သမီးရည်းစားနှစ်ယောက်ကြားမှာ လုံးဝမပြောသင့်တဲ့ စကားလုံးများ
lifestylemyanmar.com
|
2020-10-09



သမီးရည်းစားဖြစ်တယ်ဆိုတာကလည်း ဖူးစာဆုံသင့်ဆုံထိုက်လို့ ဖြစ်လာတာပဲမဟုတ်လား။ ဒီတော့ တွေ့ဆုံကြုံကြိုက်ချစ်ခင်ရတဲ့အခိုက်မှာ တစ်ယောက်နဲ့တစ်ယောက် နာကျင်စရာတွေမပေးဘဲ ပျော်စရာတွေနဲ့အမှတ်တရကောင်းတွေကိုပဲ ဖန်တီးသင့်ပါတယ်။ ဒါပေမယ့် တစ်ခါတလေမှာ ကိုယ်ကဘာရယ်မဟုတ်ဘူး၊ ပြောလိုက်တဲ့စကားလုံးတွေက ကြီးမားတဲ့ဒဏ်ရာဒဏ်ချက်တွေဆီကို ဦးတည်သွားနိုင်တာကြောင့် ဒီနေ့မှာတော့ သမီးရည်းစားနှစ်ယောက်ကြားလုံးဝကို မပြောဆိုသင့်တဲ့ စကားလုံးတွေကို မျှဝေပေးလိုက်ရပါတယ်။




၁။ “မင်း ငါ့ကို ချစ်တယ်ဆိုရင် …”

ဒီစကားက နိုင်ထက်စီးနင်းဆန်တဲ့ စကားလို့လည်း ပြောလို့ရပါတယ်။ ကိုယ့်ကိုချစ်တယ်ဆိုရင် ဘာမဆိုလုပ်ပေးရမယ်၊ မလုပ်ချင်ဘူးဆိုတာကိုတောင်မှ လုပ်ပေးရမယ်ဆိုတဲ့ သဘောမျိုးသက်ရောက်နေပါတယ်။ အဲ့ဒါကြောင့် ဒီလိုစကားမျိုးကို ပြောတာက ကိုယ့်ချစ်သူကို အကြီးအကျယ်စိတ်ပျက်စေမှာ အသေအချာပါပဲ။




၂။ “မင်းက အမြဲတမ်း၊ မင်းက ဘယ်တော့မှ …”

ဒါက ကိုယ်ကိုယ်တိုင်က စိတ်ပျက်တဲ့လေသံနဲ့ပြောတဲ့စကားမျိုးပါ။ နှစ်ယောက်သား စကားများပြီဆိုရင် တစ်ချိန်ကဖြစ်ခဲ့တဲ့ပြဿနာတွေကို အစဆွဲထုတ်သလိုဖြစ်ပြီး ကိုယ့်ချစ်သူရဲ့ နေ့ထိုင်မှုပုံစံ၊ အကျင့်စရိုက်တွေကို ဝေဖန်ပြစ်တင်တဲ့သဘောမျိုးလည်းဖြစ်တာကြောင့် လုံးဝမပြောသင့်တဲ့စကားမျိုးဖြစ်ပါတယ်။




၃။ “ငါက ပြဿနာရှာနေတာမဟုတ်ဘူး၊ မင်းကသာပြဿနာဖြစ်အောင်လုပ်နေတာ။”

ရန်ဖြစ် စကားများပြီဆိုရင် တစ်ယောက်နဲ့တစ်ယောက် အပြစ်တင် ဝေဖန်တိုက်ခိုက်ရင်းနဲ့ပဲ ဒီလိုစကားမျိုး ထွက်လာလေ့ရှိပါတယ်။ အခုလိုမျိုး တစ်ယောက်နဲ့တစ်ယောက် အပြစ်တွေဖို့နေတာကလည်း ကြာလာတာနဲ့အမျှ နှစ်ယောက်လုံးကို တစ်ယောက်တစ်နေရာစီ ဝေးသွားစေနိုင်ပါတယ်။




၄။ “သိပ်ပြီးခံစားမလွယ်စမ်းပါနဲ့။”

ယောက်ျားလေးပဲဖြစ်ဖြစ်၊ မိန်းကလေးပဲဖြစ်ဖြစ် သူတို့ရဲ့ချစ်သူအပေါ် အင်မတန်မှ စိတ်ခံစားချက်ဖြစ်လွယ်၊ ပြင်းထန်လွယ်ပါတယ်။ ဒီလိုဖြစ်ရတာကလည်း ချစ်လို့ပါ။ အဲ့ဒါကြောင့် ဒီအချက်အပေါ်ကို Blame နေတာမျိုးကို လုပ်သင့်ပါဘူး။

၅။ “မင်းက ငါ့မိဘလား။”

ကိုယ့်ချစ်သူက လမ်းမှားပေါ်ရောက်နေတယ်၊ ဘဝပျက်သွားစေနိုင်လောက်တဲ့အထိ ဆိုးရွားတဲ့အမှားကို ကျူးလွန်တော့မှာမြင်ယောင်လို့ တားနေတဲ့သူကို ဒီလိုစကားမျိုးနဲ့ တုံ့ပြန်လိုက်မယ်ဆိုရင် သိပ်ကိုမှားယွင်းတဲ့စကားလို့ပဲ ဆိုချင်ပါတယ်။

၆။ “ငါတို့ပြတ်ကြရအောင်”

ချစ်သူရည်းစားတွေ ရန်ဖြစ်တဲ့အခါတိုင်း အဆုံးသတ်မှာ မဖြစ်မနေ ပါဝင်လေ့ရှိတဲ့ စကားပါပဲ။ ဘယ်လောက်ပဲပြတ်ပြတ်၊ ပြန်တွဲဖြစ်တာပဲဆိုတာမျိုးက မကြာခဏဖြစ်နေလို့ အဆင်မပြေပါဘူး။ အခြေအနေတစ်ခုရောက်လို့ ဒီစကားနဲ့ပဲ နှစ်ယောက်သားအဆုံးသတ်သွားပြီး စကားတွေမပြောဖြစ်ကြတော့ရင် ဝေးသွားကြမှာပါ။




၇။ “ငါနင့်ကို မုန်းတယ်။”

ချစ်လို့တွဲနေတဲ့ချစ်သူကို မုန်းတယ်ဆိုပြီး ပြောလိုက်တာမျိုးက တစ်ဖက်သားရဲ့ ရင်ထဲမှာ ထင်မှတ်ထားတာထက် ပိုမိုနက်ရှိုင်းတဲ့ အတွင်းဒဏ်ရာရသွားနိုင်ပါတယ်။

၈။ “ဒီကိစ္စကို ဒီတိုင်းထားလိုက်ရအောင်”

နှစ်ယောက်သား ပွင့်ပွင့်လင်းလင်း ဖြေရှင်းရမယ့်ကိစ္စရပ်ကို မသိချင်ယောင်ဆောင်ပြီး ဒီအတိုင်းကျော်သွားတဲ့ အကြိမ်အရေအတွက် များလာတယ်ဆိုရင် အမှိုက်ကစ၊ ပြာသာဒ်မီးလောင်ဆိုသလို နှစ်ယောက်သားရဲ့ ဆက်ဆံရေးက ပိုမိုဆိုးရွားတဲ့အနေအထားကို ရောက်သွားနိုင်ပါတယ်။

၉။ “ငါမင်းကို မေးနေစရာမလိုဘူး၊ မင်းငါဘာလိုချင်လဲဆိုတာ သိသင့်တယ်။”

တချို့သမီးရည်းစားတွေကြားမှာ ပြောနေကျ စကားတစ်ခွန်းရှိပါတယ်။ ပြောမှလုပ်ပေးမှာလားတို့၊ မပြောဘဲ သိရမှာပေါ့ဆိုတာတွေက နှစ်ယောက်သားရဲ့ဆက်ဆံရေးကို ပိုမိုကောင်းမွန်လာစေမှာမဟုတ်ပါဘူး။ မပြောဘဲ သိတာတွေရှိပါတယ်။ ဒါပေမယ့် တစ်ခါတလေတော့လည်း ပြောမှသိနိုင်တဲ့အခါတွေရှိတာပေါ့။ ဘာလို့လဲဆိုတော့ ကိုယ့်ချစ်သူက ပုဏ္ဏားလည်းမဟုတ်၊ ဗေဒင်ဆရာလည်း မဟုတ်ဘူးဆိုတဲ့အနေအထားတွေမှာပေါ့။ အဲ့ဒါကြောင့် ဒီစကားကို မကြာခဏပြောပြောပြီး အပြစ်ရှာနေတာမျိုး မလုပ်သင့်ပါဘူး။




၁၀။ “တွဲခဲ့ဖူးသမျှ ရည်းစားတွေအကုန်လုံး ဒီပုံစံချည်းပဲ။”

အဆိုးရွားဆုံးထက်တောင် ပိုမိုဆိုးရွားတဲ့ စကားပါ။ လက်ရှိချစ်သူကို ရည်းစားဟောင်းနဲ့ နှိုင်းယှဉ်ပြီး အပြစ်ဖို့တာက လုပ်ကိုမလုပ်သင့်တဲ့အရာပါ။ အဲ့ဒီလိုစကားမျိုးကို ပြောပြီးသွားရင်တော့ ကိုယ့်ရဲ့ relationship က ပုံမှန်အတိုင်း ပြန်အဆင်ပြေဖို့ မမျှော်လင့်နိုင်တော့ပါဘူး။




အဲ့ဒါကြောင့် ကိုယ့်နဲ့ကိုယ့်ချစ်သူရဲ့ သမီးရည်းစားဆက်ဆံရေးကို အမြဲတမ်းသာယာပျော်ရွှင်စေချင်တယ်ဆိုရင်တော့ ဒီစကားတွေကို လုံးဝမပြောပါနဲ့နော်။ အားလုံးပဲ သာယာပျော်ရွှင်တဲ့သမီးရည်းစားဆက်ဆံရေးကို ပိုင်ဆိုင်နိုင်ကြပါစေ ….

#HM

#LifestyleMyanmar

Source: psychcentral




Some text some message..