ရထားကြိတ်မိလို့ ခြေနှစ်ချောင်းဆုံးရှုံးခဲ့တဲ့ အိန္ဒိယက လမ်းဘေးခွေးမလေး Rocky ဗြိတိန်မှာ အခြေချတော့မယ်
mizzimaburmese.com
|
2020-11-19

နိုဝင်ဘာ ၁၉

အိန္ဒိယမှာ ရထားကြိတ်မိလို့ ရှေ့ခြေထောက်နှစ်ချောင်းဆုံးရှုံးသွားတဲ့ လမ်းဘေးခွေးမလေးတစ်ကောင်ဟာ တစ်နှစ်ကြာ ကုသမှုခံယူပြီး ခြေတုတွေနဲ့လမ်းလျှောက်ဖို့သင်ယူပြီးတဲ့နောက်မှာတော့ ဗြိတိန်မှာသွားနေရဖို့ အကြောင်းဖန်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့အောက်တိုဘာလက ဟာယာနာပြည်နယ် ဖာရီဒါဘတ်မြို့မှာ အသက် သုံးနှစ်အရွယ် ခွေးမလေး သွေးအိုင်ထဲလဲပြီး ရှေ့ခြေထောက်တွေ ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိထားတာကို မီးရထားနယ်မြေကာကွယ်ရေး နယ်မြေခံရဲတစ်ဦးက တွေ့ရှိခဲ့တာဖြစ်တယ်လို့ ခွေးပြုစုစောင့်ရှောက်ရေးဂေဟာ (People for Animals India- PFA) ဥက္ကဋ္ဌ ရာဗီဒူဘေးက AFP ကိုပြောပါတယ်။

အဆိုပါရဲက ခွေးမလေးကို PFA ခွေးဂေဟာကို ခေါ်လာပြီး ဆေးရုံကို အားချင်းပို့ဆောင်ပေးခဲ့တာဖြစ်ပါတယ်။ အခုအခါ ခွေးမလေးကို ရော့ကီး (Rocky) လို့ အမည်ပေးထားပါတယ်။


ဒဏ်ရာတွေ ဆိုးဆိုးရွားရွားရထားတဲ့ခွေးမလေးကို ကယ်ဆယ်ဖို့ ခက်ခဲပေမယ့် ကျန်းမာသန်စွမ်းတဲ့ခွေးတစ်ကောင်ဆီကနေ သွေးယူပြီး သွင်းပေးခဲ့ရကြောင်း တိရစ္ဆာန်ဆေးကုဆရာဝန် မာဟက်ရှ် ဗာမာ ကပြောပါတယ်။
ခွေးမလေးရဲ့ရှေ့ခြေထောက်နှစ်ချောင်းကို ဖြတ်တောက်ကုသခဲ့ကြရပါတယ်။ နောက်ခြေထောက်တွေမှာ ထိခိုက်ထားတဲ့ဒဏ်ရာတွေဟာလည်း ပြင်းထန်ပါတယ်။


ဒါပေမယ့်အရေးနိမ့်ဟန်ရှိတဲ့ လက်ဝှေ့သမားက ဟန်ချက်ပြန်ကောင်းလာသလိုမျိုး ခက်ခက်ခဲခဲနဲ့ တိုက်ပွဲဝင်နိုင်ခဲ့တဲ့အတွက် ခွေးမလေးကို နာမည်ကြီး ရုပ်ရှင်ဇာတ်ကောင်နာမည် Rocky လို့ အမည်ပေးခဲ့ကြပါတယ်။
ရော့ကီးက သူ့ရဲ့မေးစေ့ကို အားပြုပြီး လမ်းပြန်လျှောက်နိုင်ဖို့ သင်ယူနေတဲ့ဗီဒီယိုဖိုင်ကို ကယ်တင်ထားတဲ့သူတွေက လူမှုမီဒီယာပေါ်ကိုတင်ခဲ့ရာကနေ အင်တာနက်မှာ ပျံ့နှံ့သွားပြီး ကမ္ဘာလုံးဆိုင်ရာ ခွေးကယ်ဆယ်ရေးအဖွဲ့ Wild at Heart Foundation က သတိပြုမိခဲ့တာဖြစ်ပါတယ်။

PFA ခွေးပြုစုစောင့်ရှောက်ရေးဂေဟာက ဥက္ကဋ္ဌ ရာဗီဒူဘေက “ရော့ကီးလေးကို ကယ်ဆယ်ခဲ့ပုံတွေနဲ့ နေပြန်ကောင်းလာတာတွေကို ဒီနှစ် ဇန်နဝါရီလတုန်းက အင်တာနက်မှာ တင်ခဲ့တာပါ။ လန်ဒန်အခြေစိုက် ခွေးကယ်ဆယ်ရေးအဖွဲ့က အဲဒီဗီဒီယိုကိုကြည့်ပြီး ရော့ကီးကိုမွေးစားဖို့ ကမ်းလှမ်းခဲ့တာပါ။ လော့ဒေါင်းကာလတုန်းက ရော့ကီးအတွက် ခြေတုတွေလုပ်ပေးခဲ့ပါတယ်။ ဒါကြောင့် လမ်းပြန်လျှောက်နိုင်တော့မှာပါ ။ ခြေတုနဲ့ လမ်းလျှောက်ဖို့ အခက်အခဲတော့ရှိပါသေးတယ်။ သူ့အတွက် အချိန်ယူရဦးမှာပါ” လို့ဆိုပါတယ်။

တိရစ္ဆာန်ခွဲစိတ်ဆရာဝန် မာဟက်ရှ်ဗာမာဆိုသူက “ကုသမှုတွေကြောင့် ရော့ကီးက တဖြည်းဖြည်းနေကောင်းလာပါပြီ။ ဒဏ်ရာရထားတဲ့နောက်ခြေထောက်တွေလည်း တဖြည်းဖြည်းသက်သာလာပါပြီ။ အခုသူက ကျန်းကျန်းမာမာနဲ့ လန်ဒန်ကိုသွားဖို့ အဆင်သင့်ဖြစ်နေပါပြီ” လို့ပြောပါတယ်။

လန်ဒန်အခြေစိုက် ခွေးကယ်ဆယ်ရေးအဖွဲ့က ရော့ကီးလေးကို အိမ်ရှာပေးဖို့ ကတိပြုခဲ့ပြီး လန်ဒန်မှာနေတဲ့ အိန္ဒိယနိုင်ငံသားတစ်ဦးကလည်း ခြေတုအတွက် ငွေကြေးထောက်ပံ့ခဲ့ပါတယ်။

ရော့ကီးဟာ နိုဝင်ဘာ ၁၈ ရက် ဗုဒ္ဓဟူးနေ့ အစောပိုင်းမှာ နယူးဒေလီကနေ လန်ဒန်ကိုထွက်ခွါသွားပြီဖြစ်ပြီး သူ့ကိုစောင့်ရှောက်မွေးစားမယ့်သူနဲ့ နေသွားမှာဖြစ်တယ်လို့ ဒူဘေကပြောပါတယ်။

အိန္ဒိယမှာ မျိုးကောင်းမျိုးသန့်ခွေးတွေသာ ပိုင်ရှင်ရှိကြပြီး စပ်မျိုးခွေးတွေအပါအဝင် လမ်းဘေးခွေးအကောင်ရေ ခန့်မှန်း သန်း ၃၀ လောက်ရှိပါတယ်။




Some text some message..