တရုတ်သိပ္ပံပညာရှင်တို့သည် ကြေးနီကို ရွှေ၏ဂုဏ်သတ္တိများနှင့်ထပ်တူနီးပါးတူညီသည့် သတ္တုအဖြစ်အောင်မြင်စွာပြောင်းလဲနိုင်ပြီ ဖြစ်သည်။
ကြေးနီကိုအာဂွန်ဓာတ်ငွေ့ဖြင့် လောင်ကျွမ်းစေကာ ရွှေ၏ဂုဏ်သတ္တိနှင့် ထပ်တူ တူညီသည့်အမှုန်များအဖြစ် ပြောင်းလဲပေးခြင်း ဖြစ်သည်။
ယခုထုတ်လုပ်လိုက်သည့် သတ္တုသစ်ကို ရွှေဒင်္ဂ ါးပြားများအဖြစ် ထုတ်လုပ်နိုင်မည်မဟုတ်သော်လည်း တန်ဖိုးကြီးအီလက်ထရောနစ် ပစ္စည်းများတွင် ထည့်သွင်းလေ့ရှိသည့် ရွှေ၏ နေရာတွင်အစားထိုးအသုံးပြုနိုင်တော့မည် ဖြစ်သည်။
ဈေးပေါသော ကြေးနီကို တန်ဖိုးကြီးသည့် ရွှေနှင့် ထပ်တူနီးပါးတူညီသည့်သတ္တုအဖြစ် ပြောင်းလဲနိုင်ခြင်းအောင်မြင်မှုကို Science Advances တွင် ဖော်ပြခဲ့ခြင်း ဖြစ်သည်။

တရုတ်သိပ္ပံအကယ်ဒမီ
ယခုအောင်မြင်မှုမှာ စက်ရုံများတွင် တန်ဖိုးကြီး ရှားပါးသည့်ရွှေကို ထည့်သွင်းအသုံးပြုနေကြမှု ပမာဏကြီးမားစွာ လျှော့ချပေးနိုင်မည် ဟုလည်း သိပ္ပံပညာရှင်တို့က ပြောကြားသည်။
ယခုစမ်းသပ်ချက်ကို လျောင်နင်းရှိ တရုတ်သိပ္ပံအကယ်ဒမီမှ ဒါလီယန် ဓာတုရူပအင်စတီကျု ပါမောက္ခ ဆန်း ကျိယန်နှင့်အဖွဲ့က စမ်းသပ်အောင်မြင်ခဲ့ခြင်း ဖြစ်သည်။

ပါမောက္ခ ဆန်းက ျိယန်
“ကြေးနီ နာနိုအမှုန်တွေကို ရွှေ (သို့မဟုတ်) ငွေရဲ့ ဂုဏ်သတ္တိတွေနဲ့အလွန်ကို တူညီတဲ့သတ္တုအဖြစ် ပြောင်းလဲပေးလိုက်နိုင်တာ ဖြစ်ပါတယ်” ဟု ပါမောက္ခ ဆန်းကျိယန်က ပြောကြားသည်။

ဒါလီယန် ဓာတုရူပအင်စတီက ျုတွင် သင်ကြားပို့ချမှု ပြုလုပ်နေပုံ
လူ့သမိုင်းတွင်အဂ္ဂိရတ်ပညာရှင်တို့သည် ကြေးကို ရွှေအဖြစ်ပြောင်းလဲရန် ရာစုနှစ်များစွာ ကြိုးပမ်းခဲ့ကြသည်။
တန်ဖိုးကြီးသတ္တုများသည် ခေတ်သစ်စီးပွားရေး၏အရေးပါသောအခန်းကဏ္ဍတွင် ပါဝင်နေသည်။
လျှပ်စစ်ပစ္စည်းထုတ်ကုန်အချို့တွင် ရွှေ၊ ငွေနှင့် ပလက်တီနမ်တို့ကို ထည့်သွင်းကြသည်။
စမတ်ဖုန်းအမျိုးအစား ၄၀ ခန့်တွင် ရွှေကိုထည့်သွင်းထုတ်လုပ်ကြသည်ဟု ခန့်မှန်းထားကြသည်။
စက်မှုထုတ်ကုန်များတွင် ကြေးနီကိုအသုံးမပြုဘဲ ရွှေကိုအသုံးပြုရခြင်းမှာ ကြေးနီတွင်အီလက်ထရွန်နည်းပါးသောကြောင့် ဖြစ်သည်ဟု ဆိုသည်။
ကြေးနီ၏အီလက်ထရွန်များမှာ တည်ငြိမ်မှုမရှိခြင်းကြောင့်အခြားသော ဓာတုပစ္စည်းများနှင့် ပေါင်းစပ်ပါက လွယ်ကူစွာ တုံ့ပြန်ကြသည်ဟု ဆိုသည်။
ဆန်းကျိယန်နှင့်အဖွဲ့အသုံးပြုခဲ့သည့်နည်းလမ်းမှာ ကြေးနီ၏အက်တမ်များအတွင်းသို့အလွန်များပြားသည့် စွမ်းအင်ပမာဏ ကျရောက်စေခြင်းဖြစ်ပြီး ထိုသို့သောနည်းလမ်းဖြင့် ကြေးနီ၏အက်တမ်တို့ကို ပိုမိုသိပ်သည်းတည်ငြိမ်စေခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ယခုသတ္တုသစ်သည် မြင့်မားသည့်အပူချိန်နှင့်အောက်ဆီဂျင်ဓာတ်ပြုမှုတို့ကို ခုခံနိုင်စွမ်းရှိကြောင်းလည်း တရုတ်သိပ္ပံပညာရှင်တို့က ပြောကြားသည်။
Yellow Champac (shweinnlay)