
ပြင်သစ်ရွာသို့ လာရောက်လည်ပတ်ကြသူများ။ ဇော်ဇော်ထွေး/မြန်မာတိုင်း(မ်)
ဟွေ့အမ်းကနေ မော်တော်ကားနဲ့ မိနစ် ၄ဝ လောက်သာ မောင်းနှင်ရတဲ့ ဒါနန်းမြို့သွားရာလမ်းမကြီးကတော့ သန့်ရှင်းသပ်ရပ်လှပါတယ်။ ဒါနန်းမြို့ရောက်ခါနီး လမ်းမကြီးဘေးဘီမှာတော့ ဟိုတယ်ကြီးတွေတည်ရှိပြီး ဆောက်လက်စအထပ်အမြင့်တိုက်တာအဆောက်အအုံတွေလည်းအများအပြားရှိပါတယ်။
ဒါနန်းမြို့အဝင် လက်ဝဲဘက်လမ်းဘေးမှာတော့ စကျင်ကျောက်နဲ့ ထုဆစ်ထားပြီးအမျိုးအစားစုံလင်လှတဲ့ လက်မှုရုပ်တုတွေ ရောင်းချရာ ဆိုင်ကြီးအများအပြားရှိပြီး စကျင်ကျောက်နဲ့ ထုလုပ်ထားတဲ့ ကွမ်ရင်မယ်တော်ရုပ်တုကြီးတွေ၊ ဗုဒ္ဓဆင်းတုတော်ရုပ်တုကြီးတွေနဲ့ လက်ရာမြောက်စွာထွင်းထုထားတဲ့ နဂါး၊ ခြင်္သေ့ရုပ်တုကြီးတွေကို လမ်းဘေးတစ်လျှောက် ခင်းကျင်းပြသထားပါတယ်။
ခြံဝင်းကြီးတစ်ခုထဲမှာရှိတဲ့ စကျင်ရုပ်တုတွေထွင်းလုပ်ရောင်းချရာ ကုန်တိုက်ကြီးတစ်ခုထဲကို ဝင်ရောက်လေ့လာဖြစ်ခဲ့ပါတယ်။ ခြံဝင်းနဲ့ ကုန်တိုက်ကြီးရဲ့နေရာအနှံ့မှာ စကျင်ကျောက်နဲ့ထုလုပ်ထားတဲ့ရုပ်တုတွေကို ခင်းကျင်းပြသထားပြီး ကုန်တိုက်ခြံဝင်းရဲ့အနောက်ဘက်မှာတော့ ရုပ်တုတွေကို ထုဆစ်ပုံဖော်ရာအလုပ်ရုံ ရှိပါတယ်။
ကုန်တိုက်ခြံဝင်းအတွင်း ခင်းကျင်းပြသထားတဲ့ စကျင်ရုပ်တုကြီးတွေထဲမှာတော့ တရုတ်ရိုးရာကိုးကွယ်မှုဆိုင်ရာ ရုပ်တုကြီးတွေအများအပြားပါဝင်တာ တွေ့သလို တိရစ်ဆာန်မျိုးစုံပုံ စကျင်ရုပ်တုတွေလည်း တွေ့ရပါတယ်။ ဒါ့ပြင် မော်ဒန်အနုပညာပုံဖော်ထားတဲ့ စကျင်ရုပ်တုတွေလည်း ရှိပါတယ်။ ကုန်တိုက်အတွင်းမှာတော့ စကျင်ကျောက်အဖြူရောင်အပြင်အခြားသောအရောင်ရှိတဲ့ စကျင်ကျောက်အသုံးအဆောင် ပစ္စည်းတွေလည်းအမြောက်အမြားတွေ့ရပါတယ်။
ဆက်ပြီး ကုန်တိုက်တွေရဲ့အနောက်ဘက်မှာရှိတဲ့နာမည်ကြီး Marble Mountain (စကျင်ကျောက်တောင်)ပေါ်ကို လည်ပတ်ခဲ့ပါတယ်။ စကျင်ကျောက်တောင်တွေဟာ လူနေရပ်ကွက်ရဲ့အလယ်မှာတည်ရှိပြီး မတ်စောက်လှပါတယ်။ ကျောက်တောင်ဆိုပေမဲ့ တောင်နံရံပတ်လည်မှာတော့ သစ်ပင်ခြုံနွယ်ကြီးတွေ ပေါက်ရောက်နေပြီးအေးချမ်းတိတ်ဆိတ်နေပါတယ်။ တောင်ထိပ်ကိုတော့ ဓာတ်လှေကားနဲ့ တက်နိုင်သလို ခြေကျင်လည်းတက်နိုင်ပြီး တောင်ပေါ်တက်လေ့လာဖို့အတွက် ဗီယက်နမ်ငွေအနည်းငယ်တော့ ဝင်ကြေးအဖြစ် ကျခံရမှာဖြစ်ပါတယ်။
တောင်ထိပ်အရောက်မှာတော့အထပ်မြင့်တိုက်တာအဆောက်အအုံတွေမရှိတဲ့ ဒါနန်းမြို့ရဲ့ လူနေရပ်ကွက်ကြီးကိုအပေါ်စီးကနေမြင်တွေ့ခဲ့ရသလို ပင်လယ်ပြာပြာကြီးရဲ့အလှကိုလည်း တပြန့်တပြောတွေ့ရပါတယ်။
စကျင်ကျောက်တောင်ပေါ်မှာ တရုတ်ဘုံမြင့်ကျောင်းဆောင်တစ်ခုအပြင် တရုတ်ဘုရားကျောင်းအချို့နဲ့ တရုတ်ဘုန်းကြီးတွေ သီတင်းသုံးတဲ့ တရုတ်ဘုန်းကြီးကျောင်းလည်း ရှိပါတယ်။
တရုတ်ဘုရားကျောင်းရဲ့အနောက်ဘက်မှာတော့ လူသွားလမ်းကျဉ်းလေးရှိပြီး၊ ဆက်ဝင်သွားရင် ကျောက်တောင် ဂူဝင်ပေါက်လေးရှိပါတယ်။ ကျောက်တောင်ဂူအတွင်းမှာအနည်းငယ်ကျယ်တဲ့ လှိုဏ်ဂူကြီးတစ်ခုတည်ရှိပြီး တရုတ်ဘုရားကျောင်းဆောင်လေးတစ်ခုလည်း တည်ရှိလို့နေပါတယ်။
လှိုဏ်ဂူကြီးရဲ့ ဘေးနံရံတွေမှာလည်း ဂူပေါက်လေးတွေတည်ရှိပြီးအတွင်းပိုင်းမှာတော့ ဗုဒ္ဓဆင်းတုတော်ကြီးတွေ တည်ထားပါတယ်။ လှိုင်ဂူတွေအတွင်းမှာတော့ လျှပ်စစ်မီးတွေ သွယ်တန်းတပ်ဆင်ထားတာမရှိဘဲ ဂူအမိုးက သဘာဝအလင်းဝင်ပေါက်တွေရဲ့အလင်းရောင်ကိုသာအသုံးပြုထားပါတယ်။
တောင်ရင်ပြင်ပေါ်မှာလည်း ဗုဒ္ဓဖွားမြင်တော်မူပုံကို လက်ရာမြောက်လှတဲ့ စကျင်ကျောက်ရုပ်တုတွေနဲ့ ပုံဖော်ပြသထားသလို ဗုဒ္ဓဘုရား တရားဟောနေပုံရုပ်တုပြကွက်တချို့နဲ့ တောင်နံရံတစ်ခုမှာတော့ စကျင်ကျောက်နဲ့ထုလုပ်ထားတဲ့ ဗုဒ္ဓရုပ်ပွားတော်ကြီးတစ်ခု တည်ထားကိုးကွယ်ထားပါတယ်။
ဒါတွေကြောင့် ဒီစကျင်တောင်ဟာ ကမ္ဘာလှည့်ခရီးသွားတွေ ဆွဲဆောင်ရာနေရာတစ်ခု ဖြစ်လို့နေပါတယ်။ တောင်ပေါ်မှာ မည့်သည့် ဈေးသည်မှ ရောင်းချခွင့်ပြုထားခြင်းမရှိသလိုအမှိုက်သရိုက်ကင်းရှင်း သပ်ရပ်နေပါတယ်။ ဒါ့ပြင် ဘုရားဆင်းတုတွေ၊ ဘုရားကျောင်းဆောင်တွေ တည်ရှိတဲ့ ကျောက်ဂူတွေကို ပြုပြင်တည်ဆောက်တာတွေ မလုပ်ဘဲ သဘာဝအတိုင်းထားရှိထားတာကလည်းအတုယူစရာ သဘာဝအလှကို မြတ်နိုးတတ်တဲ့ သဘောထားပါပဲ။
စာရေးသူတို့အဖွဲ့ဟာ ဒါနန်းမြို့ရဲ့အရှေ့မြောက်ဘက် ပင်လယ်အငူပေါ်မှာတည်ရှိတဲ့ Son Tra (Monkey) Mountain ရှိ တောင်ပေါ်ကိုလည်း သွားရောက်လေ့လာခွင့်ရရှိပါတယ်။ ဒီနေရာဟာ ဒါနန်းမြို့ရဲ့ နိုင်ငံခြားသားခရီးသွားတွေ ဆွဲဆောင်ရာအထင်ကရနေရာတစ်ခုဖြစ်ပါတယ်။
ဒီတောင်ပေါ်မှာ မတ်တပ်ရပ်တရုတ်ကွမ်ရင်မယ်တော် ရုပ်တုကြီးတည်ရှိပါတယ်။ ဗီယက်နမ်နိုင်ငံမှာ တည်တားတဲ့ ရုပ်တုတွေထဲမှာတော့အမြင့်ဆုံးဖြစ်ပြီးအောက်ခြေကနေအပေါ်ထိ ၆၇ မီတာမြင့်ပါတယ်။ ဒီရုပ်တုကြီးတည်ရှိရာ တောင်ပေါ်ကနေ ကြည့်မယ်ဆိုရင် ပယ်လယ်ပြင်ကွေ့အကျော်မှာတည်ရှိတဲ့ ဒါနန်းမြို့ကြီးရဲ့အလှကို မြင်တွေ့နိုင်ပါတယ်။ ဒီတောင်ပေါ်မှာတော့ ကြီးမားတဲ့ တရုတ်ဘုံကျောင်းအကြီးကြီးတွေ တည်ရှိပြီး ဘုံကျောင်းရှေ့ ရင်ပြင်တစ်ခုလုံးကိုလည်း ဘွန်ဆိုင်းသစ်ပင်တွေနဲ့အလှဆင်ခင်းကျင်းထားပါတယ်။ ဒီနေရာကို ကိုရီးယား၊ တရုတ်နဲ့ ဂျပန်နိုင်ငံက ခရီးသွားတွေ ခရီးသွားကားတွေနဲ့အများဆုံးလည်ပတ်နေတာကို တွေ့ရသလို၊ ဒါနန်းမြို့ခံတွေလည်း မိသားစုမော်တော်ယာဉ်တွေ၊ ဆိုင်ကယ်တွေနဲ့အများအပြားလာရောက် လည်ပတ်ကြပါတယ်။
Son Tra (Monkey) Mountain တောင်ပေါ်ကအပြန်မှာတော့ ဒါနန်းမြို့မှာ နှစ်ရက်တာတည်းခိုမယ့် ၂၉ ထပ်အမြင့်ရှိ Da Nang Golden Bay ဟိုတယ်မှာ ခေတ္တခဏပြန်လည်အနားယူခဲ့ကြပါတယ်။ ညနေပိုင်းမှာတော့ ဒါနန်းမြို့အရှေ့ဘက် ပင်လယ်ကမ်းခြေမှာဖွင့်လှစ်ထားတဲ့ စားသောက်ဆိုင်ကြီးတစ်ခုမှာ ညစာစားရင်း သန့်ရှင်းလတ်ဆတ်တဲ့ ပင်လယ်လေကို တဝကြီးရှူရှိုက်ခွင့်ရခဲ့ပါတယ်။

စိတ်လှုပ်ရှားပျော်ရွှင်စရာ ကေဘယ်လ်ကားခရီး။ ဇော်ဇော်ထွေး/မြန်မာတိုင်း(မ်)
စတုတ္ထနေ့အလည်အပတ်ခရီးစဉ်ကတော့ ပင်လယ်ရေမျက်နှာပြင်ထက် မီတာ ၁,၅ဝဝ ခန့်မှာရှိတဲ့ Golden Bridge ရွှေတံတားကြီးတည်ရှိရာ Ba Na Hill ဆိုတဲ့ တောင်ပေါ်အပန်းဖြေစခန်းပဲ ဖြစ်ပါတယ်။
ဒါနန်းမြို့ရဲ့အနောက်ဘက်ပိုင်းမှာ တည်ရှိပြီး မော်တော်ယာဉ်နဲ့ တစ်နာရီဝန်းကျင်ခန့် သွားရပါတယ်။ တောင်ထိပ်ကို တက်ရောက်လည်ပတ်ခကတော့ တစ်ဦးကိုအမေရိကန်ဒေါ်လာ ၃၂ ဒေါ်လာဝန်းကျင် (မြန်မာငွေကျပ် ၅ဝ,ဝဝဝ ဝန်းကျင်) ပေးရပါတယ်။ ဒီဝင်ကြေးဟာ တောင်ပေါ်ကိုအသွားအပြန်ပို့ဆောင်ပေးမယ့် ကေဘယ်လ်ကားခတွေအပြင်၊ တောင်ပေါ်မှာ စီးနင်းအသုံးပြုရမယ့် ရထားစီးနင်းခတွေ၊ ကေဘယ်လ်ကားခရီးတိုစီးနင်းခတွေလည်းအပါအဝင်ဖြစ်ပါတယ်။ ပင်လယ်ရေမျက်နှာပြင်အထက် ၁,၅ဝဝ မီတာကျော်မှာရှိတဲ့ တောင်ထိပ်ကို ကေဘယ်လ်ကားလမ်းကြောင်းသုံးကြောင်းနဲ့ ကမ္ဘာ့လှည့်ခရီးသည်တွေကို သယ်ယူပို့ဆောင်ပေးနေတာလည်း ဖြစ်ပါတယ်။
ဒီကေဘယ်လ်ကားတွေကိုတော့ ၂ဝ၁၃ ခုနှစ်မှာ ဖွင့်လှစ်ခဲ့တာဖြစ်ပြီး တောင်ထိပ်ထိတစ်ဆက်တည်းသွားတဲ့ ကမ္ဘာ့အရှည်ဆုံးကေဘယ်လ်ကားတွေအဖြစ် ဂင်းနစ်စံချိန်မှတ်တမ်းဝင်ထားတာလည်း ဖြစ်ပါတယ်။ လူ ၁ဝ ဦးတင်ဆောင်ထားတဲ့ ကေဘယ်လ်ကားဟာ ဖြည်းဖြည်းချင်းရွေ့လျားနေရာကနေ ဂိတ်အတွင်းက စတင်ထွက်ခွာချိန်မှာတော့အရှိန်ရုတ်တရက်မြင့်တက်သွားပါတယ်။ ပေရာချီမြင့်တဲ့ တောင်စောင်းတွေ၊ တောင်ထိပ်တွေအပေါ်ကနေ တငြိမ့်ငြိမ့်နဲ့ ပြေးသွားနေတဲ့ ကေဘယ်လ်ကားစီးရတဲ့အရသာကတော့ ရင်တုန်စိတ်လှုပ်ရှားစရာ ကောင်းလှပါတယ်။
ထူထပ်လှတဲ့ တောတောင်တွေ၊ ရေတံခွန်တွေ၊ တောင်ကျစမ်းချောင်းတွေနဲ့အမျိုးအမည်စုံလင်လှတဲ့ သစ်ပင်တွေကို ကေဘယ်လ်ကားပေါ်ကနေ ကြည့်ရှုခွင့်ရတာကလည်း မမေ့နိုင်စရာပါ။ မိနစ်အနည်းငယ်ကြာစီးနင်းပြီးချိန်မှာတော့ တောင်ပေါ်မှာရှိတဲ့ မြူတွေထဲကို ကေဘယ်လ်ကားက ထိုးဖောက်ဝင်ရောက်သွားပါတယ်။
တစ်ချိန်တည်းမှာပဲ ဘေးဘီပက်ဝန်းကျင်အားလုံးကို မမြင်ရတော့သလို ငွေ့ရည်ဖွဲ့နေတဲ့ မြူတွေကြောင့် ချမ်းစိမ့်တဲ့ ခံစားမှုကို ရလာပါတယ်။ ခဏအကြာမှာတော့ မြူတွေထဲက တိုးထွက်လာပြီး မြူတွေ၊ တိမ်တွေအပေါ်မှာရှိနေ တောင်ထိပ်ဖျားတစ်နေရာကို လှမ်းမြင်ရပါတယ်။
မိနစ် ၂ဝ ကြာ စီးနင်းပြီးချိန်မှာတော့ တောင်ထိပ်ဖျားက ကြီးမားတဲ့လက်ဝါးနှစ်ဖက်ပေါ်မှာ ရွှေရောင်ဖြင့် တည်ဆောက်ထားတဲ့ နာမည်ကြီး Golden Bridge တည်ရှိရာ တောင်ထိပ်အပန်းဖြေစခန်းကို ရောက်ရှိခဲ့ပါတယ်။ တောင်ထိပ်ဖျားတစ်ခုလုံး မြူနှင်းတွေနဲ့ပြည့်နေပြီး နာမည်ကျော်ရွှေတံတားပေါ်မှာလည်း လာရောက်လည်ပတ်သူများလှတာကြောင့် ခရီးသည်တွေ တိုးဝှေ့နေပါတယ်။
ဒီနေရာလေးကို ပြင်သစ်နယ်ချဲ့တွေက ၁၉၁၉ ခုနှစ်မှာ တွေ့ရှိခဲ့တာဖြစ်ပြီး ပြင်သစ်ခရီးသွားတွေအတွက်အပန်းဖြေအနားယူလို့ရမယ့်အပန်းဖြေစခန်းကို ဒီတောင်ထိပ်မှာ ဆောက်လုပ်ဖူးတာဖြစ်ပါတယ်။ ဒါကြောင့် ဒီတောင်ထိပ်မှာ ရှေးဟောင်းပြင်သစ်အဆောက်အုံဟောင်းအချို့ကို တွေ့မြင်နိုင်သလိုအသစ်တည်ဆောက်ထားတဲ့အဆောက်အအုံအားလုံးဟာလည်း ပြင်သစ်လက်ရာတွေချည်းပါပဲ။ လှပတဲ့ ဥရောပလက်ရာ ပန်းဥယျာဉ်ကြီးတွေ၊ ပန်းခြံတွေနဲ့အလှဆင်ထားပြီး တောင်ထိပ်ဖျားမှာတော့ ကြီးမားလှတဲ့ တင်ပျဉ်ခွေထိုင် ဗုဒ္ဓရုပ်ဆင်းတုတော်ကြီးကို တည်ထားပါတယ်။
ဒီတောင်ထိပ်မှာ တစ်နာရီနီးပါးလည်ပတ်ပြီးချိန်မှာတော့အခြားတောင်ထိပ်တစ်ခုမှာရှိတဲ့ ပြင်သစ်ရွာကို သွားရောက်လည်ပတ်ခဲ့ပါတယ်။ ပြင်သစ်ရွာမှာ ပြင်သစ်လက်ရာ ရဲတိုက်ကြီးတွေ၊ ဘုရားကျောင်းကြီးတွေတည်ဆောက်ထားပြီး ဥရောပကို ရောက်ရှိသွားသလို ခံစားရစေပါတယ်။ ဒါကြောင့်လည်း သန်းနဲ့ချီတဲ့ နိုင်ငံတကာခရီးသွားတွေကို ဆွဲဆောင်ထားနိုင်တာဖြစ်ပါတယ်။
ဒါနန်းမြို့ကို ပြန်လာတဲ့လမ်းတစ်လျှောက်မှာတော့ ဗီယက်နမ်နိုင်ငံရဲ့ ခရီးသွားလုပ်ငန်းကနေ နိုင်ငံခြားငွေရှာနိုင်မှုကို တွေးတောအားကျနေပါတော့တယ်။ နှစ်စဉ်နှစ်တိုင်း တိုးတက်လာနေတဲ့ ဗီယက်နမ်ရဲ့ခရီးသွားလုပ်ငန်းဟာ လက်ရှိအချိန်မှာတော့ တစ်နှစ်ကိုခရီးသည် ၁၂ သန်းကျော်ထိ လာရောက်လည်ပတ်နေလျက်ရှိပါတယ်။ ဒါကြောင့်လည်း ဟိုတယ်လုပ်ငန်းရင်းနှီးမြုပ်နှံမှုတွေ ဆက်တိုက်ပြုလုပ်နေသလို၊ ဒါနန်းမြို့မှာဆိုရင်လည်းအသစ်တည်ဆောက်နေတဲ့ ဟိုတယ်တွေအများအပြားရှိလို့နေပါတယ်။
အခွင့်အခါသင့်ရင် လှပစိတ်ဝင်စားစရာတွေပြည့်နေတဲ့ ဗီယက်နမ်ကို တစ်ခေါက်လောက်တော့ ထပ်လာလည်ဦးမယ်လို့ စိတ်ထဲမှာ တေးထားမိပါတော့တယ်။
(ဤဗီယက်နမ်မီဒီယာခရီးစဉ်ကို ၂ဝ၁ဝ ပြည့်နှစ်ကတည်းက မြန်မာနိုင်ငံကိုပျံသန်းပြေးဆွဲပေးနေသည့် ဗီယက်နမ်လေကြောင်းလိုင်းက စီစဉ်ပို့ဆောင်ပေးခဲ့တာဖြစ်ပါတယ်။ ဗီယက်နမ်လေကြောင်းလိုင်းကတော့ ရန်ကုန်နဲ့ ဟိုချီမင်းနှင့် ရန်ကုန်-ဟနွိုင်းခရီးစဉ်တွေကို တိုက်ရိုက်ပြေးဆွဲပေးလျက်ရှိပါတယ်။)