
အမေရိကန်နိုင်ငံအော်ရီဂွန်ပြည်နယ်မှ “ကောလင်းအိုဘရတ်ဒီ” ဆိုသူအမျိုးသားဟာအန္တာတိကတိုက်ကို မည်သူတစ်ဦးတစ်ယောက်၏အကူအညီမှမပါပဲ တစ်ကိုယ်တော် ခြေလျင်ခရီးဖြတ်သန်းမှုအောင်မြင်သွားပြီဖြစ်ပါတယ်။ သူဟာ ကမ္ဘာ့ပထမဦးဆုံးအန္တာတိကတိုက်ကို တစ်ကိုယ်တော် ကျော်ဖြတ်နိုင်သူအဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့ပါပြီ။
အေးခဲနေတဲ့ ရာသီဥတုထဲမှာ ပိုလာရေခဲဝက်ဝံတွေကြား ၅၄ ရက်တိုင် ခရီးမိုင် ၉၃၀ ကို တစ်ကိုယ်တော်ဖြတ်သန်းအောင်မြင်ခဲ့တာဖြစ်ပါတယ်။ ဗုဒ္ဓဟူးနေ့က သူရောက်ရှိနေတဲ့နေရာကို မိသားစုဝင်တွေနဲ့ မိတ်ဆွေတွေကအွန်လိုင်းကနေ စောင့်ကြည့်နေခဲ့ကြပါတယ်။
“အိုဘရတ်ဒီ” က ဝမ်းမြောက်မှု မျက်ရည်အပြည့်နဲ့အတူ မိသားစုတွေဆီကို ဖုံးဆက်ပြီး ပိုလန်နိုင်ငံမှာ ပြန်ဆုံကြမယ်လို့ ပြောကြောင်း ဇနီးဖြစ်သူ “ဂျန်နာဘီဆော” က ဆိုပါတယ်။
“ တစ်ကယ်စိတ်လှုပ်ရှားစရာကောင်းတဲ့အချိန်လေးပါပဲ၊ သူ့ရဲ့အသံထဲမှာ ချစ်ခြင်းမေတ္တာတွေ၊ ဂုဏ်ယူဝမ်းမြောက်တာတွေ ရောပွမ်းနေပါတယ်။အားလုံးကို ကျေးဇူးတင်တယ်လို့ သူကပြောပါတယ် ” လို့ ဆိုပါတယ်။
ဒီခရီးစဉ်ဟာအသက် ၃၃ နှစ်အရွယ် “အိုဘရတ်ဒီ”အတွက် ဘဝမှာ မှတ်တမ်းတင်နိုင်ခဲ့တဲ့ တစ်ကိုယ်တော် ခရီးရှည်ဖြစ်ခဲ့ပါတယ်။ “The Impossible First” ဆိုပြီး သူ့ရဲ့ဓါတ်ပုံတွေနဲ့အတူအင်စတာဂရမ်းပေါ်မှာ ဗုဒ္ဓဟူးနေ့က တင်ထားခဲ့ပြီး ခရီးဆုံးရောက်ဖို့ နောက်ထပ် မိုင် ၈၀ သာ လိုတော့ကြောင်း၊ နောက်ထပ်တစ်ရက် ဖြတ်ကျော်ရင် နောက်ဆုံး ခရီးအပိုင်းကိုအောင်မြင်ပြီးဆုံးပါပြီလို့ ဖော်ပြခဲ့ပါတယ်။
၂၀၁၆ ခုနှစ်တုန်းကအန္တာတိကကို တစ်ကိုယ်တော်ဖြတ်ကျော်ဖို့ ဗြိတိသျှလူမျိုး “ဟန်နရီ ဝေါ်စလီ” ကြိုးစားခဲ့ဖူးပါတယ်။ ခြေလျင်ခရီး သွားစဉ် လမ်းမှာပဲအမောဖောက်ပြီး သေဆုံးခဲ့ရပါတယ်။ ဒီအဖြစ်ပျက်ကြောင့် “ဝေါ်စလီ” ကို ဂုဏ်ပြုတဲ့အနေနဲ့ သူ့ရဲ့ သူငယ်ချင်း “လူးဝစ် ရတ်ဒ်” က ကမ္ဘာ့ပထမဦးဆုံး ဖြတ်ကျော်နိုင်သူဖြစ်အောင် “အိုဘရတ်ဒီ” နဲ့အပြိုင်အန္တာတိကကို တစ်ကိုယ်တည်းဖြစ်ကျော်နေသူဖြစ်ပါတယ်။ ဒါပေမယ့် “အိုဘရတ်ဒီ” က သူ့ထက်အရင် ဖြတ်ကျော်နိုင်ခဲ့သူ ဖြစ်သွားခဲ့ပါပြီ။
“အိုဘရတ်ဒီ” ရဲ့ ဇနီးဖြစ်သူ “ဂျန်နာဘီဆော” ရဲ့အဆိုအရ “အိုဘရတ်ဒီ” ဟာ ခရီးလမ်းဆုံးမှာ နောက်ထပ် ပန်းဝင်လာမယ့် “လူးဝစ် ရတ်ဒ်” ကို ရက်အနည်းငယ်စောင့်ဦးမယ်လို့ ဆိုပါတယ်။ ဒါဟာ ကြိုးစားအားထုတ်ကြတဲ့သူတွေအချင်းချင်း ရိုင်းပင်းဂုဏ်ပြုချင်တဲ့ ဆန္ဒကြောင့်လို့ ဆိုပါတယ်။
“အိုဘရတ်ဒီ” ဟာ တစ်ကိုယ်တော်အန္တာတိကဖြတ်ကျော်ခြင်း ခြေလျင်ခရီးရှည်ကြီးကို နိုဝင်ဘာလ ၃ ရက်နေ့က စတင်ခဲ့ပြီး သူနဲ့အတူ ၃၇၅ ပေါင် လေးတဲ့အသုံးအဆောင် ပစ္စည်းတွေကို တရွတ်ဆွဲရင်း ထွက်လာခဲ့တာဖြစ်ပါတယ်။ လေကြမ်းတွေတိုက်ခိုက်တာကြောင့် ဖြစ်ပေါ်လာတဲ့ ထောင်နဲ့ချီတဲ့ နှင်းကုန်းလေးတွေက ခရီးစဉ်ကို နှေးကွေးစေခဲ့ပါတယ်လို့ နိုဝင်ဘာ ၁၂ ရက်နေ့ကအင်စတာဂရမ်ပေါ်မှာ ဖော်ပြခဲ့ပါတယ်။
နိုဝင်ဘာ ၁၈ ရက်နေ့မှာတော့ တစ်ညလုံး လေပြင်းတွေတိုက်ခဲ့တာကြောင့်အားလုံးနှင်းထဲမြုတ်သွားခဲ့ပြီး တစ်နာရီမိုင် ၃၀အရှိန်ရှိတဲ့ လေကြမ်းတွေကို ၈ နာရီကြာ တစ်ယောက်ထဲ နှင်းတောထဲမှာ နစ်ပြီး ကြံ့ကြံ့ခံခဲ့ရတယ်လို့ ဖော်ပြခဲ့ပါတယ်။
“အိုဘရတ်ဒီ” မှာ ဧဝရတ်တောင်ထွဋ်ရောက်အောင် တက်ဖို့ နောက်ထပ် ရည်ရွယ်ချက်ရှိနေသေးပြီး လုပ်ဖြစ်မယ် မလုပ်ဖြစ်ဖူးဆိုတာတော့ မသေချာကြောင်း ဇနီးဖြစ်သူ “ဂျန်နာဘီဆော” က ပြောဆိုခဲ့ပါတယ်။