အချစ်ရေးမှာ လူရွေးမှားနေပြီဆိုတာ သိသာစေတဲ့အချက် (၆)ချက်…
weddingguide.com.mm
|
2020-09-21

ချစ်သူရွေးကြတဲ့အခါ ဘယ်လို စံနှုန်းတွေနဲ့ ရွေးကြမှာလဲ။ တစ်ယောက်ချင်းစီရဲ့ ideal type တွေက မတူကြပေမယ့် အချစ်ရေး ကံကောင်းချင်ကြတာကတော့ လူတိုင်းပါ။

ဒီတစ်ခေါက်မှာတော့ Wedding Guide ရဲ့ ပရိတ်သတ်တွေ အနေနဲ့ အချစ်ရေးမှာ လူရွေးမှားနေပြီဆိုတာ သိနိုင်မယ့် အချက်လေးတွေကို ဖော်ပြပေးချင်ပါတယ်။

(၁) သင်လုပ်သမျှအရာရာကို အဆိုးဘက်က ဝေဖန်တတ်တယ်။

သင်ဝတ်ထားတဲ့ အဝတ်အစား ပုံစံကအစ၊ သင်ရွေးချယ်တဲ့ ဂီတ၊ ရုပ်ရှင်အလယ်၊ သင့်ကိုယ်ရည်ကိုယ်သွေးနဲ့ဆိုင်တာတွေအဆုံး … သူ့အမြင်မှာ အပြစ်တင်စရာ တစ်ခုမဟုတ် တစ်ခု ရှိနေတယ်။ ပြီးတော့ ကိုယ့်ရဲ့အရာရာကို အဆိုးဘက်က ဝေဖန်နေတတ်တယ်ဆိုရင် သင့်အနေနဲ့ လူရွေးမမှားဘူး ဆိုရင်တောင် မှန်တော့ မမှန်ပါဘူးလို့ ပြောရ မှာပါ။

(၂) စကားပြောမှားသွားမှာအမြဲစိုးရိမ်နေရတယ်။

တခါတရံ ကိုယ်ချစ်တဲ့သူနဲ့ ပြောနေတာမှ ဟုတ်ရဲ့လားလို့တောင် တွေးမိတဲ့ အထိပါပဲ။ ကိုယ်ပြောလိုက်တဲ့စကားကြောင့် နှစ်ယောက်သား ပြဿနာတက်ရမှာကို စိုးရိမ်ရတဲ့သူက အမြဲကိုယ်ပဲ ဖြစ်နေပြီး စကားမှားသွားမှာကို စိတ်ပူနေ ရတာမျိုးပေါ့။ ဒါဆိုရင်တော့ သင့်လက်ရှိ အချစ်ရေး အနေအထားက စိတ်မကောင်းစရာပါပဲ။

(၃) သင်ပြောတဲ့စကားတွေကို နားထောင်ဖို့ဘယ်တော့မှစိတ်မရှည်ဘူး။

နားထောင်ခြင်းက ချစ်ခြင်းရဲ့ ပြယုဂ်တစ်ခုပါ။ တကယ်ချစ်တဲ့သူတစ်ယောက်က ကိုယ့်ချစ်သူပြောတာတွေကို စိတ်ရှည်လက်ရှည် နားထောင်ချင်ကြပြီး ပြောတဲ့ အကြောင်းအရာတွေကိုလည်း ပြီးပြီးရော နားထောင်တာမျိုး မဟုတ်ဘဲ စိတ်ဝင်တစားနားထောင်တာမျိုးပါ။ကိုယ်ပြောတာတွေကိုတောင် ကောင်းကောင်းနားမထောင်ပေးတတ် တဲ့သူက ကိုယ့်အတွက် လက်တွဲဖော်ကောင်းတစ်ယောက် ဖြစ်ပါ့မလားဆိုတာ စဉ်းစားစရာပါ။

(၄) မပျော်ရွှင်ရဘူး။

ပျော်ချင်ရုံသက်သက်နဲ့ ချစ်သူထားတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ကိုယ်တည်ဆောက်လိုက်တဲ့ အချစ်ရေးက ပျော်စရာကောင်းနေတာမျိုးတော့ လူတိုင်းလိုချင်တာပေါ့။ ကိုယ့်ဘာကိုယ် နေတာအကောင်း၊ အချစ်ရှိလာမှ စိတ်ညစ်စရာကြီး ဖြစ်သွားတယ်ဆိုရင်တော့ ဒါတစ်ခုခု မှားနေပါပြီ။ အချစ်ကြောင့် ဘဝက ပိုပျော်ဖို့ ကောင်းသွားတာ၊ ပိုပြည့်စုံသွားတာမျိုးပဲဖြစ်သင့်တာပါ။

(၅) ပြဿနာဖြစ်တိုင်း သူမှားတယ်ဆိုတာမရှိဘူး။

နှစ်ယောက်ကြားမှာ ဘာပဲဖြစ်ဖြစ် သူ့အမှား တစ်ခုမှမရှိဘူး၊ အကုန်ကိုယ့် အမှားချည်းပဲ။ ကိုယ့်ကြောင့်ပဲ ဒီပြဿနာတွေ ဖြစ်ရတယ် ဆိုတာမျိုး အမြဲလုပ်တတ်ပါတယ်။ သင့်ချစ်သူက အရာရာသင့်အမှားတွေချည်းပဲဖြစ်အောင် ပြောတတ်တဲ့ သူမျိုးဆိုရင်တော့ သေချာတယ်၊ သင်လူရွေးမှားနေပါပြီ။

(၆) သင့်ကိုပြုပြင်ဖို့ကြိုးစားနေတယ်။

သင့်ကို ကောင်းစေချင်လို့၊ ချစ်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ သင့်ရဲ့အရာရာကို ပြုပြင်ဖို့ ကြိုးစားနေတာမျိုးပေါ့။ သင့်ကိုတကယ်ချစ်တဲ့သူက သင့်ရဲ့ နဂိုပုံစံကို ပြုပြင်ဖို့ ကြိုးစားမှာ မဟုတ်ပါဘူး။

Source: Shwe Mon




Some text some message..