
ဖူကူရှီးမား နျူကလီးယားဓာတ်အားပေးရုံရှိ ပျက်စီးနေသောအမှတ် ၄ ဓာတ်ပေါင်းဖို။ ဓာတ်ပုံ -အေပီ
ဂျပန်နိုင်ငံသည် ကာဗွန်ထုတ်လွှတ်မှု သိသာစွာ လျှော့ချနိုင်ရေးအတွက်အစိမ်းရောင်စွမ်းအင် ပိုမိုအသုံးပြုသွားမည်ဖြစ်သလို၊ နျူကလီးယားစွမ်းအင်ကိုလည်း တိုးမြှင့်သုံးစွဲသွားမည်ဖြစ်ကြောင်း သိရသည်။
ဂျပန်နိုင်ငံတွင် ၂၀၁၁ ဖူကူရှီးမား နျူကလီးယား ဓာတ်အားပေးရုံ ဓာတ်ပေါင်းဖို ပျက်စီးမှုနောက်ပိုင်း နျူကလီးယားဓာတ်အားအသုံးပြုမှု လျှော့ချထားခြင်းကို ကာမိစေရန် ကျောက်မီးသွေးနှင့် ရုပ်ကြွင်းလောင်စာများအပေါ် မှီခိုခဲ့ရမှုကြောင့် နိုင်ငံတွင်း ကာဗွန်ထုတ်လွှတ်မှု မြင့်တက်နေကြောင်း ဂျပန်အစိုးရက ဇွန် ၇ ရက်တွင်အတည်ပြုခဲ့သည့် စွမ်းအင်မူဝါဒစာတမ်းက ဖော်ပြသည်။
ကာဗွန်ထုတ်လွှတ်မှု လျှော့ချရန်အရေးတကြီး လိုအပ်နေကြောင်း စွမ်းအင်စာတမ်းက ထောက်ပြသည်။ ဂျပန်သည် နိုင်ငံစွမ်းအင် လိုအပ်ချက် ၂၂ ရာခိုင်နှုန်းမှ ၂၄ ရာခိုင်နှုန်းထိကိုအစိမ်းရောင်စွမ်းအင်မှ ထုတ်ယူရန်နှင့်အလားတူ ပမာဏမျိုးကို နျူကလီးယားစွမ်းအင်မှ ထုတ်ယူရန်လည်း ရည်မှန်းချက်ချထားသည်။
၂၀၃၀ ခုနှစ်ရောက်လျှင် ကာဗွန်ထွက်ရှိနှုန်းကို ၂၀၁၃ ခုနှစ်နှုန်းထက် ၂၆ ရာခိုင်နှုန်း လျှော့ချရန်လည်း ဂျပန်က လျာထားပြီး လက်ရှိတွင် ၇ ရာခိုင်နှုန်းသာ လျှော့ချနိုင်သေးသည်။
၂၀၁၇ ခုနှစ်တွင် ဂျပန် စွမ်းအင်လိုအပ်ချက် ၁၆ ရာခိုင်နှုန်းကိုအစိမ်းရောင်စွမ်းအင်၊ ၃ ရာခိုင်နှုန်းကို နျူကလီးယားစွမ်းအင်၊ ၇၄ ရာခိုင်နှုန်းကို ကျောက်မီးသွေး၊ သဘာဝဓာတ်ငွေ့တို့မှ ရရှိခြင်းဖြစ်သည်။ ၂၀၁၁ ငလျင်နှင့် ဆူနာမီကြောင့် ဖူကူရှီးမား နျူကလီးယားဓာတ်အားပေးရုံ မပျက်စီးခင်က ဂျပန်သည် စွမ်းအင်လိုအပ်ချက် သုံးပုံ တစ်ပုံကို နျူကလီးယားစွမ်းအင်မှ ရရှိခဲ့သော်လည်း ထို့နောက်ပိုင်း နျူကလီးယားစက်ရုံများကို ကန့်ကွက်မှုများကြောင့် စက်ရုံအများအပြား ပိတ်ထားရသဖြင့် နျူကလီးယားစွမ်းအင် ထုတ်လုပ်မှု သိသာစွာ ကျဆင်းခဲ့သည်။
နျူကလီးယားဓာတ်ပေါင်းဖိုအများစု လည်ပတ်နိုင်ခြင်း မရှိသောကြောင့် ဂျပန်သည် ပလူတိုနီယံလောင်စာ ၄၇ တန်ခန့်ထိ ပိုလျှံလျက်ရှိသည်။ ထိုလောင်စာများကို သမားရိုးကျ ဓာတ်ပေါင်းဖိုများတွင် ထည့်သွင်းကာ ဂျပန်အစိုးရက ဖျက်ဆီးလျက်ရှိသော်လည်း ပလူတိုနီယံ ပိုလျှံမှုက များသထက် များလာနေသည်။အသုံးပြုပြီးသား ပလူတိုနီယံလောင်စာ ၃၇ တန်ကို ပြင်သစ်နှင့် ဗြိတိန်တို့တွင် လွှဲပြောင်းသိုလှောင်ထားပြီး ထိုပမာဏသည်အဏုမြူဗုံး ၆၀၀၀ လုပ်နိုင်သော ပမာဏဖြစ်သည်။ ထိုပလူတိုနီယံများကို နိုင်ငံတကာ စွမ်းအင်အေဂျင်စီ စောင့်ကြည့်မှုအောက်တွင် လုံခြုံစွာ ထားရှိကြောင်းလည်း သိရသည်။