးကတော့ ဒေါ်လာ ၁၅၀၀ ကနေ ၂၅၀၀၀ အထိရှိတယ်လို့သိရပါတယ်။
၂။ Allerca Hypoallergenic Cat
Allerca Hypoallergenic Cat တကောင်သည် အနိမ့်ဆုံး ဒေါ်လာ ၆၀၀၀ လောက်ကနေ ၅၀၀၀၀ လောက်အထိတန်ကြေးရှိတယ်လို့သိရပါတယ်။ ဒါဟာ ကြောင်ချစ်သူတွေရဲ့ အံ့ဩစရာ ရူးသွပ်မှုတခုလည်းဖြစ်ပါတယ်။ သူတို့ကို ပိုင်ရှင်တွေနဲ့ ဓါတ်မတည့်မှုမဖြစ်ရအောင် မျိုးရိုးဗီဇစမ်းသပ်မှုတွေ ပြုလုပ်ကြပေမယ့် ပိုင်ရှင်အနည်းစုကတော့ ဓါတ်မတည့်မှုတွေကို ခံစားရဆဲဖြစ်တယ်လို့ သိရှိရပါတယ်။
၁။ Ashera Cat
Ashera Cat သည် ကမ္ဘာပေါ်တွင် အရှားပါးဆုံးနဲ့ ထူးခြားမှုအရှိဆုံးအိမ်မွေးတိရိစ္ဆာန်ဘဲဖြစ်ပါတယ်။ ဒီမျိုးစိတ်ကို ထူးခြားဆန်းပြားတဲ့ မျိုးစိတ် ၂ မျိုးဖြစ်တဲ့ အာဖရိကန် Serval နဲ့ Asian Leopard ကြောင်နှစ်ကောင်မှ ပေါင်းစပ်မွေးမြူထားခြင်းဖြစ်ပါတယ်။ Ashera Cat တွေဟာ ၄ပေအမြင့်ရှိပြီး ပေါင် ၃၀ အလေးချိန်ရှိပါတယ်။ သူတို့သည် သက်တမ်း ၂၅ နှစ်ခန့် အသက်ရှည်နိုင်တယ်လို့ သိရပါတယ်။ သူတို့ရဲ့ တန်ဖိုးကတော့ ဒေါ်လာ ၁၂၅၀၀၀ တန်ကြေးရှိတယ်လို့သိရပါတယ်။
#Lifestyle_Myanmar
#Dmo_aung
#Ref-wonderslist