ကမ္ဘာ့အကြီးဆုံးဆည် Three Gorges Dam သို့ လေ့လာရေး ခရီး
ယီခန်းမြို့သို့ လာရောက်ရခြင်းမှာကမ္ဘာကျော်ကမ္ဘာပေါ်တွင်အကြီးဆုံးဆည်ကြီးဖြစ်သော Three Gorges dam ယန်စီမြစ်၏ မြစ်ကျဉ်းသုံးဆိုင်ဆည်ကြီးကိုလေ့လာကြည့်ရန်ဖြစ်သည်။ ယီချန်သည် ကျွန်တော်မရောက်ဖူးသော မြို့ ယခင်ကနာမည်ပင်မကြားခဲ့ဖူးသေးပါ။ပြည်နယ်မှ မြို့တော်မြို့ဖြစ်သည်။
ဝူဟန်မြို့နှင့်ချုံကင်း(ချုံကျင်း)မြို့တို့မှာ ယီချန်နှင့်မလှမ်းမကမ်းတွင်ရှိကြသည်။ယီချန်တွင်ရှေးခေတ်လက်ကျန် တစ်ထပ်အိမ် နှစ်ထပ်အိမ်များကိုဆင်ခြေဖုံး၌တွေ့ရသေးသော်လည်း မြို့လည်ပိုင်းတွင် ကားအထပ်မြင့်တိုက် များဖြင့်ခမ်းနားနေလေပြီ။ Enjoying Hotel ၃၈ထပ်တွင်တည်းခိုကြရသည်။ ယန်စီရှုခင်းမြို့ရှုခင်းကိုအပေါ်စီး မှမြင်ရသည်။
၁၃-၉-၂ဝ၁၈ ရက်နေ့၊ နံနက်(၇)နာရီတွင် နံနက်အစောစာကို ဟိုတယ်မှာပင်စားပြီးဟိုတယ်မှ သဘောၤဆိပ်ရှိရာသို့ ယန်စီမြစ်ကမ်းနံဘေးအလည်တွင်လမ်းလျှောက်ရန်ဖောက်ထားသောလမ်းအတိုင်း မြစ်ရှုခင်းကြည့်ရင်း နာရီဝက်ခန့်လမ်းလျောက်သည်။
ကျွန်တော်တို့သည် သရီးဂေါ့ဂျက်စ်ဆည်ခေါ်ယန်စီမြစ် ကျဉ်းသုံးဆိုင်ကမ္ဘာ့အကြီးဆုံးဆည်ကို ရေကြောင်းခရီးဖြင့် လေ့လာကြရမည်ဖြစ်သည်။သင်္ဘောပေါ်တွင် စားသောက်ဆိုင်၊ ဓါတ်ပုံဆိုင်၊အမှတ်တရ ပစ္စည်းဆိုင်များပါသည်။
ဆည်မြောင်းတာတမံလုပ်ငန်းသည် ကမ္ဘာပေါ်တွင် လူ့ယဉ်ကျေးမှုများစတင်ဖြစ်ထွန်းသည်နှင့်ထက်ချပ်ပါလာသောရေလှောင်၊ ရေထိန်းရေကိုလိုအပ်သလိုထုတ်ယူသုံးစွဲရန်လူတို့ဝါယမစိုက်ထုတ်လုပ်ကိုင်ခဲ့ကြသည်။ ဆည်တမံရေလှောင်ကန်များ တည်ဆောက်ခြင်းဖြင့် မိုးတွင်းအခါရသောရေများစုဆောင်သိုမှီးပြီး လိုအပ်ချိန်စိုက်ရေသုံးရေပြန်ပေးနိုင်သည်။ဆည်များကရေများကိုစုထိန်းထားသဖြင့် ရေကြီးခြင်း၊ရေလွှမ်းမိုး ပျက်စီးခြင်းကိုကာကွယ်နိုင်သည်။ထိုဆည်လှောင်ရေကိုသုံးပြီးလျှပ်စစ်ဓါတ်အားထုတ်လုပ်နိုင်လေသည်။
ကျွန်တော်တို့မြန်မာနိုင်ငံကဲ့သို့နိုင်ငံအကျယ်အဝန်းစတုရန်းမိုင်နှစ်သိန်းခွဲခန့်၊ လူဦးရေ(၅၂)သန်းကျော်ရှိသော နိုင်ငံမှာပင် ရေကြီးရေလွမ်းဒဏ်၊ရေရှားပါးဒဏ်၊စိုက်ပျိုးရေအောင်ရေတရုတ်ပြည်ကဲ့သို့နိုင်ငံအကျယ်စတုရန်မိုင်ပေါင်းသုံးသန်းခုနှစ်သိန်းကျော်ကျယ်ဝန်းပြီး လူဦးရေသန်းပေါင်း၁၃၈ဝရှိသည့် နိုင်ငံကားဆည်တာတမံအထူးလိုအပ်ပေသည်။ တရုတ်ပြည်သည် ပစိဖိတ်သမုဒ္ဒရာတွင်ဖြစ်ပေါ်သည့် မုန်တိုင်းဒဏ် ရေကြီးမြေပြို ဒဏ် ငလျင်ဒဏ်အများဆုံးခံရသော နိုင်ငံဖြစ်လေသည်။အစိုးရသာညံ့လျင်ပြည်သူများသန်းချီ၍ ငတ်မွတ်သေဆုံး နိုင်လေသည်။
ကျွန်တော်သည်ယန်စီမြစ်ဆည်သို့လာသော လူစီးဇိမ်ခံသဘောၤကြီးတွင် လိုက်ပါရင်း၊ ဝဲယာဘက်ကမ်းများမှ ရှုခင်းများကြည့်ရင်း၊ သရီးဂေါ့ဂျက်စ်ခေါ်ယန်စီမြစ်ကျဉ်းသုံးခုကိုပိတ်၍ ရေများစုလှောင်သောဆည်ကြီးအကြောင်းစာရွက်စာတမ်းရသမျှကိုဖတ်ရှုလေ့လာနေခဲ့လေသည်။ယန်စီမြစ်သည်တရုတ်နိုင်ငံ၏အနောက်ပိုင်းမှအရှေ့ပိုင်းရှန်ဟိုင်းမြိုအနီးထိစီးဆင်းပြီးမှ ပစ္စဖိတ်သမုဒ္ဒရာထဲသို့စီးဝင်သောမြစ်ဖြစ်သည်။
နိုင်ငံအနောက်ပိုင်းရှိကျင်ရှားမြစ်နှင့် ယာလောင်းမြစ်တို့ပေါင်းစုံစီးလာပြီး နောက်ထပ်တတူမြစ်နှင့်မင်မြစ်တို့ ပူးပေါင်းပါဝင်အားဖြည့်လာပြီးသောအခါ ယန်စီမြစ်အဖြစ်အရှေ့ဘက်သိုအားကောင်းမောင်းသန် စီးဆင်းလေသည်။နောက်ထပ်လည်းမြစ်လက်တက်များမှ စီးဝင်သဖြင့်ရေအားကောင်းလွန်းကာ၊မြစ်တစ်လျှောက်ရေကြီးရေလျှံသောရေဘေးဒုက္ခပေးတတ်လေသည်။
ယန်စီမြစ်သည် ကီလိုမီတာ ၆၃ဝဝ ကျော်ရှည်လျားသည်။ပြည်နယ်နှင့် မြူနီစပယ်အုပ်ချုပ်ရေးဒေသ၂၈ခု ဖြတ်သန်းစီးဆင်းသည်။ယန်စီမြစ်၏ရေသယံဇာတသည် တရုတ်တပြည်လုံးရှိ ရေသယံဇာတ၏ ၃၆ရာခိုင်နှုန်းရှိသည်။တန်ချိန် ၁၅ဝဝ မှ တန် ၂ဝဝဝဝ နှင့်အထက်တန်ချိန်ရှိသည့် သင်္ဘောများခုတ်မောင်းသည်။ ယန်စီမြစ်ကမ်းဒေသအားလုံး၏ပမာဏမှာ တရုတ်တစ်ပြည်လုံးအကျယ်အဝန်း၏ ၁၉ရာခိုင်နှုန်း(ငါးပုံတစ်ပုံနီးပါး)ရှိသည်။ မြစ်ကမ်းတစ်လျှောက်ထွန်ယက်စိုက်ပျိုးနိုင်သောဧရိယာဧက ၅၅ဒသမ၅သန်း၊ သစ်တောမြေ ၁၁၈သန်း၊ စားကျက်မြေ ၇၇ဒသမ ၄သန်း၊ ရေပြင်ဧရိယာ ၁၈ဒသမ ၆သန်း၊ စိုက်ပျိုးခြင်း မပြုနိုင်သောမြေ ၄၉သန်းနှင့်အခြားမြေ ၁၂၂ဒသမ ၉သန်းပါဝင်သည်။မြစ်ဝှမ်းတစ်လျှောက် နေထိုင်သော လူဦးရေမှာ ၃၅၈သန်းရှိရာ၊တစ်နိုင်ငံလုံးလူဦးရေသုံးပုံတစ်ပုံခန့်ရှိသည်။ ယန်စီမြစ်သည် ကမ္ဘာတွင်တတိယအရှည်ဆုံးမြစ်ဖြစ်သည်။ဟန်မင်းဆက်(ဘီစီ၂ဝ၆ နှင့်အေဒီ၂၂ဝ)နှင့်ချင်မင်းဆက်အကြား နှစ်ပေါင်း(၂ဝဝဝ)အတွင်း ၁ဝနှစ်လျှင်တစ်ကြိမ်ခန့်ရေလွှမ်းမိုးခဲ့ပြီး လွန်ခဲ့သောနှစ်ပေါင်း ၃ဝဝအတွင်းအကြိမ် ၆ဝ ရေလွှမ်းမိုးဒဏ် ခံခဲ့ရသည်။လွန်ခဲ့သည့်နှစ်ပေါင်း၁ဝဝအတွင်းရေလွှမ်းမိုးသောဘေးဆိုးကြီး(၂)ကြိမ်ဖြစ်ခဲ့သည်။လူအသေအပျောက်မြို့ရွာအိမ်ခြေနှင့် လယ်ယာစိုက်ခင်းအပျက်အစီးအလွန်တရားမျာပြားခဲ့သည်။
ယန်စီမြစ်ကြောင်းတစ်လျှောက်ရေလွှမ်းမိုးခြင်းဘေးမှ ကာကွယ်ရန်ရေအားလျှပ်စစ်ထုတ်လုပ်ရန်ရေလှောင်တာတမံပေါင်း ၄၈ဝဝဝ တည်ဆောက်ခဲ့သည့်တိုင် လုံလောက်အဆင်ပြေမှုမရှိသဖြင့် ယန်စီမြစ်ကျဉ်းသုံးဆိုင်သရီးဂေါ့စ်ဂျက် (Three Gorges) ရေလှောင်ဆည်ကြီးတည်ဆောက်ရန်တွေးတောအကောင်အထည်ဖော်လာရခြင်းဖြစ်သည်။တရုတ်ပြည်မှဘုရင်စနစ်ကိုအဆုံးသတ်ပြီးခေတ်နှင့်အညီသမ္မတနိုင်ငံတည်ထောင်ရန်တော်လှန်ခဲ့သော ဒေါက်တာဆွန်ယက်ဆင်သည် ၁၉၁၉ခုနှစ်က ယန်စီမြစ်ရိုင်းကြီးကို ယဉ်ကျေးစေ လျက်မြစ်ရေကိုလူတို့ကောင်းစွာ ထုတ်ယူအသုံးချသင့်သည်ဟု စတင်တွေးတောကြံဆခဲ့သည်။ ဒေါက်တာ ဆွန်ယက်ဆင်က ရှိလင်မြစ်ကျဉ်းဝူမြစ်ကျဉ်းနှင့်ကျူတုံးမြစ်ကျည်းတို့ သုံးခုဆက်၍ရှိနေသော ဒေသ သည် ရေကာတာဆောက်ရန်အဆိုပြုခဲ့သည်။ရှီလင်၊ ဝူနှင့်ကျူတုံး(ချွီထုန်)မြစ်ကျဉ်းသုံးခုမှာ ထိုဒေသတွင် တောင်သုံးလုံးကမြစ်ကြောင်းကိုကန်လန့််ခံနေသောကြောင့်မြစ်ရေကကျဉ်းမြောင်းစွာလူးလွန်စးီဆင်းနေရပေ သည်။မြစ်ကြောင်းကိုပိတ်ဆို့ပြီးရေလှောင်တမံဆောက်ရန်အသင့်တော်ဆုံးနေရာဖြစ်ပေသည်။တရုတ်ကွန်မြူနစ်ပါတီဥက္ကဌ မော်စီတုန်းကလည်း ယန်စီမြစ်ကြောင်းကို ရေအိုင်ကြီးတစ်ခု(ရေကန်ကြီးတစ်ခု) ဖြစ်စေချင်သည်ဟု ကဗျာတစ်ပုဒ်ဖြင့်စာဖွဲ့ခဲ့သည်။
ဒေါက်တာဆွန်ယက်ဆင်၏အဆိုပြုချက်ကို ချန်ကေရှိတ်ခေါင်းဆောင်သော တရုတ်သမ္မတနိုင်ငံအစိုးရက ၁၉၄၆ခုနှစ်မေလတွင် သရီးဂေါ့ဂျက်စ်နေရာ၌ ရေကာတာတည်ဆောက်ရန်အမေရိကနှင့်သဘောတူစာချုပ်ခဲ့သော်လည်း ၁၉၄၇ခုနှစ်၊ မေလတွင်ငွေဖောင်းပှမှုဖြစ်သည်နှင့် စီးပွားရေး ပျက်ပြားကျဆင်းသွားမှုကြောင့်အဆိုပါစီမံကိန်းကိုဖျက်သိမ်းခဲ့သည်၁၉၄၉ ခုနှစ်တွင် ရေလွှမ်းမိုးမှုအန္တရာယ်ကြီးကြီးမားမားဖြစ်လာခဲ့သည်။ထိုအချိန်ချန်ကေရှိတ်၏ KMTတရုတ်အမျိုးသားအစိုးရ ၊ကျူးကျော်သူ ဖက်ဆစ်ဂျပန်တို့ကို တရုတ်တပ်နီတော်ကအောင်နိုင်ပြီးနောက် တရုတ်ကွန်မြူနစ်ပါတီက တရုတ်ပြည်သူ့သမ္မတနိုင်ငံကို(၁-၁ဝ-၁၉၄၉) တွင်တည်ထောင်ခဲ့သည်။တရုတ်အစိုးရသစ်က ယန်စီမြစ်အလယ်ပိုင်းနှင့်အောက်ပိုင်းရေလွှမ်းမိုးမှုကို ထိန်းသိမ်းကာကွယ်ရန်အလေးပေးဆောင်ရွက်သဖြင့် နောင်သုံးနှစ်အကြာတွင် ယန်စီမြစ်ပေါ်၌ကျင်ကျင်းရေလွှဲတမံစီမံကိန်းတည်ဆောက်ပေးနိုင်ခဲ့သည်။
၁၉၅၃ ခုနှစ်တွင် တရုတ်ကွန်မြူနစ်ပါတီ ဥက္ကဌမော်စီတုန်းက ရေလွှမ်းမိုးမှုကိုကာကွယ်ရေး၊ ရေကြောင်းသွားလာမှုအဆင်ပြေရေး၊ ရေအားလျှပ်စစ်ထုတ်လုပ်မှုစိုက်ပျိုးရေးပေးဝေရေးအတွက် သရီဂေါ့ဂျက်စ်ရေလှောင်ဆည်ကြီးတည်ဆောက်ရန်အကြမ်းဖျင်းလမ်းညွှန်ပေးခဲ့သည်။၁၉၅၄ ခုနှစ်တွင် ယန်စီမြစ်၌ ရေလွှမ်းမိုးမှုဘေးဒုက္ခကြုံရပြန်သောအခါ သရီးဂေါ့ဂျက်ဆည်မဖြစ်မနေဆောက်ရန် စီစဉ်ကြတော့သည်။
၁၉၅၈ခုနှစ်၊ မတ်လတွင်စီချွမ်းပြည်နယ် ချိန်တူမြို့တော်တွင် တရုတ်ကွန်မြူနစ်ဗဟိုကော်မတီအစည်းအဝေးကျင်းပစဉ် ဝန်ကြီးချုပ်ချူအင်လိုင်းက သရီးဂေါ့စ်ဂျက်စ်ရေကာတာတည်ဆောက်ရေးစီမံကိန်းကိုတင်ပြဆွေးနွေးသည်။သြဂုတ်လတွင်စီမံကိန်းဒီဇိုင်းနှင့်ကြိုတင်ပြင်ဆင်မှုအတွက်ဆွေးနွေးသည်။သြဂုတ်လတွင်စီမံကိန်း ဒီဇိုင်းနှင့်ကြိုတင်ပြင်ဆင်မှုအတွက်ဆွေးနွေးသုံးသပ်သည်။သရီးဂေါ့ဂျက်စ်ဆည်စီမံကိန်း၏ ရှေ့ပြေးအစိတ်အပိုင်းတစ်ခုအဖြစ် ဗဟိုတရုတ်အစိုးရက ကယ်ကျောက်ဖား Gezhouba ရေကာတာကို စတင်တည်ဆောက်ရန်ဆုံးဖြတ်ခဲ့သည်။ယင်းရေကာတာမှ ကျန်တရုတ်နိုင်ငံအလယ်ပိုင်းတွင်လိုအပ်သော လျှပ်စစ်ဓါတ်အားထုတ်လုပ်ရန်လည်း ရည်ရွယ်ခဲ့သည်။
၁၉၈ဝပြည့်နှစ်တွင် တရုတ်ခေါင်းဆောင်တိန့်ရှောင်မိန်က သီရီးဂေါ့စ်ဂျက်မြစ်ကျဉ်းသုံးဆိုင်ကိုသွားရောက်ကြည့်ရှုကာ ၁၉၈၂ခုနှစ်တွင် သရီးဂေါ့စ်ဂျက်ဆည်ကြီးတည်ဆောက်ရန် သဘောတူခဲ့သည်။ ၁၉၉ဝပြည့်နှစ်တွင်အဆိုပါဆည်ကြီးတည်ဆောက်ရေးစီမံကိန်းကို ကြီးကြပ်ရန်ဒုတိယဝန်ကြီးချုပ် ကျောက်ကျာဟွာဦးဆောင်သောကြီးကြပ်ရေးကော်မတီဖွဲ့စည်းနိုင်ခဲ့သည်။၁၉၉၄ခုနှစ်၊ ဒီဇင်ဘာ(၁၄)ရက်တွင်တရုတ်ဝန်ကြီးချုပ် လီဖုန်းကသရီးဂေါ့စ်ဂျက်စီမံကိန်းဆောက်လုပ်ရေးနှင့်ပတ်သက်၍ တရားဝင်ထုတ်ပြန်ေ ကညာခဲ့သည်။ဆည်ကြီးဆောက်ရာ၌ ယန်စီမြစ်ကြောင်းကို ပိတ်ကာမြစ်ရေစီးလာသမျှ လိုအပ်သည့် ပမာဏအထိစုဆောင်းသိုလှောင်မည်ဖြစ်ရာ ထိုဒေသမြေပြန့်၊ မြေနိမ့်တို့၌ နေထိုင်သူများကိုနေရာသစ်ပြောင်းရွှေ့ချထားပေးရသည်။ထိုနေအိမ်ဒေသများ၊ ရပ်ရွာများ ဘုန်းကြီးကျောင်းများသည် ရေအောက်မြုပ်ကြတော့မည်ဖြစ်သည်။
၁၉၉၅ခုနှစ်တွင် ထိုသို့ဖယ်ရှားရမည့်နေအိမ်များပြန်လည်နေရာချထားရေးကိုစတင်ဆောင်ရွက်သည်။ ၁၉၉၆ခုနှစ်၊ သြဂုတ်လတွင် ရှီလင်မြစ်ကူးတံတားနှင့် ယီချန်းတွင်လေယာဉ်ကွင်းဆောက်လုပ်ရေးလုပ်ငန်းတို့ကိုအပြီးဆောင်ရွက်ခဲ့သည်။ဆည်ရေအောက်ကျရောက်မည့်နေအိမ်များမှ ပြည်သူတို့ကို ရွှေ့ပြောင်းနေရာချထားပေးရေးလုပ်ငန်းသွက်လက်စေရန်ချုံချင်းမြို့ကို မြူနီစပယ်အုပ်ချုပ်ခွင့်ရဒေသအဆင့်သို့တိုးမြင့်ပေးခဲ့သည်။ဤသို့ဖြင့် ၁၉၉၇ ခုနှစ်တွင် စက်တင်ဘာလလယ်တွင် ရေလွှမ်းဧရိယာပြည်သူများ ကို ပထမအသုတ်ပြောင်းရွှေ့ပေးနိုင်ခဲ့သည်။
ဆည်တည်ဆောက်ရေးလုပ်ငန်းခွင်သို့ သွားလာသယ်ယူပို့ဆောင်ပေးမှုလွယ်ကူရန် ၁၉၉၇ခုနှစ်၊အောက်တိုဘာလတွင် ချင်ကျားထိုတံတား တည်ဆောက်ပြီးစီးသည်နိုင်ငံတော်ကောင်စီ ဆုံးဖြတ်ချက်အရထိုနှစ်နိုဝင်ဘာ (၈)ရက်နေ့တွင် ယန်စီမြစ်ကြောင်းကိုစတင်ပိတ်ခဲ့သည်။ သရီးဂေါ့ဂျက်စ်စီမံကိန်းကို ဖတ်ရှုကောင်းနေဆဲ သင်္ဘောပေါ်မှလူများရှေ့မှနောက်ဖက်သို့၊ နောက်ဖက်မှရှေ့ဖက်သို့၊ပြေးလွှားနေသည်ကိုသတိပြုမိ၍စူးစမ်းကြည့်ရာကျွန်တော်တို့သင်္ဘောကြီးကိုလေးဘက်ကာနံရံများအတွင်းပိတ်လှောင်လိုက်သည်ကိုတွေ့ရသည်။သင်္ဘောတစ်စင်းဆန့်ရုံစာကျယ်ပြီးဘေးနှစ်ဖက်၌ ကျောက်နံရံ၊သံနံရံတို့ကာထားသောနေရာအတွင်း ခုတ်မောင်းမိသည်နှင့် ရှေ့တွင်သံတံခါးကြီးက နံရံကြီးတစ်ချပ်ပမာပိတ်ထားလိုက်သည်။
ထိုပိတ်လှောင်မည့်ခွင်အတွင်း သင်္ဘောရောက်သည်နှင့်နောက်ဖက်မှရေပြင်ကို ဧရာမသံတံတခါးကြီးနှစ်ချပ်က ဟိုက်ဒရောလစ်စနစ်ဖြင့်ပိတ်လိုက်သည်။သင်္ဘောသည်ထိုခွင်ထဲရှိ စတုဂံပုံခွက်ကြီးတစ်ခုအတွင်းရောက်နေ ပေသည်။ထိုအခါသင်္ဘောသည်အထက်သို့တရွေ့ရွေ့မြင်တက်လာသည်။သင်္ဘောအောက်မှကွန်တိန်နာခွက်ကြီးကို ရေအားကရိန်းစက်အားဖြင့်ပင်တင်နေခြင်းဖြစ်သည်။ကာရံထားသောအခြားနံရံတို့၏ပြင်ဘက်၌ သင်္ဘောခုတ်မောင်းလာသည့်မြစ်ရေပြင်သည့်အောက်တွင်နိမ့်ကျန်ရစ်ကာသင်္ဘောကအပေါ်သို့ ၂၂ကိုက်၊ (ပေ၆ဝ)ကျော်မြင့်တက်လာသည်။ထိုအချိန် ရွှေတံခါးကြီးဖွင့်လိုက်ရာ ဆည်ရေပြင်ကြီးဖြစ်နေသော ယန်စီမြစ်ကြောင်းအမြင့်ပေါ်သို့သင်္ဘောရောက်နေပေပြီ။မြစ်ရေများပိတ်လှောင်ထားသောကြောင့်အပေါ်ဘက်မြစ်ရေရသည့်မြင့်တက်သောသီခြားရေအိုင်ကြီးဖြစ်နေကာ မူလအောက်ဘက်မြစ်ကြောင်းက နိမ့်ကျန်ရစ်သည်။
ထိုမှရှေ့ဘက်တွင်အဆင့်ငါးဆင့်ဖြင့်အမြင့်မီတာ ၁၁ဝ ရှိသောပင်မဆည်မျက်နှာပြင်သို့ သဘောၤများတင်ပေးနိုင်သောသင်္ဘောများပိတ်လှောင်ကာအပေါ်တင်ပေးသောနေရာတစ်ခုရှိသေးသည်ဟုသိရသည်။ ယန်စီမြစ်ကြောင်း တစ်လျှောက် ကူးသန်းသွားလာသောသင်္ဘောရေယာဉ်မှန်သမျှကို ထိုရေတံခါးသဘောၤလှောင်ခန်းမှ ပင့်တင်ပေးခြင်းကိုအခကြေးငွေမယူသဖြင့် သဘောၤများသွားလာမှုစရိတ်၊ မကြီးမြင့်တော့ပေ။ မြင့်လာသောမြစ်ကြောင်း(ဆည်ရေလှောင်ကန်)ကြီးအတိုင်း ဝဲဘက်ကမ်းမှမြို့ကလေးသို့ သင်္ဘော ဆိုက်ကပ်သည်။
၁၄-၉-၂ဝ၁၈ နံနက်(၇)နာရီဟိုတယ်မှာပင်နံနက်စာစားပြီး(၈)နာရီခွဲ ငါးယောက်စီးနိုင်သောအငှားကားဖြင့် သရီးဂေါ့ဂျက်စ်ဆည်တမံသို့ပြန်ပြီးထွက်လာကြသည်။ယမန်နေ့သင်္ဘောခရီးတွင်အပြန်ခရီး၌မြစ်၏ယာဘက်ကမ်းခြေလမ်းအတိုင်းကားဖြင့်ပြန်ခဲ့သည်။ယနေ့နံနက်တွင်မူ ယီချန်မြစ်ကူးတံတားဖြင့်မြစ်၏ဝဲဘက်ခြမ်းသို့ကူးပြီးမောင်းလာခဲ့ရာ လမ်းတလျောက်တောင်များကိုတူးဖောက်ကာ လိုဏ်တူးထားသောလမ်းဖြင့်လိုဏ်ခေါင်းခြောက်ခုဖြတ်ခဲ့ရသည်။ဆည်ကြီးဆောက်ရန်ကြိုတင်ပြင်ဆင်ရေးရှေ့ပြေးလုပ်ငန်းအဖြစ် လမ်းများတံတားများကိုကြိုဖောက်ခဲ့ဆောက်ခဲ့ရာ၌ တောင်များကိုပင် တူးဖော်ခဲ့ရပုံကိုတွေ့ရသည်။
တရုတ်တို့သည် ၁၉၄၉ ခုနှစ်ကတည်းက တောင်တွေ့ရင်လိုဏ်ဖောက် မြစ်တွေ့လျှင်တံတားဆောက်ဟူသောကြေးကြော်သံဖြင့်စီးပွားရေးအခြေခံအဆောက်အအုံများအလေးထားခဲ့ကြသူများဖြစ်သည်။ နံနက် ၁ဝ နာရီ မထိုးမီ သရီးဂေါ့ဂျက်စ်ပြတိုက်သို့ရောက်သည်။ကြိုတင်အသိပေးထား၍တာဝန်ရှိသူတစ်ဦးကကြိုဆိုပြီး ပြတိုက်အနှံ့လိုက်ပြသည်။လမ်းညွှန်အမျိုးသမီးကပြတိုက်အတွင်းရှိပြထားသမျှသရီးဂေါဂျက်စ်ဆည်စီမံကိန်းပုံစံတူများတည်ဆောက်ရေးပစ္စည်းများအားအသေးစိတ်ရှင်းပြသည်။ပြတိုက်ကြည့်ပြီး နောက်ဆည်ကြီးအတွင်းနေရာများစွာသို့ ကိုယ်တိုင်လိုက်ပြပေးရာ ယမန်နေ့သင်္ဘောခရီးစဉ်တုန်းက ဝင်ရောက်ခဲ့သော နေရာ၊ ဝင်ခွင့်မရခဲ့သောနေရာများကိုအသေးစိတ်တစ်ဝကြီးကြည့်ရှုလေ့လာခဲ့သည်။ ဆည်ကြီးအကြောင်းပိုသိလာခဲ့ရသည်။
ရေကာတာရေမျက်နှာပြင်(ဝါ)ယန်စီမြစ်၏အထက်ပိုင်းရေပြင်နှင့်အောက်ဖက်ရှိလက်ကျန် ယန်စီမြစ်၏ရေပြင်တို့သည် ၁၁၃ မီတာ(ပေသုံးရာသုံးဆယ်ကျော်)အမြင့်အနိမ့်ကွာခြားသွာသည်။တည်ဆောက်စကကျောက်များ ကုဗမီတာက ၁၁၂ ဒသမ ၅၉သန်းတူးဖော်ဖယ်ထုတ်ခဲ့ရပြီး ကုဗမီတာ ၂၉ဒသမ၊ ၃၃သန်းသောလိုအပ်သည့် ကျောက်များဖြည့်တင်းခဲ့ရသည်။ကွန်ကရစ်လောင်းရသောအခါကုဗမီတာမှာ ၂၇ ဒသမ ၁၅သန်းရှိသည်။ သံသတ္တုတန် (၂၈၁ဝဝဝ) သုံးခဲ့ရသည်။အားဖြည့် (Reinforce Bar)တန်ချိန် ၅၄ဝဝဝ
သုံးခဲ့ရသည်။ ရေလုံရေကာတာနံရံသည် ကုဗမီတာ ၂၃၁ဝဝဝ ရှိသည်။ ကမ္ဘာပေါ်တွင်အကြီးဆုံးသောဆည်ရေအားလျှပ်စစ်အများဆုံးထုတ်လုပ်နိုင်သည်။
သရီးဂေါ့ဂျက်စ်ရေလှောင်တမံသည် ၂၃၃၅ မီတာရှည်လျားပြီးအကျယ် ၁၁၅မီတာရှိသည်။အပေါ်မျက်နှာပြင်အကျယ်မီတာ၄ဝရှိသည်အမြင့်မှာ ၁၇၅မီတာဖြစ်သည်။ ယန်စီမြစ်အောက်ပိုင်းမှ ဆန်တက်လာသောသင်္ဘောများကိုဆည်ရေမျက်နှာပြင်အထက်သို့မြင့်တင်ပေးသောနေရာနှစ်ခုရှိသည်။သင်္ဘောကိုအထပ်အမြင့်မီတာ၁၁၃ သို့မတင်ပေးနိုင်သည်။တန်ချိန်စုစုပေါင်း ၁၁၈ဝဝအထိအလေးချိန်ရှိသော သင်္ဘောကြီးများ(သင်္ဘောရောဝန်စည်ပါ)ပင့်တင်ပေးနိုင်သေည်။ ရေကာတာအဝသည် ၂၃ဝ၉၈ မီတာရှိပြီး ရေလွှတ်တံခါးကြီးများကအလယ်တွင်ရှိကာဘေးတစ်ဖက်တစ်ချက်၌လျှပ်စစ်ဓါတ်လုပ်ငန်းများထားရှိသည်။ရေအားဖြင့်လည်သောဂျင်နရေတာ၃၂လုံးရှိသည်။၂ဝဝ၃ခုနှစ်ဇွန်လတွင်လျှပ်စစ်ဓါတ်အားပေးရေးများစတင်ထုတ်လုပ်ပေးခဲ့သည်။ရေကြောင်းသွားလာရေးတံခါးကိုလည်းဖွင့်ပေးခဲ့သည်။ကျွန်တော်တို့ကြည့်ရသော ရေအားလျှပ်စစ်စက်ရုံတွင်းမှာပင်မီဂါဝပ်(၇ဝဝ)ကျော်ထုတ်လုပ်နိုင်သော ဂျင်နေရေတာစက်(၁၄)လုံးရှိသည်။အခြားစက်ရုံတွင်ရှိသော ဂျင်နရေတာစက်များပါဆိုလျှင်စုစုပေါင်းစက်(၃၂)လုံးရှိသည်။စုစုပေါင်းမီဂါဝပ်ပေါင်း (၂၂၅ဝဝ) ထုတ်လုပ်နိုင်သည့် ဓါတ်အားခအမြတ်ငွေမှာ နှစ်စဉ်ယွမ်သန်းပေါင်းသုံးထောင်ရရှိသည်။
ထိုသရီးဂေါ့ဂျက်စ်ရေလှောင်ဆည်ကြီးတည်ဆောက်ရာ၌ ဒေသခံပြည်သူတစ်သန်းသုံးသိန်းအားဆည်ရေအောက်မနစ်မြုပ်စေရန် လွတ်ရာသို့ပြောင်းရွှေ့နေရာချထားပေးသည်။အထပ်မြင့်တိုက်ကြီးများဆောက်ပေးသည်။အောက်ဖက်မြစ်ပြင်မှအပေါ်ဆည်ရေမျက်နှာပြင်အမြင့်သို့သဘောၤကြီးများချီမပင့်တင်ပေးသောနေရာနှစ်ခုကို ကြည့်ခဲ့ရသည်။သင်္ဘောကြီးများကို ရေနှင့်အတူထည့်၍မတင်ပေးသောကွန်တိန်နာပင်တန်ချိန် ၁၅၅ဝ ရှိသည်တို့ကိုပါလှည့်လည်ကြည့်ရှုပြီး ယီချန်းသို့ပြန်ခဲ့ရသည်။
ကမ္ဘာကျော်၊ကမ္ဘာ့အကြီးဆုံးယန်စီမြစ်ကျဉ်းသုံးဆိုင်ရေလှာင်ဆည်ကြီးကိုကြည့်ရခြင်း မှာ ကျွန်တော့်အတွက်မမေ့နိုင်သောအမှတ်တရအတွေ့အကြုံများဖြစ်သည်။တရုတ်ပြည်ကြီးလွန်ခဲ့သော နှစ်(၆ဝ)နှင့်လုံးဝမတူ၊နတ်ရေကန်ထဲသို့ပစ်ချလိုက်သည့်အလားအံ့သြလက်ဖျားခါလောက်အောင်တိုးတက်လာသည်ကိုလည်း နဖူးတွေ့ဒူးတွေ့၊ကိုယ်တွေ့မျက်မြင်ကြုံရသည်။
ကွန်မြူနစ်၊ ဆိုရှယ်လစ်ဟူသည် ပြည်သူတွေကို ပိုမိုဆင်းရဲစေသောနိုင်ငံရေးမူဝါဒဖြစ်သည်ဟု စစ်အေးတိုက်ပွဲတစ်လျှောက်အရင်းရှင်အနောက်(နယ်ချဲ့)အုပ်စုတို့၏စကားများလုံးဝမှားကြောင်းတရုတ်ကသက်သေပြနေပြီ။မြေရှင်ပဒေသရာဇ်များ၊အရင်းရှင်များ၊အနောက်သြဇာခံများကြီးစိုးစဉ်က ဆင်းရဲမွဲတေ၊ငတ်ပြတ်ခဲ့ကြရ၊ငတ်သေခဲ့ ကြရသော တရုတ်ပြည်သူသန်းပေါင်းများစွာသည်ဆိုရှယ်လစ်စုထာင်ကာစနှစ်များတွင်ပင်ပန်းဆင်းရဲခဲ့ကြသည်။
မှန်ကန်ထက်မြက်သောခေါင်းဆောင်မှု(တရုတ်ကွန်မြူနစ်ပါတီ)ပြည်သူသန်းပေါင်း(၁၃ဝဝ)ကျော်က တညီတညွှတ်ဖြင့် မိမိတို့တာဝန်ကိုထမ်းဆောင်ပြီးကြိုးစားလုပ်ကိုင်မှုတို့ကြောင့် ယနေ့တရုတ်နိုင်ငံ တော်ပြန်လည်ဖွံ့ဖြိုးတိုးတက်ရခြင်းဖြစ်ပါသည်။သာမန်တိုးတက်ခြင်းမဟုတ်လူသန်းပေါင်း၁၃၈ဝကိုဝဝလင်လင် ကျွေးနိုင်လူတစ်လုံးသူတစ်လုံးနေနိုင်ရုံမကတစ်ကယ့်ကြွယ်ဝချမ်းသာသောနိူင်ငံ၏အရိပ်အာဝါသအောက်တွင် ပျော်ရွှင်ချမ်းမြေ့စွာနေနိူင်ရန်၊စီးပွားရေးကအဟုန်ပြင်းစွာဖြင့်တိုးတက်လာသည်ကိုသတိပြုမိသည်။
ပြည်သူကလည်း နိုင်ငံတော်ဦးဆောင်မှုကိုသာပဲ၊ နိုင်ငံတော်ကလည်းပြည်သူ့ကောင်းကျိူးကိုသာပဲ၊ မီဒီယာများကလည်းလိုရာရေးကာ ချစ်သူကို သာစေ၊မုန်းသူကိုနာစေမရေးကြဘဲ နိုင်ငံအတွက်သာရေးကြ သဖြင့်(ပုဂ္ဂလိက၊စာနယ်ဇင်းများမရှိသဖြင့်)ဦးဆောင် ပါတီရယ်၊အစိုးရရယ်၊မီဒီယာရယ် သဟဇာတဖြစ်ကြ ညီညွှတ်ကြိုးပမ်းကြ၍တရုတ်ပြည်ကြီးရွှေသီးနေခြင်းဖြစ်သည်။တစ်ကယ်လုပ်လျှင်အဟုတ်ဖြစ်သည်ကိုတရုတ်တို့ကလက်တွေ့လုပ်ပြနေကြပြီဟုကျွန်တော်ခရီးစဉ်၏နိဂုန်း ချုပ်ကောက်ချက်ကိုချလိုက်ရပါသည်။
Publish reply