အလီဘာဘာ စီးပွားရေးလုပ်ငန်းစုကြီးအပေါ် တရုတ်အစိုးရ စုံစမ်းစစ်ဆေးမည်
mmtimes.com
|
2020-12-24



ပေကျင်းမြို့တော်ရှိ အလီဘာဘာစီးပွားရေးဦးပိုင်လီမိတက်၏ ရုံးချုပ်ကိုတွေ့ရစဉ်။ ဓာတ်ပုံ-အေပီ

အလီဘာဘာ စီးပွားရေးလုပ်ငန်းစုကြီးအပေါ် တရုတ်အစိုးရ စုံစမ်းစစ်ဆေးမည်


ရှန်ဟိုင်း ဒီဇင်ဘာ ၂၄ -တရုတ်အစိုးရသည် အလီဘာဘာ (Alibaba) စီးပွားရေးလုပ်ငန်းစုကြီးအပေါ် လက်ဝါးကြီးအုပ်မှုဆိုင်ရာ သံသယဖြင့် စုံစမ်းစစ်ဆေးမှုများ စတင်ဆောင်ရွက်နေပြီဖြစ်ပြီး လာမည့်ရက်ပိုင်းအတွင်း၌ စုံစမ်းမေးမြန်းမှုများပြုလုပ်ရန် ကုမ္ပဏီ၏ တာဝန်ရှိသူများကို ဆင့်ခေါ်မည်ဖြစ်ကြောင်း တရုတ်အာဏာပိုင်များက ဒီဇင်ဘာ ၂၄ ရက်တွင် ပြောကြားခဲ့သည်။

အဆိုပါ စုံစမ်းစစ်ဆေးမှုသည် တရုတ်နိုင်ငံတွင် အရှိန်အဟုန်ဖြင့် တိုးတက်လာနေသော ဒစ်ဂျစ်တယ်စီးပွားရေးဈေးကွက်အပေါ်တွင် လက်ဝါးကြီးအုပ်စိုးမှုများအား နှိမ်နှင်းရန်အတွက် ကြိုးစားအားထုတ်မှု အစိတ်အပိုင်းတစ်ရပ်ဖြစ်ပြီး အလီဘာဘာကုမ္ပဏီအား တည်ထောင်ခဲ့သူ တရုတ်နိုင်ငံ၏ ကျော်ကြားမှုအရှိဆုံး စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ဂျက်မားအတွက် ထိုးနှက်ချက်တစ်ရပ် ဖြစ်လာခဲ့သည်။

တရုတ်အစိုးရသည် လွန်ခဲ့သည့်လတွင် အလီဘာဘာလုပ်ငန်းစု လက်အောက်ရှိ Ant Group မှ ဆောင်ရွက်သော အမေရိကန်ဒေါ်လာ ၃၇ ဘီလီယံတန်ကြေးရှိ ကနဦးအရပ်ဖက်ချေးငွေလုပ်ငန်းအစီအစဉ်ကို ရှန်ဟိုင်းနှင့် ဟောင်ကောင်တို့တွင် မစတင်မီ ၂ ရက်အလို၌ အံ့အားသင့်ဖွယ်ရာ ရပ်ဆိုင်းပစ်ခဲ့သည်။ ယင်းချေးငွေလုပ်ငန်းစဉ်သည် ကမ္ဘာပေါ် တွင် အကြီးမားဆုံးသော အရပ်ဖက်ဆိုင်ရာ ချေးငွေပမာဏတစ်ခုလည်း ဖြစ်ခဲ့သည်။

လက်ဝါးကြီးအုပ်စိုးမှုကို သည်းခံလိုက်မည်ဆိုပါက ကုမ္ပဏီများကို ထင်ရာစိုင်းပြီး ယုတ်မာသောနည်းလမ်းဖြင့် နယ်ပယ်ချဲ့ထွင်ရန် ခွင့်ပြုပေးခြင်းမျိုးသာဖြစ်ပြီး စီးပွားရေးအဆောက်အအုံအား ကြံ့ခိုင်စွာဖြင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေမည်မဟုတ်ကြောင်း တရုတ်အာဏာရပါတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ တရုတ်အစိုးရ၏ ယခုလုပ်ရပ်ကြောင့် ဟောင်ကောင်ရှိ အီလီဘာဘာကုမ္ပဏီပိုင် ရှယ်ယာများသည် ဒီဇင်ဘာ ၂၄ ရက်တွင် ၉ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့သည်။

ထို့ပြင် တရုတ်အစိုးရအာဏာပိုင်များသည် အလီဘာဘာကုမ္ပဏီမှ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီးနောက် ဈေးကွက်အတွင်း၌ တရားမျှတသော ဘဏ္ဍာရေးယှဉ်ပြိုင်မှု၊ ဥပဒေကြောင်းအရ ကာကွယ်ပိုင်ခွင့်နှင့် စားသုံးသူများ၏ ရည်မှန်းချက်ဆိုင်ရာကဏ္ဍများကို လမ်းညွှန်သွားမည်ဖြစ်ကြောင်း သိရသည်။ တရုတ်အစိုးရအဖွဲ့မှ စုံစမ်းစစ်ဆေးရေး အာဏာပိုင်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း အလီဘာဘာကုမ္ပဏီက ထုတ်ပြန်ကြေညာခဲ့သည်။




Some text some message..