ခြင်ဆေးခွေနှင့် ကျန်းမာရေးအန္တရာယ်
healthcare.com.mm
|
2019-04-12


ခြင်ဆေးခွေသည်အိမ်တိုင်းလိုလိုတွင် သုံးကြသော မရှိမဖြစ် ပစ္စည်းတစ်ခုဖြစ်နေသည်။ ညနေစောင်းလာသည်နှင့်အမျှကို ရွှေခြင်တို့သည် သောင်းကျန်းကြရာ ရောဂါပိုးများ သယ်လာနိုင်သော ခြင်များအား နှိမ်နှင်းရန် ခြင်ဆေးခွေကို ဆောင်ထားကြရသည်။ ခြင်ဆေးခွေကိုတော့အားလုံးသိကြ ပြီးဖြစ်သည်။ ခြင်ပြေးစေရန်အနံ့ကောင်း ကောင်းထွက်အောင် ပြုလုပ်ထားသောအရစ်ခွေသဏ္ဍာန် Pyrethrum ပါဝင်သောအခွေလေးများဖစ်သည်။ ခြင်ဆေး ခွေထွန်းလျှင်အရစ်ခွေ၏အပြင်ဘက် စွန်းမှ မီးညှိပြီးအလယ်မှ ဒေါက်တိုင်လေးဖြင့် ထောင်ထားရသည်။ ခြင်ဆေးခွေမှ ခြင်ပြေးစေသော မီးခိုးများထွက်စေသည်။ ပုံမှန်ခြင်ဆေးခွေအဝိုင်းအဝန်းသည်အချင်းအားဖြင့် ၁၅ စင်တီမီတာမျှရှိပြီး၊ ရှစ်နာရီခန့်ကြာအောင်အသုံးပြုနိုင်သည်။ ခြင်ဆေးခွေကိုအာရှ၊အာဖရိကနှင့် တောင်အမေရိကတိုက်တို့တွင် ကျယ်ပြန့်စွာအသုံးပြုကြသည်။ ခြင်ဆေးခွေ၏သမိုင်း ခြင်ဆေးခွေတွင် ပါဝင်သော Pyrethrum ကို ပါရှန်းပြည်နှင့် ဥရောပတိုက်တို့တွင် ရှေးရာစုနှစ်များစွာကတည်းက ပိုးမွှား သတ်ဆေးအဖြစ်အသုံးပြုခဲ့ကြပြီး၊ ခြင်ဆေးခွေကိုမူ ၁၈၉၀ နှစ်များအတွင်းက ဂျပန်စီးပွားရေးသမားအီချီယိုယူရီရှီးမားက တီထွင်ခဲ့သည်။ ထိုအချိန်က ဂျပန်လူမျိုးတို့သည် ခြင်ပြေးစေရန်အတွက် ခွက်တစ်ခွက်ထဲတွင် လွှစာမှုန့်များနှင့် Pyrethrum ကို ရောထည့်ပြီး မီးရှို့ကာအသုံးပြုခဲ့ကြသည်။ ယူရီရှီးမားက ဆန်မှုန့်၊ လိမ္မော်ခွံခြောက်မှုန့်နှင့်Pyrethrumအမှုန့်တို့ကို ရောမွှေပြုလုပ်၍ ခြင်ဆေးတိုင်ကို ပြုလုပ်ခဲ့သည်။ ၎င်းခြင် ဆေးတိုင်မှာ မိနစ် ၄၀ ခန့်မျှသာအထွန်းခံသည်။ ခြင်ပြေးစေရန်အတွက် တိုတောင်းလွန်းသည်ဟုဆိုရမည်။၁၈၉၅ တွင် သူ၏ဇနီးသည် ယူကီက ခြင်ဆေးတိုင်များအား ပိုထူ၊ ပိုရှည်အောင်ပြုလုပ်ပြီး၊အရစ်ခွေသဏ္ဍာန်ခွေကြည့်ရန်အကြံပေးခဲ့သည်။အမျိုးမျိုးစမ်းသပ်လုပ်ဆောင်ကြည့်ပြီး ၁၉၀၂ ခုနှစ်ရောက်မှအရစ်ခွေ သဏ္ဍာန်ခြင်ဆေးခွေမှ လိုအပ်သောကာလအတိုင်းအတာထိ မီးမငြိမ်းဘဲ စွမ်းဆောင်နိုင်အောင် လုပ်ဆောင်နိုင်ခဲ့သည်။ ၎င်းနည်းလမ်းတွင် ခြင်ဆေးများအားအရှည် ကြီးပြုလုပ်ပြီး လိုချင်သလောက် ဖြတ် ကာ ရစ်ခွေခြင်းပါဝင်သည်။ ထိုကာလတွင်တော့ လက်ဖြင့် လုပ်ဆောင်ရခြင်းဖြစ်ပြီး ၁၉၅၇ ထိ ဤနည်းကိုသာ သုံးခဲ့ကြသည်။ ထို့နောက်ပိုင်းတွင် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးလာပြီး ပမာဏအများကြီးကို စက်ဖြင့်ထုတ်လုပ်နိုင်ခဲ့ကြသည်။ ဒုတိယ ကမ္ဘာစစ်ကြီးပြီးသည့်အချိန်တွင် ၎င်း၏ ကုမ္ပဏီဖြစ်သော Dainihon Jochugiku Co.Ltd တရုတ်နှင့် ထိုင်းနိုင်ငံကဲ့သို့ နိုင်ငံအတော်များများတွင် ဖက်စပ်လုပ်ငန်းများတည်ထောင်ပြီး ခြင်ဆေးခွေများ ထုတ်လုပ်ခဲ့ရာမှ ယနေ့ခြင်ဆေးခွေ စက်ရုံများအစပျိုးခဲ့ခြင်းဖြစ်သည်။ ခြင်ဆေးခွေတွင် ပါဝင်သောပစ္စည်းများခြင်ဆေးခွေတွင်အောက်ပါတို့အနက်မှအချို့ပါဝင်ကြသည်။ - Pyxethrum (သဘာဝအပင်မှရ သောအမှုန့်) - Pyrethrins (Pyrethrum ထဲမှအင်းဆက်ပိုးမွှားများအား သေစေသောဓာတုပစ္စည်း) - Allethrin (d-trans-alletrin ဟုလည်း ခေါ်ကြသည်) - Esbiothrion (Allethrin တစ်မျိုး) - Dibutyl hydroxyl toluene (BHT) (Pyrethroid များလောင်ကျွမ်းရာတွင် ဓာတ်တိုးခြင်းမှကာကွယ်ရန်သုံးသောပစ္စည်း) - Piperonyl butoxide (PBO) (Pyrethroid များ၏အာနိသင်ပိုထက်စေရန် သုံးသောအကူပစ္စည်း) ခြင်ဆေးခွေ၏ ကောင်းကျိုးများယနေ့သုံးစွဲနေကြသော ခြင်ဆေးခွေများသည် မီးမငြိမ်းဘဲ ရှစ်နာရီခန့်ကြာသည်ထိ ခြင်ပြေးစေနိုင်သော သတ္တိရှိသည်။ စမ်းသပ်မှုများအရ ခြင်ကိုက်ခြင်းကို ၈၀ ရာခိုင်နှုန်းထိ ကာကွယ်ပေးနိုင်သည်။ ခြင်ဆေးခွေများသည် ဈေးချိုပြီး မီးညှိရုံမှအပ ထူးထူးထွေထွေလုပ်ရန် မလိုသောပစ္စည်းများ ဖြစ်သည်။ သယ်ဆောင်ရလွယ်ကူပြီး ဖယောင်းတိုင်များ၊အမွှေးတိုင်များအဖြစ်လည်း ထည့်သွင်းရောင်းချ ကြသည်များရှိသည်။ ခြင်ဆေးခွေ၏ ဆိုးကျိုးများခြင်ဆေးခွေသုံးခြင်းဖြင့် ဆိုးကျိုးများ လည်းရှိသည်။ ၁၉၉၉ ခုနှစ်အတွင်းက တောင်ကိုရီးယားနိုင်ငံတွင် ခြင်ဆေးခွေမီးမှ စတင်၍ သုံးထပ်အဆောက်အဦးတစ်ခု မီးလောင်ပြီး ကလေးများအပါအဝင် လူ ၂၃ ဦး သေဆုံးခဲ့ရသည်။ မြန်မာနိုင်ငံတွင်လည်း ခြင်ဆေးခွေမီးမှ စတင်သော မီးလောင်မှုများ မကြာခဏဖြစ်ပွားခဲ့ကြာင်း တွေ့ကြရသည်။ ထို့ပြင် ခြင်ဆေးခေမီးခိုးများမှ ထွက်လာသော မီးခိုးများနှင့် ဓာတုပစ္စည်းများကလည်း ကျန်းမာရေးကို ထိခိုက်စေနိုင်သည်။ ခြင်ဆေးခွေအသုံးပြုသူများအနေ ဖြင့်အောက်ပါအချက်များကို သိထားသင့်သည်။ - ခြင်ဆေးခွေကို ရှစ်နာရီထိအထွန်းခံအောင်အုန်းဆံဖတ်များ၊ လွှစာမှုန့်များ၊ ဆိုးဆေးများဖြင့် ပြုလုပ်ထားလေ့ရှိသည်။ - ခြင်ဆေးခွေမှ ထွက်သော ဓာတုပစ္စည်းများသည် လေထုထဲတွင် ရှိသင့်သည့်ပမာဏထက် များပြားသည်။ - ခြင်ဆေးခွေတစ်ခွေမှထွက်လာသော မီးခိုးပမာဏသည် စီးကရက် ၇၅ လိပ်မှ ၁၃၇ လိပ်ထိ သောက်သုံးရာမှ ထွက်လာသော မီးခိုးပမာဏနှင့် တူညီသည်။ - ခြင်ဆေးခွေမှထွက်သော မီးခိုးများနှင့် ထိတွေ့ခြင်းဖြင့် ကျန်းမာရးပြဿနာများဖြစ်နိုင်သည်။ - မီးခိုးများစွာ ရှူရှိုက်မိခြင်းဖြင့် ရင်ကြပ်ခြင်း၊အဆုတ်ရောဂါဖြစ်ခြင်းများ ပိုဆိုးနိုင်သည်။ - ခြင်ဆေးခွေ မီးလောင်ကျွမ်းရာမှအန္တရာယ်ရှိ ဓာတုပစ္စည်းများဖြစ်သော formaldehyde, octachlorodipropyl ether နှင့် bischloromethyl ether တို့ထွက်လာသည်။ - ခြင်ဆေးခွေ၏အဓိကဓာတုပစ္စည်းဖြစ်သော Pyrethroidအင်းဆက်သတ် ဆေးသည်အခြေခံအားဖြင့် လူသားများကိုအန္တရာယ်မရှိနိုင်သော်လည်း မျက်လုံးနှင့်အရေပြားကို ယားယံစေနိုင်သည်။အချို့သူများတွင် ဓာတ်မတည့်ခြင်းဖြစ်နိုင်သည်။ - ခြင်ဆေးခွေ မီးလောင်ရာမှ ထွက်လာသော ဘေးထွက်ပစ္စည်းဖြစ်သော formaldehyde ပမာဏသည် စီးကရက် ၅၁ လိပ်သောက်ရာမှ ထွက်လာသော ပမာဏနှင့် ညီမျှပြီး။ ၎င်းသည် နှာခေါင်းကင်ဆာ (Nasal Sinus Cancer) နှင့် သွေးကင်ဆာ (leukaemia) တို့ကို ဖြစ်စေနိုင်သည်။ -အခြား၊ ထွက်လာတတ်သော ဓာတုပစ္စည်းဖြစ်သည့် bischloromethyl ehter သည်အဆုတ်ကင်ဆာကို ဖြစ်စေတတ်သည်။ Credit : ဒေါက်တာကျော်စွာထွန်း (ဆေးဝါးဗေဒ)သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီအချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။





Some text some message..