ပြင်သစ်၌ ဓားကိုင်တိုက်ခိုက်မှုကြောင့် လူ ၃ ဦး သေဆုံး
mizzimaburmese.com
|
2020-10-29

အောက်တိုဘာ ၂၉

ပြင်သစ်နိုင်ငံ နိစ်မြို့ရှိ ခရစ်ယာန်ဘုရားကျောင်းတစ်ခုတွင် ဓားကိုင်တိုက်ခိုက်မှုတစ်ခု အောက်တိုဘာ ၂၉ ရက်က ဖြစ်ပွားပြီး လူ သုံးဦး သေဆုံးခဲ့သည်ဟု သိရသည်။

အဆိုပါဖြစ်စဉ်တွင် ဓားကိုင်တိုက်ခိုက်သူတစ်ဦးသည် အမျိုးသမီးတစ်ဦးကို ခေါင်းဖြတ်သတ်ခဲ့ပြီး အခြားလူနှစ်ဦးကိုလည်း သတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

ယင်းဖြစ်စဉ်သည် အကြမ်းဖက်မှုဖြစ်သည်ဟု နိစ်မြို့ မြို့တော်ဝန်က ပြောသည်။

ဓားကိုင်တိုက်ခိုက်မှုသည် မြို့၏ Notre Dame ဘုရားကျောင်းအနီးတွင် ဖြစ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ရဲများက တိုက်ခိုက်သူကို ဖမ်းဆီးနိုင်ခဲ့ပြီဖြစ်ကြောင်း မြို့တော်ဝန် ခရစ်တီယန် အက်စထရိုစီက ပြောသည်။

တိုက်ခိုက်မှုကြောင့် လူသုံးဦး သေဆုံးပြီး လူတစ်ချို့ ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

အမျိုးသမီးတစ်ဦး ခေါင်းဖြတ်သတ်ခံရသည်ဟု ရဲသတင်းရင်းမြစ်တစ်ဦးက ပြောသည်။ ထို့ပြင်တိုက်ခိုက်မှုတွင် ခေါင်းဖြတ်သတ်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း ပြင်သစ်နိုင်ငံရေးသမား မာရင်း လီပန်ကလည်း ပြောသည်။

တိုက်ခိုက်မှုဖြစ်စဉ်ကို စုံစမ်းစစ်ဆေးရန် တာဝန်ပေးခြင်း ခံထားရသည်ဟု ပြင်သစ်၏ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဌာနက ပြောသည်။

မြို့၏ အဓိက ဈေးဝယ်လမ်းမတစ်ခုတွင် ရှိသော ဘုရားကျောင်းအနီး အခင်းဖြစ်ပွားရာနေရာတွင် လက်နက်ကိုင် ရဲများက ပိတ်ဆို့ ဝန်းရံထားပြီး လူနာတင်ယာဉ်များနှင့် မီးသတ်ကားများကိုလည်း ယင်းနေရာတွင် တွေ့ခဲ့ ရကြောင်း ရိုက်တာ ဂျာနယ်လစ်များက ပြောသည်။

ပြင်သစ်တွင် ယခုလအစောပိုင်းက အလယ်တန်းကျောင်းဆရာ ဆန်မြူရယ် ပတ်တီကို အမျိုးသားတစ်ဦးက ခေါင်းဖြတ်သတ်မှုဖြစ်စဉ်တစ်ရပ် ပေါ်ပေါက်ထားခဲ့ပြီးနောက် ယခုတိုက်ခိုက်မှု ထပ်မံဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။

ကျောင်းဆရာ ပတ်တီသည် ပြည်သူ့နီတိ သင်ခန်းစာတစ်ခုတွင် တပည့်များကို တမန်တော် မိုဟာမက်၏ ကာတွန်းပုံများ ပြသခဲ့ခြင်းအတွက် အဆိုပါ ကျောင်းဆရာကို အပြစ်ပေးရန် ဆန္ဒရှိခဲ့ကြောင်း တိုက်ခိုက်သူက ပြောခဲ့ သည်။

ယခု နိစ်မြို့ တိုက်ခိုက်မှု၏ နောက်ကွယ်တွင် မည်သည့် ရည်ရွယ်ချက် ရှိနေသလဲ ဆိုသည်နှင့် ကာတွန်းပုံများနှင့် ဆက်စပ်မှု တစုံတရာ ရှိနေသလား ဆိုသည်ကို လက်တလော ရှင်းရှင်းလင်းလင်း မသိရသေးပေ။ တမန်တော် မိုဟာမက်၏ ကာတွန်းပုံများသည် ဘာသာရေးဆိုင်ရာ မြင့်မြတ်သော အရာများကို စော်ကားခြင်းဖြစ်သည်ဟု မွတ်ဆလင်များက ရှုမြင်သည်။

ကျောင်းဆရာ ပတ်တီ အသတ်ခံရပြီးနောက် ပြင်သစ်တာဝန်ရှိသူများသည် ကာတွန်းပုံများ ပြသခွင့်အပေါ် ထပ်လောင်း အခိုင်အမာ ပြောထားသည်။ ထို့ပြင် အသတ်ခံရသည့် ကျောင်းဆရာနှင့် တစ်သားတည်း ရှိကြောင်း ပြသသည့် ချီတက်မှုများတွင်လည်း ရုပ်ပုံများကို ကျယ်ကျယ်ပြန့်ပြန့် ပြသခဲ့ကြသည်။




Some text some message..