အောင်ဘာလေ ထီလက်မှတ် တစ်စောင် ကျပ် ၁၃၀၀ သို့မြင့်တက်
mmtimes.com
|
2020-08-24



အောင်ဘာလေထီဆိုင်တစ်ဆိုင်၌ ထီလက်မှတ် ဝယ်ယူနေသူတစ်ဦးအား တွေ့ရစဉ်။ ဓာတ်ပုံ- မြန်မာတိုင်းမ်

အောင်ဘာလေ ထီလက်မှတ် တစ်စောင် ကျပ် ၁၃၀၀ သို့မြင့်တက်

အောင်ဘာလေထီလက်မှတ် လက်လီဈေးကွက်အတွင်း ထီလက်မှတ်ဈေးနှုန်းများ မြင့်တက်လျက်ရှိရာ ယခုရက်ပိုင်းအတွင်း ထီလက်မှတ်တစ်စောင်လျှင် ကျပ် ၁၃၀၀ အထိမြင့်တက်လာကြောင်း ထီရောင်းချသူများ ထံမှ သိရသည်။

ထီလက်လီဈေးနှုန်းသည် ယခုလအစကပင် တစ်စောင်လျှင် ၁၁၀၀ ကျပ်ဖြင့် ရောင်းချနေခဲ့ရာမှ တစ်စောင်လျှင် ကျပ် ၁၂၀၀ သို့မြင့်တက်ပြီးနောက် ယခုအခါ တစ်စောင်လျှင် ကျပ် ၁၃၀၀ သို့ မြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ထီလက်လီဈေးနှုန်းများမြင့်တက်နေသော်လည်း လက်ကားဈေးနှုန်းများ ပြန်ကျလာကြောင်း ထီလုပ်ငန်းပိုင်ရှင်များက ဆိုသည်။

" အရင်က လက်ကားဈေးတစ်စောင်ကို (ကျပ်)၁၁၀၀ လောက်အထိတက်တယ်။ အခုတော့ ၁၀၀၀ ဝန်းကျင်လောက်ပဲရှိတော့တယ်။ (ထီလက်မှတ်)ပြန်သွင်းတဲ့သူတွေ များနေလို့ပါ " ဟု ရတနာသိန်းထိုက်အောင် ထီလုပ်ငန်း ပိုင်ရှင် ဦးအောင်စောနိုင်က ပြောသည်။

သို့သော် လက်လီဈေးနှုန်းများမကျခြင်းနှင့်ပတ်သက်၍ ၎င်းက " အခုလက်လီဈေးကို ချမရောင်းကြတာက အရင် လက်ကားဈေးအမြင့်နဲ့ ဝယ်ထားရတာကြောင့်ပါ " ဟု ပြောသည်။

ဆက်လက်၍ ထီလုပ်ငန်းရှင် ဦးအောင်စောနိုင်က ယခုလထီဈေးကွက်အလားအလာနှင့်ပတ်သက်၍ ထီလက်မှတ်ဈေးနှုန်း အတက်အကျမှာ ထီဝယ်ယူကံစမ်းသူများ၏ ဝယ်လိုအားပေါ်မူတည်ကြောင်း သုံးသပ်ပြောဆိုသည်။

ထိုသို့ ထီလက်မှတ်ဈေးနှုန်းမြင့်တက်ရခြင်းသည် ပြည်တွင်းအခွန်များဦးစီးဌာနက အက္ခရာ ၃၇ လုံးသာ ထုတ်ရောင်းနေခြင်းကြောင့်လည်း ပါဝင်ပြီး လာမည့်လများတွင် အက္ခရာအလုံး ၄၀ အထိ တိုးထုတ်မည်ဖြစ်သည့်အတွက် ထီဈေးနှုန်းများ ပုံမှန်ပြန်ဖြစ်သွားမည်ဖြစ်ကြောင်း ထီလုပ်ငန်းများက ဆိုသည်။

လက်ရှိ ထီလက်မှတ်ဈေးကွက်အတွင်း လက်လီအပြင် လက်ကားအရောင်းအဝယ်တို့မှာ ကောင်းမွန်ခြင်းမရှိဘဲ အရောင်းအဝယ်အေးနေကြောင်း သိရသည်။

ထီလက်မှတ် ကိုယ်စားလှယ်ယူရောင်းသူများ COVID-19 ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့သည့် ဧပြီ၊ မေနှင့် ဇွန်လများနောက်ပိုင်း ဇူလိုင်လအတွင်းမှစ၍ ပြန်လည်များပြားလာခဲ့ပြီးနောက် ထီအရောင်းအဝယ်မှာလည်း ပြန်လည်မြင့်တက်လာပြီး ဈေးနှုန်းများလည်း လိုက်ပါမြင့်တက်လာရခြင်းဖြစ်ကြောင်း၊ COVID-19 ဖြစ်ပေါ်နေသည့်ကာလများအတွင်းက ထီတစ်စောင်လျှင် ကျပ် ၁၀၀၀ ဖြင့်ရောင်းချခဲ့စဉ်တွင်ပင် ထီလက်မှတ်များစွာ ရောင်းမထွက်ခဲ့ကြောင်း ထီလုပ်ငန်းရှင်များက ဆိုသည်။

ပြည်တွင်းအခွန်များဦးစီးဌာနသည် အောင်ဘာလေထီ ၁၅ ကြိမ်မြောက် ဖွင့်လှစ်ရန်အတွက် ဧပြီလအတွင်းက ထီအုပ်ရေ ၃၁ သိန်းကျော် ရိုက်နှိပ်ရောင်းချခဲ့သော်လည်း ၁၃ သိန်းကျော်သာ ရောင်းချနိုင်ခဲ့ပြီး ကျပ် ၁၈ သိန်းကျော်အထိ ထီရောင်းချမှု သမိုင်းတစ်လျှောက် စံချိန်တင် ထီလက်ကျန်များခဲ့ပြီးနောက် ထီဆုသည်လည်း ထက်ဝက်ခန့်အထိ လျော့ကျခဲ့သည်။

သို့သော် ၁၆ ကြိမ်မြောက်တွင် ထီအုပ်ရေ ၂၆ သိန်းအထိ ပြန်လည်ရောင်းချနိုင်ခဲ့သည့်အတွက် ထီဆုမဲမှာလည်း ကျပ်သန်း ၁၅,၆၀၀ အထိခွဲဝေချီးမြှင့်ခဲ့သည်။




Some text some message..