ခရီးထွက်မယ်လို့ စဉ်းစားလိုက်ရင် လူတွေအနေနဲ့ လှပပြီး ကြည်နူးသာယာဖို့ ကောင်းတဲ့ ကျွန်းတွေဆီကိုသာ ခရီးထွက်ဖို့ တွေးမိကြမှာပါ။ ဒါပေမယ့်အချို့ကျွန်းတွေကျတော့လည်း သမရိုးကျကျွန်းတွေဆီက ခွဲထွက်ပြီး တစ်သီးတစ်သန့်ဖြစ်တည်နေကြတာလည်း ရှိပါတယ်။
Mauritius Island

© Shutterstock.com
Mauritius island ကျွန်းဟာ လှပတဲ့ နေရာလေးတစ်နေရာပါ။ သူ့ရဲ့ ထူးခြားတဲ့ သဘာဝရင်းမြစ်ကြောင့်ပဲ သုခဘုံလေးတစ်ခုသဖွယ် မြင်နေရပါတယ်။အပေါ်စီးကနေ ကြည့်လိုက်ရင်ပဲ သဲတွေဟာ စီးဆင်းနေပြီးအနည်ထိုင်ကျနေတာကို မြင်ရတာကြောင့် ရေအောက်ရေတံခွန်လေးတစ်ခု သဖွယ် မြင်နေရမှာပါ။
Snake Island

© Shutterstock.com
မြွေကျွန်းကတော့ နာမည်နဲ့ လိုက်အောင်ပဲ ကမ္ဘာမှာအဆိပ်အပြင်းဆုံးဆိုတဲ့ မြွေတွေရှိတဲ့ နေရာပါ။ စတုရန်းတစ်မီတာတိုင်းမှာ မြွေတစ်ကောင်ရှိတယ်လို့ ပညာရှင်တွေက ဆိုပြီး မြွေပေါင်း(၄,၀၀၀) နီးနီး ကျွန်းပေါ်မှာ ရှိပါတယ်။အန္တရာယ်ရှိတာကြောင့် ဘရာဇီးအစိုးရကိုယ်တိုင်က ကျွန်းပေါ်တက်ရောက်ခွင့် ပိတ်ပင်ထားတာ ဖြစ်ပါတယ်။
Bouvet Island

© 1447 / Wikimedia Commons
တစ်ကမ္ဘာလုံးမှာအလွန်ဝေးလံခေါင်သီဆုံး ကျွန်းလေးတစ်ကျွန်းပါ။အတ္တလန္တိတ်သမုဒ္ဒရာနဲ့ တောင်ဘက်အကျဆုံး နေရာမှာ ရှိပါတယ်။ သီးသန့်ဖြစ်နေတာကြောင့် ကျွန်းလေးကိုအကြိမ်ပေါင်းများစွာ ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ ပထမဆုံး ရှာဖွေတွေ့ရှိခဲ့သူကတော့ Jean-Baptiste Charles Bouvet de Lozier ဆိုသူဖြစ်ပြီး ( ၁၇၃၉ ) ခုနှစ်မှာ ဖြစ်ပါတယ်။ ( ၁၈၀၈ ) ခုနှစ်မှာတော့ James Lindsay ဆိုသူက Lindsay ကျွန်းလို့အမည်ပေးခဲ့ပါတယ်။ ကျွန်းဟာ တွေ့ရှိသူတွေကြောင့် နာမည်အမျိုးမျိုးပြောင်းပြီးတဲ့နောက် ( ၁၉၇၁ ) ခုနှစ်မှာ Bouvet ကျွန်းအဖြစ် တရားဝင်အမည်တွင်စေခဲ့ပါတယ်။
Clipperton Island

© Shannon Rankin / Wikimedia Commons
Clipperton ကျွန်းဟာ ပစိဖိတ်သမုဒ္ဒရာထဲက သန္တာကျွန်းလေးဖြစ်ပါတယ်။ ပင်မကျွန်းကြီးကနေ ကီလိုမီတာပေါင်းထောင်ချီဝေးပြီး (၁၉၉၀) ခုနှစ်များမှာတော့ မိုင်းအတွက်အသုံးပြုပါတယ်။ (၁၉၁၀) မှာတော့ မီးပြတိုက်တည်ဆောက်ပြီး ကျွန်းပေါ်မှာ လူဦးရေ(၁၀၀) ဝန်းကျင်နေထိုင်ကြပါတယ်။ ကျွန်းနေလူတွေဆီကို နှစ်လတစ်ခါဆိုသလို ရိက္ခာပို့သင်္ဘောတွေ လာလေ့ရှိပါတယ်။ ဒါပေမယ့် (၁၉၁၄) ခုနှစ်မှာတော့ မက္ကစီကန်ပြည်တွင်းစစ်ကြောင့် သင်္ဘောတွေက ရိက္ခာပို့မလာနိုင်တော့ပါဘူး။ ဒီလိုနဲ့ ကျွန်းကလေးပေါ်က လူတွေကို မေ့သွားခဲ့ပြီး (၁၉၁၇) ခုနှစ်မှာတော့အာဟာရချို့ငဲ့စွာနဲ့ ကျွန်းပေါ်အသက်ရှင်ကျန်နေသေးတဲ့အမျိုးသမီး(၃) ဦးနဲ့ ကလေးငယ်(၈) ဦးတို့ကို ကယ်တင်နိုင်ခဲ့ပါတယ်။
Diavik Diamond Mine

© Rio Tinto
ကျွန်းကြီးတစ်ကျွန်းလုံးဟာ စိန်မိုင်းတွင်းကြီး တစ်တွင်းသာ ဖြစ်ပါတယ်။ တွင်းကြီးဟာ ကနေဒါနိုင်ငံ မြောက်ပိုင်းမှာ တည်ရှိပြီး လွန်ခဲ့တဲ့ (၁၅) နှစ်ကတည်းက ဖွင့်လှစ်ခဲ့တာပါ။ ထိုစဉ်ကတည်းက ကာရတ်ပေါင်း သန်း(၁၀၀) ကျော်ရှိတဲ့ စိန်တွေကို ထုတ်လုပ်ခဲ့ပြီး ဖြစ်ပါတယ်။
Palmyra Atoll

© imago stock&people/EAST NEWS
သန္တာကျောက်တန်းတွေနဲ့ ဖွဲ့စည်းထားတဲ့ Palmyra Atoll ဟာ ကမ္ဘာပေါ်မှာ သီးသန့်အဖြစ်ဆုံး နေရာလေးတစ်နေရာပါ။ လှပတဲ့ ရေကန်ကြီးတွေ ရှိတဲ့အပြင် သိပ်သည်းတဲ့ မိုးသစ်တောနဲ့ ရေသယံဇာတတွေ ပောကြွယ်ဝတဲ့ နေရာပါ။ ဒီကျွန်းက သွားချင်စရာကောင်းတယ်လို့ ထင်ရပေမယ့် ကျွန်းနဲ့ ပတ်သက်လို့အယူသည်းမှူတွေကလည်းအမျိုးမျိုးပါ။ ကျွန်းနားတစ်ဝိုက်မှာ သင်္ဘောတွေ ထူးထူးဆန်းဆန်း ပျောက်ဆုံးသွားတဲ့ ဖြစ်ရပ်တွေ ရှိပါတယ်။ တကယ်လို့ ကျွန်းပေါ်သွားလည်ချင်တယ်ဆိုရင်အထူးခွင့်ပြုချက်ယူရမှာဖြစ်တဲ့အပြင် ကျွန်းပေါ်အလည်သွားတဲ့ ခရီးသွားအရေအတွက်ကိုလည်း ကန့်သတ်ထားပါတယ်။
လင်းလင်း (ShweMom)
Ref: Brightside