ကမ္ဘာ့အသက်အရှည်ဆုံးအဖိုးအိုအသက် ၁၁၃ နှစ်တွင် ကွယ်လွန်
ကမ္ဘာ့အသက်အရှည်ဆုံးလူသားအဖြစ် ဂရင်းနစ်ကမ္ဘာ့စံချိန်တွင် ပြီးခဲ့တဲ့နှစ် ဧပြီလက မှတ်တမ်းဝင်ခဲ့သည့် ဂျပန်အဖိုးအိုအသက် ၁၁၃ နှစ်သည် ဇူလိုင်လ ၂၀ (တနင်္ဂနွေနေ့)က သူ၏ နေအိမ်တွင် ကွယ်လွန်ခဲ့ကြောင်း မိသားစုဝင်များကအတည်ပြုပြောကြားခဲ့သည်။
အဖိုး “မာဆာဇို နိုနာကာ” ဟာ ဂရင်းနစ်စံချိန်တင်ခဲ့ပြီး တစ်နှစ်ပင်မပြည့်သေးသည့်အချိန်တွင် နေအိမ်၌အိပ်ပျော်နေရာမှ မနိုးတော့ပဲ သေဆုံးခဲ့ခြင်းဖြစ်သည်။ မိသားစုကအသက်မရှုတော့ကြောင်း သတိထားမိပြီးနောက် ဆရာဝန်ခေါ်ပြခဲ့ရာ သေဆုံးပြီဖြစ်ကြောင်းအတည်ပြုပေးခဲ့သည်။
အဖိုးဖြစ်သူဟာ စနေနေ့ညကပင် ပျော်ပျော်ရွှင်ရွှင်ဖြင့်ပင်အိပ်ယာဝင်သွားခဲ့ပြီး နံနက်ရောက်တဲ့အခါ သေဆုံးနေတဲ့အတွက်အဖိုးဖြစ်သူကို လွမ်းဆွတ်မိကြောင်း မြေးမလေးဖြစ်တဲ့ “ယူကို” က NHK သတင်းဌါနနဲ့ မေးမြန်းစဉ်မှာ ဖြေကြားခဲ့ပါတယ်။
အသက် ၁၁၃ နှစ်အရွယ်အဖိုး “မာဆာဇို နိုနာကာ” ဟာ ဂျပန်နိုင်ငံ မြောက်ပိုင်းကျွန်းဖြစ်တဲ့ ဟော့ကိုင်းဒိုးကျွန်းမှာ ၁၉၀၅ ခုနှစ်က ဖွားမြင်ခဲ့ပါတယ်။အဲဒီအချိန်ဟာ ရိုက်ညီနောင်နှစ်ဦး စက်တပ်လေယာဉ်ပျံတီထွင်ပြီး ၂ နှစ်အကြာဖြစ်သလိုအဲလ်ဘတ်အိုင်စတိုင်း ရဲ့ နှိုင်းယှဉ်ချက်အထူးသီအိုရီ ထွက်မလာမီ လအနည်းငယ်ခန့်အချိန်လည်းဖြစ်ပါတယ်။
၁၉၃၁ ခုနှစ်မှာ “ဟတ်ဆုနို” နဲ့ လက်ထပ်ခဲ့ပြီး သားသမီး ၅ ဦး ထွန်းကားခဲ့ပါတယ်။ ဇနီးဖြစ်သူဟာ ၁၉၉၂ ခုနှစ်မှာ ကွယ်လွန်ခဲ့ပြီး “မာဆာဇို” ဟာ သားသမီးနှစ်ဦးနဲ့သာ သက်ရှိထင်ရှား ကျန်ရစ်ခဲ့ပါတယ်။ သူဟာအငြိမ်းစားမယူခင်ထိ မီကန် မီးတောင်ဒေသမှာ ရေပူစမ်းအပမ်းဖြေတည်းခိုခန်း ဖွင့်လှစ်ခဲ့ပါတယ်။
မိသားစုကိုအချိန်ပေးတာ၊ ဆူမိုနပမ်းပွဲကို တီဗီကကြည့်တာ၊ သတင်းစာဖတ်တာတို့နဲ့ပဲ သူ့ရဲ့အားလပ်တဲ့အချိန်တွေကို ကုန်လွန်စေခဲ့ပါတယ်။ ကမ္ဘာ့အသက်အရှည်ဆုံးလူသားအဖြစ် မှတ်တမ်းတင်ခံရချိန်မှာတော့ သူအခုလိုအသက်ရှည်ကျန်းမာနေတာ ရေပူစမ်းသောက်တာနဲ့အချိုစားတာတွေကြောင့် ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့မိသားစုကတော့အဖိုးအိုဟာ စိတ်ဖိစိးမှုမရှိအောင် နေတတ်တာကြောင့် ခုလိုအသက်ရှည်ရတာလို့ ပြောကြာခဲ့ပါတယ်။
၂၀၁၈ ခုနှစ် ဧပြီ သူ့အသက် ၁၁၂ နှစ်နဲ့ ၂၅၉ ရက်အရောက်မှာတော့အသက်ရှည်ဆုံးလူသားအဖြစ် ဂင်းနစ်စံချိန်တင်နိုင်ခဲ့ပါတယ်။ တစ်နှစ်မပြည့်မီ ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၂၀ ရက်နေ့မှာတော့အဖိုးအို ကွယ်လွန်သွားခဲ့ပြီဖြစ်ပါတယ်။