
ဇန်နဝါရီ ၂၅
မက္ကဆီကို မူးယစ်ရာဇာ အယ်လ်ချာပို နဲ့ ကိုလံဘီယာ မူးယစ်ရာဇာ ပါဘလို အက်စကိုဘာ တို့နဲ့ အဆင့်တူ အာရှမူးယစ်ရာဇာဖြစ်တဲ့ ဆီခိုင်လော့ကို နယ်သာလမ်နိုင်ငံ၊ အမ်စတာဒန်မြို့လေဆိပ်မှာ ဖမ်းဆီးရမိခဲ့ကြောင်း ဒတ်ခ်ျအာဏာပိုင်များက အတည်ပြုခဲ့ပါတယ်။
ကမ္ဘာ့အလိုအရှိဆုံး ဝရမ်းပြေးများထဲမှာ တစ်ဦးအပါအဝင်ဖြစ်တဲ့ တရုတ်နိုင်ငံဖွား-ကနေဒါနိုင်ငံသား ဆီခိုင်လော့ကို အမ်စတာဒမ် ချီပယ် နိုင်ငံတကာလေဆိပ်မှာ ပြီးခဲ့တဲ့သောကြာနေ့က ဖမ်းဆီးရမိခဲ့တာဖြစ်ကြောင်း ဩစတြေးလျ ဖက်ဒရယ် ရဲတပ်ဖွဲ့ (AFP) က ဆိုပါတယ်။
အသက် (၅၇) နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဆီခိုင်လော့ဟာ အာရှသမိုင်းတစ်လျှောက်မှာ အကြီးမားဆုံး မူးယစ်ကုန်ကူးတဲ့ အဖွဲ့အစည်းကြီးဖြစ်တဲ့ ဆမ်ဂေါ ဆင်ဒီကိတ်ရဲ့ ခေါင်းဆောင် ဖြစ်ပါတယ်။ အာရှရဲ့ မက်သမ်ဖက်တမင်း (ICE) ဈေးကွက်ဟာ တစ်နှစ်ကို (၃၀) ဘီလီယံမှ (၆၁) ဘီလီယံကြား အရောင်းအဝယ်ဖြစ်လျှက်ရှိကြောင်း ကျွမ်းကျင်သူများက ယူဆထားကြပြီး ဆမ်ဂေါအဖွဲ့ဟာ အဲ့ဒီရောင်းဝယ်မှု ပမာဏထဲ အကြီးမားဆုံးအချိုးအဆဖြင့် ပါဝင်နေပါတယ်။
ဆမ်ဂေါအဖွဲ့ဟာ မြန်မာနိုင်ငံအတွင်းရှိ ရဲတပ်ဖွဲ့ဩဇာ မသက်ရောက်တဲ့ ပြည်တွင်းစစ်ဖြစ်ပွားရာနယ်မြေနဲ့ သူပုန်နဲ့ စစ်တပ်ထိပ်တိုက် ထိတွေ့မှုဖြစ်ပွားရာ တောတောင်ဒေသတွေမှာ အခြေပြုပြီး မက်သမ်ဖက်တမင်း ဆေးဝါးအမြောက်အများ ထုတ်လုပ်နေတယ်ဆိုတဲ့ စွပ်စွဲခံရမှုတွေရှိကြောင်း စီအန်အန်က ရေးသားထားပါတယ်။
ဆီခိုင်လော့ ဦးဆောင်တဲ့ ယင်းအဖွဲ့အစည်းဟာ တောင်ကိုရီးယား၊ အင်္ဂလန်၊ ကနေဒါနဲ့ အမေရိကတို့မှာ အမာခံလူများ ထားရှိပြီး တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ မူးယစ်ဆေးဝါးကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ချိလျက်ရှိနေကြောင်း အာဏာပိုင်များထံမှ တရားဝင်ရရှိသော အချက်အလက်များကို ကိုးကားပြီး စီအန်အန်က သတင်းရေးသား ဖော်ပြထားပါတယ်။
MRML / Ref:CNN / Photo:reuters