ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ကားထုတ်လုပ်ရန် ခြေလှမ်းများစတင်
automobiledirectory.com.mm
|
2020-09-02

ကမ္ဘာ့ဒုတိယအကြီးဆုံး အထည်တင်ပို့သူအဖြစ် ပေါ်ထွက်လာခဲ့ပြီးနောက် ဘင်္ဂလားဒေ့ရ်ှသည်ဂျပန် မော်တော်ကားကုမ္ပဏီ Mitsubishi ၏ အကူအညီဖြင့် မော်တော်ယာဉ်များကို စတင်ထုတ်လုပ်တော့မည် ဖြစ်သည်။


လွတ်လပ်ရေးရွှေရတုအခမ်းအနားကျင်းပရန်တစ်နှစ်မျှသာ လိုတော့သည့် အချိန်တွင်ဘင်္ဂလားဒေ့ရ်ှသည် ၎င်း၏ကိုယ်ပိုင်အမှတ်တံဆိပ်မော်တော်ယာဉ်များကို ထုတ်လုပ်တော့မည် ဖြစ်သည်။ဘင်္ဂလားဒေ့ရ်ှအစိုးရသည် မကြာမီ မော်တော်ကားထုတ်လုပ်မှုကိုစတင်မည်ဖြစ်ပြီး ယင်းအတွက် မော်တော်ယာဉ်စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ မူဝါဒအသစ်ကိုရေးဆွဲပြီး မကြာမီအတည်ပြုတော့မည် ဖြစ်သည်။


ယခုအချိန်အထိ ဘင်္ဂလားဒေ့ရ်ှသည် အိန္ဒိယနှင့်ဂျပန်အပါအဝင် ကမ္ဘာအနှံ့ရှိ နိုင်ငံအသီးသီးမှ အိမ်စီးကားများနှင့် ကုန်တင်ကားများကို တင်သွင်းလျက်ရှိရာ၌ သွင်းကုန်ခွန် မြင့်မားများပြားလာခြင်းကြောင့် အလျင်အမြန်တိုးတက်နေသောလူလတ်တန်းစားအနေဖြင့် သူတို့၏မိသားစုများအတွက် မော်တော်ယာဉ်များ ဝယ်ယူဖို့ မတတ်နိုင်ကြချေ။


ဘင်္ဂလားဒေ့ရ်ှစက်မှုလုပ်ငန်းဝန်ကြီး Nurul Majid Mahmud Humayun သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ ဂျပန်သံအမတ် Ito Naoki နှင့် တွေ့ဆုံပြီးသည့်နောက်တွင် ပြည်တွင်းမှာ ကိုယ်ပိုင် အမှတ်တံဆိပ်ဖြင့် မော်တော်ယာဉ်များ ထုတ်လုပ်ရန် စိတ်ကူးအိပ်မက်ကို အကောင်အထည်ဖော်ရန်အတွက် လမ်းစကို ရရှိခဲ့သည်။


နိုင်ငံပိုင် Pragati Industries သည် ဘင်္ဂလားဒေ့ရ်ှအတွက် မော်တော်ယာဉ်များ ထုတ်လုပ်မည် ဖြစ်သည်။ ဘင်္ဂလားဒေ့ရ်ှတွင် လုပ်သားခများ ဈေးပေါသည့် အားသာချက် ရှိနေပြီး ကားတင်ပို့သူ ဖြစ်လာနိုင်သည်။Pragati Industries သည် Mitsubishi Motors မှ ထုတ်လုပ်သောကားများ တပ်ဆင်ထုတ်လုပ်နေပြီး ယခုလို ကိုယ်ပိုင်အမှတ်တံဆိပ်ဖြင့် ထုတ်လုပ်ခြင်းသည် ဘင်္ဂလားဒေ့ရ်ှအတွက်ပိုမိုအကျိုးဖြစ်ထွန်းစေမည်ဖြစ်သည်ဟု မျှော်မှန်းထားသည်။


စစ်တကောင်းအခြေစိုက် PHP Motors သည် မလေးရှားနိုင်ငံ၏ PROTON မှ ထုတ်လုပ်သောကားများကို ထုတ်လုပ်လျက်ရှိသည်။ အိန္ဒိယမော်တော်ယာဉ်ကုမ္ပဏီများဖြစ်သည့် Tata Motors နှင့် Mahindra & Mahindra တို့သည်ပြည်တွင်းထုတ်လုပ်သူများနှင့် အကျိုးတူပူးတွဲပြီး အချက်အချာကျသောနေရာတွင် မော်တော်ယာဉ်များ တပ်ဆင်ရန် စိတ်ဝင်စားကြသည်။


သို့သော်အစိုးရပိုင် Pragati Industries သည် ၎င်း၏ကိုယ်ပိုင် အမှတ်တံဆိပ် မော်တော်ယာဉ်များကို စတင်ထုတ်လုပ်သည့်အခါ ပြည်ပလုပ်ငန်းများ၏ ယာဉ်များကို တပ်ဆင်ထုတ်လုပ်ရန်အလားအလာမှာ ကျဆင်းလာလိမ့်မည်။ လတ်တလောတွင် ဘင်္ဂလားဒေ့ရ်ှဈေးကွက်မှာ နှစ်စဉ်ကားအစီးရေ ၂၃၀၀၀ ခန့်ကို ရောင်းချလျက်ရှိပြီး ၄င်းတို့အနက် ၃၀၀၀ ဝန်းကျင်သည် ကားအသစ်များဖြစ်ပြီး ကျန်ကားများမှာ တစ်ပတ်ရစ်ကို ပြန်မွမ်းမံထားသည့် ကားများ ဖြစ်သည်။


မော်တော်ယာဉ်လုပ်ငန်းဖွံ့ဖြိုးမှုပေါ်လစီမူကြမ်းအရ ပြည်တွင်းအမှတ်တံဆိပ်ဖြင့် ထုတ်လုပ်သောကားများကို ဈေးသက်သာသောဈေးနှုန်းဖြင့် ရရှိနိုင်မည်ဟု ဆိုသည်။ လွန်ခဲ့သောခုနစ်နှစ်အတွင် းဘင်္ဂလားဒေ့ရှ်အထည်ချုပ်လုပ်ငန်းသည် နှစ်စဉ်ဝင်ငွေဒေါ်လာ ၁၉ ဘီလီယံမှ ၃၄ ဘီလီယံသို့ တိုးလာခဲ့ပြီး ၇၉ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။၎င်းသည်ဘင်္ဂလားဒေ့ရ်ှနိုင်ငံ ပြည်ပပို့ကုန်၏ ၈၀ ရာခိုင်နှုန်းဖြစ်ပြီးကမ္ဘာပေါ်ရှိ အထည်အလိပ်တင်ပို့မှု ဒုတိယအများဆုံးနိုင်ငံ ဖြစ်သည်။


By Myanmar Automobile Guide


Ref: Internet




Some text some message..