ဆော်ဒီပြန်ပို့ရင် သတ်ခံရမည့်ဘေးနဲ့ ကြုံနေရတဲ့ ဆယ်ကျော်သက်မိန်းကလေး
ဆော်ဒီအရေးဗီးယားနိုင်ငံမှအသက် ၁၈ နှစ်အရွယ် မိန်းကလေးကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့ သုဝဏ္ဏဘူမိလေဆိပ်တွင် လူဝင်မှုကြီးကြပ်ရေးမှ ပြည်ဝင်ခွင့် မပြုပဲ ထိန်းသိမ်းထားခဲ့ပြီးနောက် နေရပ်ပြန်ပို့ရန် စီစဉ်ထားသည့်အတွက် မိန်းကလေးမှာအသက်ဘေးအတွက် ထိတ်လန့်စိုးရိမ်နေကြောင်း သိရှိရသည်။
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က “Rahaf Mohammed al-Qunun” ဆိုသူ ဆယ်ကျော်သက်မိန်းကလေးမှာ ကူဝိတ်ကနေ လေယာဉ်ဖြင့် ထိုင်းနိုင်ငံသို့ ဆိုက်ရောက်လာခဲ့ပြီး ခရီးသွားအထောက်ထား မပြည့်စုံမှု၊အသွားအပြန်လေယာဉ်လက်မှတ်နဲ့ ငွေကြေးလုံလောက်စွာ မပြနိုင်ခဲ့မှုတို့ကြောင့် ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌါနက ပြည်ဝင်ခွင့်မပေးပဲ ထိန်းသိမ်းထားခဲ့ပြီးနောက် ဆော်ဒီသံရုံးကိုအကြောင်းကြားခဲ့သည်။
ဆော်ဒီသံရုံးမှ တာဝန်ရှိသူများရောက်လာပြီး Qunun ၏ နိုင်ငံကူးလက်မှတ်ကိုအတင်းသိမ်းယူခဲ့ကြောင်း လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့များက ပြောကြားခဲ့သည်။ ထို့ပြင်အုပ်ထိန်းသူ၏ ခွင့်ပြုချက်မရပဲ ခရီးသွားခဲ့သည်ဟု ဆော်ဒီရှိ သူမ၏အုပ်ထိန်းသူက တိုင်ကြားထားကြောင်း သိရှိရသည်။
Qunun ကို သူမရဲ့မိသားစုက လက်ထက်ပေးရန်အတင်းအကြပ်စီစဉ်မှုကို မလိုက်နာခဲ့တဲ့အတွက်အခန်းထဲမှာ ၆ လကြာပိတ်လှောင်ခံခဲ့ရပြီး ဆံပင်များဖြတ်ပစ်ကာ စိတ်ပိုင်းဆိုင်ရာ၊ ကိုယ်ပိုင်းဆိုင်ရာ ညှင်းပမ်းနှိပ်စက်မှုများ ရှိခဲ့ကြောင်း၊ သူမဟာ မိသားစုနဲ့ဝေးရာ သြစတြေးလျားနိုင်ငံ ထွက်ပြေးစဉ် ထိုင်းနိုင်ငံတွင် လေယာဉ်ပြောင်းစီးရန် ဝင်ခဲ့ရစဉ် ယခုလို ထိန်းသိမ်းခံထားရခြင်းဖြစ်ကြောင်း၊အကယ်၍ သူမကိုနေရပ်သို့ ပြန်ပို့ပါက ထောင်ကျနိုင်ပြီး ထောင်ထဲကပြန်ထွက်လာပါကလည်း မိသားစုက သတ်ပစ်မှာဖြစ်ကြောင်း၊ သူမအနေနဲ့ မျှော်လင့်ချက်မဲ့နေပြီးအလွန်ကြောက်ရွံနေကြောင်း လေဆိပ်ဟိုတယ်တွင် ထိန်းသိမ်းခံနေရစဉ် လူမှုကွန်ယက် တွစ်တာပေါ်ကနေ လိုက်ဖ်လွှင့်ကာ ပြောကြားခဲ့ပါတယ်။
လူ့အခွင့်အရေးစောင့်ကြည့်လေ့လာသူများက ထိုင်းအာဏာပိုင်များအနေနဲ့ Qunun ကို နိုင်ငံရေးခိုလှုံရန် UNHCR သို့ ပို့ပေးသင့်ကြောင်း ဒါမှမဟုတ် သြစတြေးလျနိုင်ငံကို ဆက်လက် ထွက်ခွာခွင့်ပြုသင့်ကြောင်း ဝိုင်းဝန်းအကြံပြုထားကြပါတယ်။