အသက်အာမခံကြေး သန်း ၃၀အတွက် ဇနီးသည်ကို ပြန်သတ်ခဲ့တဲ့ ခင်ပွန်း
popolay.com
|
2018-12-12

တရုပ်နိုင်ငံကအမျိုးသားတစ်ဦးဟာအသက်အာမခံ တရုပ်ယွမ် သန်း ၃၀ ရယူလိုမှုဖြင့် ဇနီးဖြစ်သူကို ကြိုတင်ကြံစည်ပြီး သတ်ပစ်ခဲ့ပါတယ်။ ဇနီးသည်ရဲ့ မိဘများ (ယောက္ခမ) က မသင်္ကာပဲအမှုမှန်ပေါ်ပေါက်ရန် ကိုယ်တိုင် စုံစမ်းပြီးတဲ့နောက်မှာတော့ ဖမ်းဆီးခံခဲ့ရပါတယ်။

တရုပ်နိုင်ငံ တီယန်ကျင်းမြို့က ‘ကျန်းဝေဖန်’အမည်ရှိတဲ့အမျိုးသားဟာ ဇနီးသည် ‘ရှောင်ကျဲ’ နဲ့ ၂၀ လသားအရွယ် သမီးလေးတို့နဲ့အတူ ပြီးခဲ့တဲ့အောက်တိုဘာ လကုန်ပိုင်းက ထိုင်းနိုင်ငံ ဖူခက်ကိုအပန်းဖြေခရီး ထွက်ခဲ့ကြပါတယ်။ ဖူခက်ရောက်ပြီး တတိယမြောက်နေ့မှာပဲ ‘ရှောင်ကျဲ’ ရဲ့ မိဘတွေဆီကို ‘ကျန်းဝေဖန်’ က ဖုန်းဆက်ပြီး သူတို့ရဲ့ သမီးဟာ ဟိုတယ်က ရေကူးကန်မှာ ရေကူးရင်း သေဆုံးသွားကြောင်း သတင်းလှမ်းပေးခဲ့ပါတယ်။





‘ရှောင်ကျဲ’ ဟာ ရေကူးကျွမ်းကျင်တာကို သိထားတဲ့ သူမရဲ့ မိဘတွေဟာ မယုံကြည်နိုင်ပဲ ‘ကျန်းဝေဖန်’အပေါ် စတင်သံသယ ဝင်ခဲ့ပါတယ်။ ‘ကျန်းဝေဖန်’ ကတော့ သူ့ဇနီး ရေနစ်သေဆုံးကြောင်း ဖူခက်မှာရှိတဲ့ သက်ဆိုင်ရာကို သတင်းပို့ခဲ့ပြီး ဇနီးကို သြင်္ဂိုလ်ပြီးနောက် ဖူခက်ကနေ တီယန်ကျန်းကို ပြန်လည်ရှောင် ထွက်လာနိုင်ခဲ့ပါတယ်။

အဲဒီနောက် ‘ရှောင်ကျဲ’ ရဲ့ မိဘတွေဆီ သွားတွေ့ပြီး နှစ်သိမ့်ခဲ့ချိန်မှာ ယောက္ခဖြစ်သူက သမီးဖြစ်သူရဲ့ သင်္ချိုင်းကို သွားချင်တာကြောင့် သူ့တို့ကို ဖူခက်ကို ပို့ပေးရန် ပြောဆိုခဲ့သဖြင့် နောက်တစ်ကြိမ် ယောက္ခမတွေနဲ့အတူ ဖူခက်ကို ပြန်လာခဲ့ပါတယ်။

‘ရှောင်ကျဲ’ရဲ့ မိဘတွေက သြင်္ဂိုလ်ပြီးသားအလောင်းကို ပြန်လည်တူးဖော်ခိုင်းတဲ့အခါ ပွန်းပဲ့ဒဏ်ရာတွေကို တွေ့ရှိခဲ့တာကြောင့် သံသယက ပိုမိုခိုင်မာသွားပြီး ရဲကို တိုင်ကြားခဲ့ပါတယ်။ ရဲက ‘ကျန်းဝေဖန်’ ကို သေချာ စစ်ဆေးပြီးတဲ့အခါမှာတော့ ရေကူးကန်ထဲမှာအတူတူ ရေကူးနေစဉ် ရေထဲမှာ ဇနီးဖြစ်သူရဲ့ ခေါင်းကိုအပေါ်ကနေ လက်နဲ့ဖိထားခဲ့ပြီး ရေနှစ်သတ်ခဲ့ကြောင်း ပေါ်ပေါက်ခဲ့ပါတယ်။

ဆက်လက်စစ်ဆေးတဲ့အခါ ခရီးမထွက်ခင် တစ်လလောက်အလိုထဲက ‘ကျန်းဝေဖန်’ ဟာ ဇနီးသည်အတွက်အသက်အာမခံတွေအများအပြားဝယ်ထားပြီး (လျှော်ကြေး သန်း ၃၀ ရနိုင်သော) ကြိုတင်စီစဉ်ထားတာကို တွေ့ရှိခဲ့ပါတယ်။ ဒါ့အပြင် သူဟာအလုပ်လက်မဲ့ တစ်ဦးဖြစ်သော်လည်း နေ့တိုင်းအလုပ်သွားချင်ယောင် ဆောင်ထားတာလည်း ပေါ်သွားခဲ့သလို သူ့ရဲ့ ကွန်ပျူတာ ဟာ့ဒစ်ထဲမှာ ၁၅၈ ဂစ်ဂါဘိုက်ခန့်ရှိတဲ့အညှီအဟောက်အပြာ ရုပ်သံ ဓါတ်ပုံတွေကိုပါ ထပ်မံတွေ့ရှိခဲ့ပါတယ်။





‘ရှောင်ကျဲ’ ရဲ့ မိဘတွေကတော့ တရားခံကို တရုပ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးဖို့ နည်းလမ်းရှာနေကြပြီး ‘ကျန်းဝေဖန်’ ကျူးလွန်ခဲ့တဲ့အပြစ်ဟာ တရုပ်ဥပဒေအရ သေဒဏ်ကျခံရမှာ ဖြစ်ပါတယ်။




Some text some message..