မြဝတီမြို့တွင် ထိုင်းဘတ်ငွေဈေးနှုန်း ဆက်လက်မြင့်တက်
မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့တွင် နှစ်နိုင်ငံကုန်သွယ်မှုလျော့ကျနေသော်လည်း ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းမှစတင်ကာ ထိုင်းဘတ်ငွေဈေးနှုန်းသည် တဖြည်းဖြည်းဈေးမြင့်တက်ခဲ့ရာ အမြင့်ဆုံးအနေဖြင့်မြန်မာကျပ်ငွေ တစ်သိန်းလျှင် ထိုင်းဘတ်ငွေ ၂၃၅ဝ ဘတ်အထိ ပေါက်ဈေးရှိခဲ့ကြောင်း သိရသည်။
မြဝတီမြို့သည် ထိုင်းနိုင်ငံမဲဆောက်မြို့နှင့် အပြန်အလှန်ကုန်သွယ်မှုရှိနေပြီး ယခုကိုဗစ်ရောဂါထိန်းချုပ်မှုကာလတွင် နှစ်နိုင်ငံကုန်သွယ်မှုလျော့ကျခဲ့သော်လည်း ထိုင်းဘတ်ငွေဈေးမှာ ဆက်လက်မြင့်တက်လာခဲ့ခြင်းဖြစ်သည်။ ဇန်နဝါရီ ၂၃ ရက်တွင် မြန်မာကျပ်ငွေ တစ်သိန်းလျှင်ထိုင်းဘတ်ငွေ ၂၂၇ဝ ဘတ်အထိ မြင့်တက်ခဲ့သည်။
''ကျွန်မတို့က နေ့စဉ်စားကုန်ပစ္စည်းတွေကို မဲဆောက်မှာသွားဝယ်ရပါတယ်။ ဒါပေမဲ့ ကိုဗစ်ရောဂါဖြစ်ပေါ်မှုကာလမှာ မဲဆောက်အထိဈေးသွားဝယ်လို့မရတော့ဘူး။ ထိုင်းဘက်က BCF ဇုန်မှာပဲ ကုန်ပစ္စည်းချိန်းပြောင်းသယ်ဆောင်ရတော့ သယ်ယူစရိတ်က ပိုကုန်တယ်။ ဒီကြားထဲထိုင်းဘတ်ငွေဈေးက ဒီလထဲမှာ တဖြည်းဖြည်း မြင့်တက်လာတော့ထိုင်းကုန်ပစ္စည်းတွေ ဈေးနှုန်းမြင့်တက်လာတာပေါ့။ ဒါပေမဲ့ မြန်မာဘက်ကပို့ကုန်အနေနဲ့တော့ ထိုင်းဘတ်ဈေးတက်ရင် တွက်ချေပိုကိုက်တာပေါ့။ ဥပမာ မြန်မာဘက်ကပို့နေတဲ့၊ ငရုပ်သီး၊ ကြက်သွန်၊ မြေပဲ၊ဂေါ်ဖီထုတ်၊ ပန်းဂေါ်ဖီ စတဲ့သီးနှံတွေ ဈေးပိုရတာပေါ့'' ဟု မြဝတီဘက်မှ ထိုင်းကုန်ပစ္စည်းများ ဝယ်ယူရောင်းချနေသည့် ကုန်သည်အမျိုးသမီးတစ်ဦးက ပြောသည်။
မြဝတီမြို့တွင်း ရောင်းချလျက်ရှိသည့် စားသုံးကုန်များဖြစ်သောစားဆီ၊ ဆပ်ပြာမှုန့်၊ သကြား၊ နို့ဆီ၊ ငါးသေတ္တာ၊ အချိုရည်၊ ထိုင်းခေါက်ဆွဲဖာ အစရှိသည့်ကုန်ပစ္စည်းများမှာ ထိုင်းဘတ်ဈေး မြင့်တက်လာမှုကြောင့် ဈေးနှုန်းများလည်း မြင့်တက်လာခဲ့သည်။ လက်ရှိ မြဝတီမြို့ဘုရင့်နောင်ဈေးကြီးအတွင်း ရောင်းချလျက်ရှိသော ထိုင်းကုန်ပစ္စည်းဈေးနှုန်းများမှာ ပုစွန်နှစ်ကောင် ငါးလီတာ စားဆီဘူးကြီးတစ်ဘူး ၈၅ဝဝ ကျပ်၊ ဆယ်ပိဿာဝင် စားဆီကော်ပုံးကြီးတစ်ပုံး ၂၅၄ဝဝ ကျပ်၊ ၂၅ ကီလို Jump ဆပ်ပြာမှုန့်ဖာကြီးတစ်ဖာ ၂၈၇ဝဝ ကျပ်၊ ဗျိုင်းတံဆိပ်နို့ဆီ လေးဒါဇင်ပါ တစ်ပါကင် ၃၂ဝဝဝ ကျပ်၊ ၃၁ ပိဿာဝင် သကြားအိတ်တစ်အိတ် ၃၂၅ဝဝ ကျပ်၊M-150 အချိုရည်တစ်ပါကင် ၁၆ဝဝဝ ကျပ်၊ မိသားစုငါးသေတ္တာ လေးဒါဇင် တစ်ပါကင် ၄၈၅ဝဝဝကျပ်၊ မားမားချဉ်စပ်အထုတ် ၃ဝ ဝင် ခြောက်ဖာပါ တစ်ပါကင် ၃၇ဝဝဝ ကျပ်၊ လူရိုင်းခေါင်းမုန့်ပုံးခြောက်ပုံးပါ တစ်ပါကင် ၁၈ဝဝဝ ကျပ် ဈေးနှုန်း အသီးသီးဖြင့်ရောင်းချလျက်ရှိသည်။