“ ကြက်နက်မ ”
ဇာတ်လမ်း / စာရေးသူ - “ မိုးစွေ ” ( ဖြစ်ရပ်မှန် )
( စ - ဆုံး )
ထူးခြားဆန်းကျယ်တဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းတွေအကြောင်း… ၊
သိပ္ပံပညာနဲ့အဖြေမရှာနိုင်တဲ့အခြားကမ္ဘာတစ်ခုကအဖြစ်မှန်တွေ ၊
ကြောက်စရာကောင်းလွန်းတဲ့အဖြစ်အပျက်တွေ ၊ ထူးခြားကမ္ဘီရပစ္စည်းတွေ…
စတဲ့ စတဲ့အကြောင်းတွေနောက်ကိုအခြေခံပြီး ဖြစ်ရပ်မှန်ကျောရိုးယူနေရာဒေသအပေါ်မူတည်လို့
ဇာတ်လမ်း ၊ ဇာတ်အိမ်ဖွဲ့ပြီးရေးသားတတ်တဲ့ ဂမ္ဘီရစာရေးသူတစ်ယောက်အဖြစ် ဇာတ်လမ်းလေးတွေ
ရေးရတာ ကျွန်တော့်ဝါသနာတစ်ခုပါပဲ …
တစ်နေ့ မှတ်မှတ်ရရပြောရမယ်ဆိုရင် ကျွန်တော်ရေးလက်စ“ ချောင်းဘေးနားကသရဲမ ” ဆိုတဲ့
ဖြစ်ရပ်မှန်ဇာတ်လမ်းလေးကိုရေးပြီးလို့ ရက်ပိုင်းလောက်အကြာမှာ ကျွန်တော်တို့အိမ်ကို
ကချင်ပြည်နယ်ဘက်က ကျွန်တော့်အမေရဲ့အစ်မ … ကျွန်တော်တို့ရဲ့ ကြီးကြီးမိသားစု
ရန်ကုန်အလည်အပတ်ဆိုပြီးရောက်လာခဲ့ကြတယ်… ၊ ကျွန်တော်တို့ ကြီးကြီးရဲ့ ခင်ပွန်းသည်
ဦးလေးဖြစ်သူကို ကျွန်တော်တို့ ကလေးကတည်းက နှုတ်ကျိုးနေတဲ့အတိုင်းဘဘလို့ပဲခေါ်ပါရစေ… ၊
ကျွန်တော်တို့ ဘဘ က ကချင်ပြည်နယ်ဇာတိ ၊ ဂေါ်ရခါးလူမျိုးတစ်ယောက်ဗျ ၊ သူတို့ဇနီးမောင်နံမှာ
သမီးလေးနှစ်ယောက်ရှိတယ်… ကျွန်တော့်အစ်မတွေပေါ့….ဒါတွေထားပါ….အမျိုးတွေစပ်နေရင်
စာရှည်သွားလိမ့်မယ်… ၊ လိုရင်းပြောရရင် ကျွန်တော်တို့ရဲ့ ဘဘ က ကချင်ပြည်နယ်ဇာတိ…
သူငယ်ငယ်လေးကတည်းကနယ်အစုံနီးပါးပေပေတေတေလျောက်သွားခဲ့ဖူးတဲ့သူတစ်ယောက်
အကြောက်အလန့်လည်းရှိတဲ့သူမဟုတ်ဘူး ၊ သူကိုယ်တိုင်မထင်မှတ်ပဲရခဲ့ဖူးတဲ့ ကမ္ဘီရပစ္စည်းတွေ
ရေဆင်တို့…စသဖြင့်ကြုံဖူးတဲ့သူ.. ၊ စုန်းဆိုလည်းမီးစုန်းလိုစုးမျိုးတွေနဲ့တွေ့ပါများလွန်းလို့အခြားသူတွေ
ပတ်ပြေးနေရင်တောင် သူကအရေးမစိုက်တဲ့သူ …၊ မကြောက်တတ်တဲ့သူမို့လားမသိဘူး
သရဲ ၊ တစ္ဆေကလည်းသူ့ကိုခဏခဏခြောက်လန့်တယ်လို့ပြောတယ်… ၊ ဘယ်နေရာသွားသွား
ပရလောကနဲ့ပတ်သတ်ပြီးသူ့ကိုယ်တွေ့တစ်ခုအမြဲရခဲ့လေ့ရှိတယ်… ၊ နောက်ပြီးသူ့ရဲ့ထူးခြားချက်က
သူကဘုရားတရားလည်းအလွန်အမင်းကိုင်းရှိုင်းရိုသေတတ်တဲ့သူ ၊ ပုတီးစိတ် ၊ တရားထိုင်လည်း
အမြဲလိုလုပ်တဲ့သူတစ်ယောက်ဖြစ်နေတာပဲဗျ ၊ သူများလိုသောက်သောက်စားစားလည်းမရှိဘူး.. ၊
သူ့လိုလူမျိုးကျတော့ ကံနိမ့်လို့ သရဲ့ခြောက်ခံရတယ်ဆိုပြီးပြောရခတ်နေပြန်ရော့လေ… ။
ကျွန်တော့်အတွက်တော့ ဘဘရန်ကုန် လာလည်တာထီပေါက်တာထက်ပျော်မိတယ်… ၊
ကျွန်တော့်လိုအခြားကမ္ဘာ….ပရလောကတို့ ၊ ဂမ္ဘီရဆိုင်ရာနယ်ပယ်တွေအကြောင်း ၊ သရဲခြောက်တဲ့
အကြောင်းတွေ စိတ်ဝင်စားသူအတွက် ဘဘကရေးမကုန်နိုင်တဲ့ ကုန်ကြမ်းထုတ်စက်ရုံကြီးပဲဗျ…. ၊
သူကြုံခဲ့သမျှအဖြစ်အပျက်တွေကလည်း ကျွန်တော်ရေးဖူးတဲ့ဇာတ်လမ်းတွေလိုတစ်ခုနဲ့တစ်ခု
ထပ်တယ်ဆိုတာမရှိဘူး…အသစ်အဆန်းတွေချည်းပဲ…. ၊ ဒီနေ့တော့ ကျွန်တော်လည်းအလုပ်ပိတ်တော့
ဟန်ကျတာပဲ… ၊ ဟော့ ပြောရင်းဆိုရင်းလဖက်ရည်ချိန်ရောက်လာလို့ ကျွန်တော့် ဘဘနဲ့ ကြီးကြီးတောင်
အိမ်ပေါ်တက်လာကြပြီ…. ၊ ကြီးကြီးကမေမေနဲ့ စကားသွားပြောပါစေလေ…ကျွန်တော်ကတော့ ဘဘကို
ရအောင် ချုပ်ပြီးဖမ်းရမယ်…. ။
“ ဘဘ….. ”
“ ဝေ့ ဘာလဲကွ….. ”
“ ဟာ….ငါ့သားကြီးတောင်အရပ်ကြီးနည်းတဲ့အရှည်ကြီးမဟုတ်တော့ဘူး…အားလား ”
“ ဟုတ်တယ်ဘဘ….ဒီမှာထိုင်ပါဦးဘဘ ကျွန်တော် ရေနွေးနဲ့
လဖက်ရည် ၊ လဖက်သုတ်လေးသွားယူလာခဲ့မယ် ”
ကိုယ့်အကြံနဲ့ကိုယ်ဆိုတော့ ကျွန်တော်လည်းဖင်ပေါ့နေတာပဲ…. ၊
သူ့အကြိုက် က လဖက်သုတ် ပုစွန်ခြောက်များများ ၊ ဆီရွဲရွဲလေး ၊ လဖက်ရည်က
ပေါ့ဆိမ့် ၊အဖန်ရည် ပူပူခါးသပ်သပ်လေး… ၊ ကျွန်တော်သိတာပေါ့…. ၊အိမ်အပြင်ကို
ကြည့်လိုက်တော့လည်းရာသီဥတုကကိုယ့်ဘက်ပါနေပြန်တယ် … ၊
ဆောင်းဝင်ခါစလေးမို့အေးစိမ့်စိမ့်လေး…. ။
“ ဘဘ ကျွန်တော့်ကို ဖြစ်ရပ်မှန်တွေ ပြောပြဦးလေဗျာ…
ကျွန်တော် ဇာတ်လမ်းရေးမယ်လေ… ”
“ ငါ့တူကြီးမင်းကိုဘဘပြောထားတာအများကြီးပဲလေ… ”
“ ဟီးဟီးဟုတ်တယ်လေဘဘအဲ့ဒါတွေအကုန် ရေးပြီးပြီ ”
“အားလား…တယ်လက်သွက်တဲ့ကောင်ပါလား… ”
“ ဒါနဲ့ သားဖေကြီးရော.. ”
“ ဗျာ..ဖေဖေလားဖေဖေအလုပ်ကိစ္စနဲ့အပြင်ခဏသွားတယ် ဘဘ ”
“အေးအေး…ဘဘကပြောပြတာရပါတယ်…သားရောအားရဲ့လား ”
“အားတာပေါ့ဘဘရာ..ဒီနေ့လေးရှားရှားပါးပါးအိမ်ကပ်တုန်းလေး
ဘဘဆီကဇာတ်လမ်းတွေ မှတ်ထားချင်လို့ ”
ဘဘရဲ့အခြေအနေကိုကြည့်ပြီး ကျွန်တော်လည်းဖုန်းရဲ့အသံဖမ်းခလုတ်လေးကို
ဖွင့်ထားလိုက်တော့တယ်…. ၊
“ ဘဘတို့ငယ်ငယ်ကတော့အခုနေတဲ့ ကချင်ပြည်တယ်ထဲက (…)မြို့ဆိုတာ
တကယ့်တော့ကြီးပါပဲ…ဘဘတို့က မြို့အစွန်ရပ်ကွက်ဆိုတော့ပိုဆိုးသေး..
အပင်ကြီးတွေ သစ်ရပ်ဝါးရိပ်ကလည်း ထူထူလမ်းမီးမပြောနဲ့ ဟိုနားဒီနားညရေးညတာဆို
လက်နှိပ်ဓါတ်မီးတောင်မသုံးနိုင်ကြလို့ မီးတုတ်ကိုယ်စီကချင်ဓါးကိုယ်စီနဲ့ တောတိုးကြတာပဲကိုယ့်လူရေ… ”
အဲ့လိုနဲ့အစချီပြီး… သူတို့ငယ်ငယ်ကဖား ၊ ငါး… ဟင်းစားရှာထွက်ရင်းရေသရဲနဲ့ကြုံတာတွေ ၊
ကျွန်တော်ရေးခဲ့ဖူးတဲ့ “ ညမအိပ်ရ ” ဆိုတဲ့ ဇာတ်လမ်းထဲကသေပြီးသားသူကိုဖုတ်သွင်းတဲ့အကြောင်းတွ ၊
အမဲလိုက်တဲ့အကြောင်းတွေ ၊ ဖားကန့် မှော်ထဲ က ကြောက်စရာကောင်းတဲ့ ဇာတ်လမ်းတွေ ၊
ပယောဂအကြောင်းတွေ ၊ သူတို့လူပျိုအရွယ်လောက်ရောက်တော့ ရေခဲတိုက်နားမှာ
သရဲခေါ်နည်းဆော့မိလို့ သူငယ်ချင်းတစ်ယောက်အဖြစ်ဆုံးရတဲ့ ကြောက်စရာဖြစ်ရပ်တွေ ၊
စုန်းတွေအကြောင်း ၊ စတဲ့ စတဲ့ ဇာတ်လမ်းတွေကိုစီကာပတ်ကုန်းသူကတစ်ခုပြောလိုက်
ကျွန်တော်ကသိချင်တာလေးတစ်ခု ဖြတ်မေးလိုက် သူကတစ်ခုဆက်ပြောလိုက်နဲ့အဆင်ကိုပြေနေတာပဲ… ၊
သူပြောခဲ့သမျှအထူးအဆန်းကြောက်စရာကောင်းတဲ့ သဘာဝလွန်အဖြစ်အပျက်တွေထဲက
ကျွန်တော် တော်တော်လေးစိတ်ဝင်စားတဲ့အကြောင်းလေးရှိတယ်ဗျ…အဲ့အဖြစ်အပျက်မျိုးအပြင်မှာ
တစ်ကြိမ်မှ မကြားဖူးသေတော့အဆန်းလေးလည်းဖြစ်နေတယ်… ၊အဖြစ်အပျက်အစအဆုံးကိုတော့
ဖတ်လို့ကောင်းအောင် ဇာတ်လမ်းသဘောမျိုးလေးနဲ့ ကျွန်တော်ပြန်စီရေးသားလိုက်ပါတယ်… ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကချင်ပြည်နယ် ရှိ မြို့ကြီးတစ်မျို့တွင်ဖြစ်သည် ……..
“ ဂျာမွန်းအောင်ကို ကြည့်ဦးကွာတစ်နေ့တစ်ခြားပိန်ပိန်လာတာ
လူရုပ်တောင်မပေါ်တော့ဘူး… ”
“အေးလေ…အရင်ကဒီလိုမှမဟုတ်တာသူ့ကိုယ်လုံးလေးကမယ်ကမ္ဘာကိုယ်လုံးလေးကို ”
“ ဟေ့ကောင် မင်းညီမဘယ်ကနေဘယ်လိုစပြီးဒီလိုဖြစ်တာလဲ ”
ပေါင်းနေကျ ပြောမနာဆိုမနာအိမ်နီးချင်းသူငယ်ချင်းသုံးယောက်ဖြစ်ကြသည့်
ရမ်းဗဟာဒူး ၊ ဂွမ်ဆန်လီ ၊ မွန်းအောင် တို့ထဲမှ ဂွမ်ဆန်လီ၏အပျိုအရွယ် ညီမဖြစ်သူလေးမှ
တစ်နေ့တစ်ခြားအစာမဝင်ဘဲတကယ်ကိုယ်လုံးအရိုးပေါ်အရည်တင်ဖြစ်ကာ
ရေကိုပင် မနည်းတိုက်နေရသည်အထိအခြေအနေဆိုးနေချေပြီ ၊ ဆရာဝန်များ ၊ သမားတော်များ ၊
ဆေးမှီးတိုဆရာများကပင်ဂျာမွန်းအောင်၏ ရောဂါကိုသေချာမပြောနိုင်ဘဲလက်လျော့လိုက်ကြလေသည် ။
“အေးကွာ… ငါ့ညီမလေးဂျာမွန်းအောင်ကအကောင်းကြီးကွ
အကောင်းကြီးကနေညညဆိုမအိပ်တော့ဘူးငုတ်တုတ်ထိုင်နေတယ် ၊
ပြီးတော့ သူ့ကိုမေးရင်လည်းအိပ်မပျော်ဘူးတဲ့
အိပ်လို့မရဘူးပဲပြောတယ် ၊အစာကျွေးလည်းမစားချင်ဘူးပဲငြင်းတယ် ၊
နောက်ပိုင်းအိပ်ယာထဲမှာတခွေခွေနဲ့ တပိန်ပိန်တလိန်လိန်နဲ့ စကားလည်းနည်းသွားတယ်
နာတာရှည်ရောဂါသည်လိုဖြစ်သွားပြီးအိပ်ယာထဲမှာပဲမင်းတို့တွေ့တဲ့အတိုင်း
ရောဂါဖိစီးမှုကိုခံနေရတာပါပဲကွာ…သူ့ဟာကဘာဖြစ်လို့ဖြစ်မှန်းမသိတာရယ်
ဆရာဝန်တွေကအစ ဘာရောဂါမှန်းမသိဘူးဖြစ်နေတာတွေကပိုဆိုးနေတယ် ”
ဂွမ်ဆန်လီမှ သူ၏ ညီမအကြောင်းကိုပြောပြလိုက်ရာရမ်းဗဟာဒူးမှအကြံတစ်ခုပေးလိုက်လေသည် ။
“ ဒီအတိုင်းဆိုလူတစ်ယောက်လုံးမျက်စိရှေ့မှာတင် လက်လွတ်လိုက်ရလိမ့်မယ်နော်
မင်းညီမဂျာမွန်းအောင်ဆိုတာလည်းငါတို့ညီမလေးပါပဲကွာ….ငါအကြံပေးချင်တာက
တို့(…)နားကနတ်ဆရာကြီးဆီမှာနောက်ဆုံးအနေနဲ့ ပယောဂစစ်ဆေးရင်းကုခိုင်းကြည့်ပါလား
မင်းတို့ငါတို့မသိနိုင် ၊ ဆရာဝန်တွေ ၊ သမားတော်တွေ မမြင်နိုင်မစမ်းသပ်နိုင်တဲ့ရောဂါဆိုတော့
နောက်ဆုံးနည်းအရ ငါ့စိတ်ထင် ပယောဂပဲဖြစ်ရမယ်…ဟုတ်မဟုတ် နတ်ဆရာဆီရောက်ရင်
သိရမှာပေါ့ကွာ…. ”
ရမ်းဗဟာဒူးပေးလိုက်သည့််အကြံကိုမွန်းအောင် မှ
“ နေဦးကွာ…ဒီနတ်ဆရာဆိုတဲ့လူကြီးကိုငါမယုံဘူး… ၊
သတင်းတွေကြားထားတာလဲဒီလူကြီးက ပြုစားတတ်တယ်… ၊
အောက်လမ်းနည်းတေါနဲ့လူတစ်ယောက်ကိုဖျားနာအောင်လုပ်မယ်…
ပြီးရင် လူနာသူ့ဆီကိုမလာလာအောင်လုပ်တယ်..
လူနာကသူ့ဆီရောက်လာပြီးသူကုမှ သက်သာမယ်မှန်းမသိတာနဲ့
လူနာရှင်ကိုဈေးကိုင်တော့တာပဲလို့ ငါကြားဖူးတယ် ”
“ ဟင်ဟုတ်လား…ဒီအတိုင်းဆိုအဆင်မပြေဘူး…နော် ”
ဂွမ်ဆန်လီမှ စိုးရိမ်သွားသည်ကိုသိလိုက်သောအခါ
ရမ်းဗဟာဒူး က
“ မွန်းအောင်ရာ..မင်းပြောတာတွေ မင်းကြားလာတာတွေက
တကယ်ဟုတ်တယ်မဟုတ်ဘူးဆိုတာမင်းအာမခံနိုင်လား…
ဟိုကတကယ်ကျင့်ကြံအားထုတ်တဲ့သူဆိုရင် မင်းအပြစ်ရနေဦးမယ်နော်
ငါပြောချင်တာသူငယ်ချင်းဂွမ်ဆန်လီမင်းညီမလေးဂျာမွန်းအောင်အခြေအနေကို
မင်းလည်းသိတယ် ငါတို့တွေလည်းသိနေကြပြီ…နောက်ဆုံးသူ့အတွက်
ကောက်ရိုးလေးတစ်မျှင်စာအခွင့်အရေးရှိမယ်ဆိုလည်းငါတို့ဖမ်းဆုတ်ထားရမှာပဲ
တစ်ခုခုဖြစ်ခဲ့ရင် ငါတို့အရင်လို ဝိုင်းရှင်းလိုက်မယ် မင်းဘာမှပူမနေနဲ့
မင်းတို့အိမ်ကလူကြီးတွေသဘောတူအောင်လည်းငါဆို့ရအောင်လိုက်ပြောပေးမယ်
ပြီးရင် ဂျာမွန်းအောင်လေးကိုငါတို့ကိုယ်တိုင် နတ်ဆရာဆီခေါ်သွားပေးမယ်ကဲကြာတယ်
အထုပဲအစီအစဉ်အတိုင်းစလိုက်ကြစို့….. ”
သူ့အိမ်ကိုယ်တက်အိပ်တက်စား ၊ ကိုယ့်အိမ်သူတက်အိပ်တက်စား
လုပ်နေကြမို့ သွေးပိုနီးကြသည် ၊ တစ်ယောက်ထိလာလျှင်လည်းကျန်နှစ်ယောက်ကအမြဲ
လိုက်ရှင်းပေးလေ့ရှိသည် ၊ တစ်ယောက်ကငရဲသွားမည်ဆိုပါကကျန်နှစ်ဦးမှာလည်း
အနောက်မှ လိုက်ဖို့အသင့်ရှိနေသည့် သွေးသောက်များပင် ၊ ယခုလည်းဂွမ်ဆန်လီ၏
ညီမဖြစ်သူဂျာမွန်းအောင်အတွက် သူတို့ နတ်ဆရာကြီးဆီကိုသွားကြမည် ၊ ထိုသို့သွားရန်ခွင့်ပြုပေးဖို့
လူကြီးမိဘများထံခွင့်တောင်းရာ နားဝင်အောင်ပြောပြတတ်သူ ရမ်းဗဟာဒူးကြောင့် လက်ခံသွားကာ
လူကြီးများမှ သူတို့ပင်လိုက်လာခဲ့ကြသည် ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အိမ်အခန်းထဲသို့မဝင်ခင်မှပင် နတ်ဆရာကြီး၏ တစ်အိမ်လုံးတွင်အနီရောင်စက္ကုစများ
လိုက်ကာနီနီများဖြင့် ဝေ့ယမ်းစီးကြီးနေသည်ကိုမြင်လိုက်ရသည် ၊အိမ်တွင်းမှအခန်းထဲရှိအသက် လေးဆယ်ဝန်းကျင်ရှိ ဆရာဖြစ်သူကိုတွေ့လိုက်ရသည် ၊ နတ်ဆရာကို ဖြစ်ကြောင်းကုန်စင်ပြောပြပြီးနောက်
နတ်ဆရာကသူ့လုပ်ငန်းဆောင်ရာအတိုင်းဝိဉာဉ်ခေါ်၍စစ်ဆေးပေးလေသည် ….
ဆရာရှေ့တွင်အားယူရင်းလက်အုပ်ချီက ကြိုးစားထိုင်နေသည့် ဂျာမွန်းအောင်၏
နှဖူးနေရာကိုနတ်ဆရာမှလက်ညှိုးဖြင့်ထောက်ကာမျက်စိမှိတ်လျက်ဖြင့် တတွတ်တွတ်ရွတ်ဆိုနေလေသည် ၊
ထိုသို့လုပ်နေသည်ကိုရမ်းဗဟာဒူး ၊ ဂွမ်ဆန်လီ ၊ မွန်းအောင်တို့ သုံးယောက်သားအပြင် မိသားစုဝင်များ
စုစုပေါင်းရှစ်ဦးလောက်မှ ဂရုတစိုက်အသက်ရှုသံပင်မကြားရလောက်အောင် ကြည့်နေမိကြသည် ၊
ထိုစဉ် ဆရာရှေ့မှ လက်အုပ်ချိလျှက် ထိုင်နေသည့် ဂျာမွန်းအောင်တစ်ယောက်အသားများတဆက်ဆက်
တုန်းလာရင် လက်များမှာလည်းတုန်ယင်နေရင်းမျက်လုံးမှိတ်လျှက်သားဖြင့် ကြောက်မက်ဖွယ်
ရယ်မောနေလေသည် ။
“ ဟီးဟီး…ဟီး…ဟီး…ဟီး ”
ထိုအချိန်မှ နတ်ဆရာကအသံကျယ်ကြီးဖြင့်အမိန့်ပေးလိုက်သည် …
“ နင်ဘယ်သူလဲ … ၊ ဒီကလေးမကိုဘာလုပ်ထားလဲ ၊ ဘာလို့လုပ်တာလဲပြောစမ်း ”
နတ်ဆရာမေးလိုက်သည့်နှင့် တစ်စုံတစ်ရာအပူးကပ်ခံနေရသူဂျာမွန်းအောင်မှ
ရယ်မောရင်းဆံပင်အရှည်ကြီးကိုဝှေ့ယမ်းကာမျက်နာတစ်ပြင်လုံးဆံပင်ရှည်ကြီးများဖုံးလျက်
အသံတုန်တုန်ယင်ယင်အက်ကွဲသံကြီးဖြင့် ပြန်ဖြေသည် ။
“ ငါ့နာမည်ကမိုင်းရာ ”
“ ဟင်…. ”
နာမည်ကြားလိုက်ပြီးနောက်အားလုံးအံသြသင့်နေကြသည် ၊
အထူးသဖြင့် ရမ်းဗဟာဒူးတစ်ယောက်အသံပင်မထွက်နိုင်ပါဘဲ ကြက်သေသေသွားမိလေသည် ။
ထိုစဉ်ဆရာကတိတိကျကျ ထပ်မေးလိုက်ရာ…
“အေး..ငါ့နာမည် မိုင်းရာ…ဒေါ်မိုင်းရာ…
မြို့စွန်(….)က(…)မှာနေတယ် … ”
“ ဟာ….. ”
လူတွေအကုန်အံသြသင့်သွားရပြန်သည် ၊ မအံ့သြနိုင်ရိုးလားဒေါ်မိုင်းရာဆိုသူမှာ
အခြားသူမဟုတ် ရမ်းဗဟာဒူး၏ မိခင်ကြီးပင်…. ၊ ဆက်၍
“ ဟီးဟီး…ဟီးဟီး…ငါအဲ့ဒီ့ကောင်မကို ကြည့်မရလို့အသေလုပ်တာဘာဖြစ်လဲဟီးဟီးဟီးဟီး ”
ငယ်သူငယ်ချင်းနှင့်အခန်းထဲရှိသမျှ သူငယ်ချင်းဖြစ်သူမိသားစုများကပါ
ရမ်းဗဟာဒူးကို ဝိုင်းကြည့်နေကြကုန်ပြီ ၊ ရမ်းဗဟာဒူးစိတ်ထဲတွင်လည်းအတော်လေး
စိတ်မကောင်းဖြင် မျက်နာပူအားနာနေမိသွားလေသည်…ထိုစိတ်မကောင်းဖြစ်နေစိတ်ကို
မီးရှိန်မြှင့်ပေးလိုက်သူမှာနတ်ဆရာ၏မေးခွန်းကိုဖြေနေရသည့် ဂျာမွန်းအောင်ကိုယ်တွင်းမှ
တစ်စုံတစ်ခု…. ၊
“ သား..သား..လေးပီဂျေးနင်ဒီကိုလိုက်လာတာလား ”
ဒီတစ်ကြိမ်အံ့အားသင့်ရသူမှာရမ်းဗဟာဒူးပင်ဖြစ်သည် ၊ ဝင်ပူးနေတဲ့သူက
အမေဖြစ်သူဒေါ်မိုင်းရာ ၊အခုလည်းအမေကပီဂျေးဟုခေါ်ပြန်ပြီ ၊ ပီဂျေးဆိုသည့်အမည်မှာ
ရမ်းဗဟာဒူး၏အိမ်ခေါ်နာမည်ဖြစ်ပြီးတစ်အိမ်လုံးတွင် ငယ်စဉ်ကသူ့ကိုပီဂျေးဟု
အမေတစ်ဦးတည်းကခေါ်လေ့ရှိတာကို ပြန်စဉ်းစားမိသွားကာ…အမေကိုယ်တိုင်က
အောက်လမ်းဆရာမ ၊ စုန်းကေ၀ ဖြစ်နေပြီးဘေးအိမ်ကသူငယ်ချင်းအရင်းဖြစ်သူရဲ့ ညီမလေးကို
ပြုစားထားသည်…သေအောင်လုပ်နေသည်ဟုတည့်ကြီးပြောသွားသည်ကိုမယုံကြည်နိုင်လောက်အောင်
ဖြစ်ရသည် ၊ရမ်းဗဟာဒူး လုံး၀ မယုံကြည်နိုင်ဖြစ်နေမိသည် ၊ မိခင်ကြီးဒေါ်မိုင်းရာဆိုသူမှာ
ဘုရားတရားဘာသာရေးအရမ်းလုပ်သူဖြစ်သည် ၊အချိန်တိုင်းဘုရားစုတတွတ်တွတ်ရွတ်နေတတ်သူ ၊
ဘုန်းကြီးဆွမ်းကပ်လှူရင်တောင် ဘုန်းကြီးကိုလောင်းလူမည့် ပစ္စည်းများ လှူဖွယ်ရာများထည့်ရာတွင်သုံးသည့်
ပန်းကန်များကိုမည်သည့်အခါမျှအိမ်အတွက် သုံးလေ့မရှိအဲလောက်ထိဘုရားတရားလုပ်သူဖြစ်သည် ၊
ယခုတော့ မိမိထင်ထားသည့် မိခင်ဖြစ်သူမှာမယုံကြည်နိုင်လောက်အောင်ပင် … ၊ ရမ်းဗဟာဒူးတစ်ယောက်
ရှက်ကလည်းရှက် ဝမ်းနည်းစိတ်ကလည်းအပြည့်ဖြစ်လာတော့ မနေနိုင်တဲ့ မျက်ရည်မိုးတွေက
မျက်တောင်အိုတွေကြားထဲရီးလေးတွဲခိုနေကြရင်းတစ်ချို့က ကြမ်းခင်းပေါ် တစ်ပေါက်ပေါက်ကျနေတော့သည် ။
ထို့နောက် ပြောပြောဆိုဆိုမပြုတော့ဘဲရမ်းဗဟာဒူးမတ်တပ်ထရပ်လိုက်ရင်း
နတ်ဆရာကိုလက်ညှိုးထိုးကာ
“ ဟေ့လူ…ဒါနောက်စရာမဟုတ်ဘူးနော်…အခုရောက်နေတာအခုဂျာမွန်းအောင်ကိုယ်ထဲမှာ ဝင်စီးနေတာ
ကျုပ်အမေသေချာလား…ကျုပ်အမေလား….. ”
နတ်ဆရာကတစ်ခွန်းမျှပြန်မဖြေနိုင်သေးခင် ဂျာမွန်းအောင်က
ခေါင်းညှိမ့်ပြလိုက်လေရာ…. ၊ ရမ်းဗဟာဒူးတစ်ယောက်အိမ်အပြင်ကိုထွက်သွားကာ
ခြေထောက်ဗလာဖြင့် မြို့စွန်နေရာသို့အကုန်ပြေးသွားရင်းအိမ်အရောက်တွင် မိမိအမေဖြစ်သူမှာ
အိမ်မှုကိစ္စများကိုပြုလုက်နေလေသည် ၊ နတ်ဆရာဆီမှာပြောတုန်းကကဲ့သို့
ပြုပ်လုပ်နေသည့်အောက်လမ်းဆရာမမဟုတ်သည်မှာသေချာသွားပြီဖြစ်၍
ကချင်ဓါးရှည်ကြီးကိုလွယ်လာခဲ့ပြီးပယောဂကုနေသည့်နေရာသို့ ရောက်သည့်အခါ
နတ်ဆရာနှင့် လူနာဂျာမွန်းအောင်တို့ကိုမလိမ်မညာတမ်းသေချာခေါ်ပေးဖို့ ငါပြောချင်တယ်
လိမ်ညာရင် ဒီမှာဇာတ်ပြတ်သွားမယ်….ခုနကဝင်ပူးတဲ့ကောင်က ဒေါ်မိုင်းရာလို့ပြောသွားတယ်နော်
ဒီတစ်ခါ လိမ်ရင် ငါမပြောတော့ဘူးမင်းသေပြီသာမှတ် ”ဟုသေချာပြောလိုက်ရာ
နတ်ဆရာလည်းဒီတစ်ကြိမ်သေချာအမိန့်ပြန်လိုက်ရပြီးမကြာခင်လူနာမှ
စကားစပြောလာတော့သည် ၊ ဂျာမွန်းအောင်သည် သူ့သားဖြစ်သူချစ်ခွင့်ပန်ရာမှာ
လူကြားထဲတွင်အော်ဟစ်ငြင်းဆိုခဲ့သည့်အတွက်အရှက်ရခဲ့ကြောင်းနှင့် ဂျာမွန်းအောင်နားတွင်
ကပ်နေသည့် ရမ်းဗဟာဒူးတို့အပေါ်အသားပေးနေသည်ကိုလည်း ကြည့်မရသောကြောင့်
ရမ်းဗဟာဒူးတို့အိမ်ဝိုင်းတွင်းအငွေအသက်များမှတစ်ဆင့်အခေါ်အဝေါ်အချို့ကို
သိရှိပြီးပယောဂစစ်ဆေးခံတဲ့အခါ လိမ်ညာထွက်ဆိုပြီးပယောဂအစစ်ခံကာရမ်းဗဟာဒူး ၏
မိခင်အပေါ် လွှဲချလိုက်မိကြောင်းလည်း ဝင်ခံလာတော့သည် ။
ထူးခြားသည်မှာရမ်းဗဟာဒူးတို့အိမ်ဝိုင်းတွင်း ထိုပညာသည်မှာ
တိရစ္ဆာန်တစ်ယောက်အသွင်ယူ၍ နေထိုင်လေ့လာခဲ့သည်ဟုပြောသွားသေးသည် ၊
ထိုကိစ္စနဲ့ပတ်သတ်ပြီးရမ်းဗဟာဒူးတို့ခြံထဲမှာညနေစောင်းပြီဆိုသည်နှင့်
တစ်ကိုယ်လုံး နှုတ်သီးမှအစအမောက်အဆုံးတစ်ကိုယ်လုံးခြေလက်ကအစ
အနက်ရောက်ရှိသည့် ကြက်နက်မကြီးတစ်ကောင်ကိုတွေ့တတ်ပြီး
ခြင်းတောင်းများဖြင့် မည့်သို့ဖမ်းဖမ်း ၊ လေးခွဖြင့် မည်မျှပစ်ပစ် ၊
ဖမ်းမမိ ၊ ပစ်မထိတတ်သည့် ကြက်နက်မကြီးတစ်ကောင်ရှိနေကြောင်း
သတိထားမိသွားသည် ၊ ထိုကြက်နက်မကြီးမှာလူသားအဖြစ်မှ ပြောင်းလဲ
ဟန်ဆောင်ထားကြောင်းပိုသိသာစေသည့်အချက်မှာနားကွင်းနှစ်ဖက်ပါနေခြင်းပင် ၊
လူပုံစံမှာကတည်းက ပတ်ဝန်းကျင်သတိထားမိစေသည့် ရွှေရောင်နားကွင်းများမှာ
ထိုပညာသည် ကြက်နက်ဘဝအယောင်ဆောင်ပြီးရမ်းဗဟာဒူးတို့ခြံထည်းလာသည့်တိုင်
ကြက်မကြီး၏ နားနေရာများတွင် နားကွင်းများဖြင့်အံသြထူးခြားဖွယ် တွေ့မြင်နေရခြင်းမှာ
ဆန်းကျယ်လှသည် ၊ နောင် မိုးလင်းခါနီးလျှင်အဲ့ဒီကြက်မကြီးအလိုလိုပျောက်သွားတတ်သေးတယ် ။
ဤ သို့ ပယောဂစစ်ခံရာတွင် လိမ်ညာရန်တိုက်တတ်သော ၊ ပညာသည်ဖြစ်လင့်ကစား
နားကွင်းကြီးပန်ထားသည့် ကြက်မအနက်ရောင်ကြီးအဖြစ် ပုံစံပြောင်းတတ်သောပညာသည်တစ်ဦးအကြောင်း
သေချာသိလိုက်ရသည် ၊ နောက်ပိုင်းတွင် ဆရာဖြစ်သူနိုင်သဖြင့် ဂျာမွန်းအောင်တစ်ယောက်
ယခင်ကဲ့သို့ ပြည့်ပြည့်ဖြိုးဖြိုးလန်းလန်းဆန်းဆန်းထူထူထောင်ထောင်ပြန်ဖြစ်လာခဲ့လေတော့သည် ၊
ဆရာဖြစ်သူကိုမိသားစုမှ ပေးထားသသည့်ကတိအတိုင်းပညာသည်ကိုတော့
အပြင်မှာတကယ် ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့ခြင်း မပြုခဲ့ကြပါ ။
ကြိုးစားပါဦးမည် …
~ မိုးစွေ ~
စာပြီးချိန် - 26.3.2019( 2 : 06 Am )