ထိုင်း(ယိုးဒယား)တို့၏ ရိုးရာယုံကြည်မှုထဲက ရာမနှင့် မန္တလေး
mmtimes.com
|
2019-07-15

ဓာတ်ပုံများ-အောင်သန့်ခိုင်/ မြန်မာတိုင်းမ်နေ့စဉ်

ထိုင်း(ယိုးဒယား)တို့၏ ရိုးရာယုံကြည်မှုထဲက ရာမနှင့် မန္တလေး

မန္တလေးမြို့ လူနေရပ်ကွက်များတွင် ထင်ရှားသည့်အမှတ်အသားတစ်ခုကိုအစွဲပြု၍အမည်ပေးကြသည်မှာ ကာလတစ်ခု၏ သမိုင်းကိုလှစ်ဟပြနေပါသည်။ လှေတန်း သည် လှေလှော်သမားတို့နေထိုင်ရာအရပ်၊ တစ်ချိန်က လှေသင်္ဘောများဆိုက်ကပ်ခဲ့၍ သင်္ဘောတန်း၊ စုဝေးရောင်းချ သည့် ကုန်ပစ္စည်းများကိုအစွဲပြု၍ ထန်းလျက်တန်း ငါးပိ တန်း၊ ကြက်သွန်တန်းနှင့် ဒီဘိုးဝင်း၊ သုံးဆယ်ဝင်း၊ ရှင်ဘို့ မယ်ဝင်းဟူ၍အမည်ပေးခေါ်ဝေါ်ခဲ့ကြသည်။

ယိုးဒယား(ထိုင်း)လူမျိုးများနေထိုင်ခဲ့သော၂၉ လမ်းနှင့် လမ်း ၃၀၊ ၈၂ လမ်းနှင့် ၈၃ လမ်းတွင် "ရာမမင်းနတ်စင်"သည် မင်းတုန်းမင်းလက်ထက်ကတည်းက ရှိခဲ့သည်။ မန္တလေးဓလေ့အရ ရာမနတ်စင်ရှိရာရပ်ကွက်ဖြစ်၍ ရာမ နတ်စင်ဝင်းဟုအမည်တွင်လျက် တစ်ချိန်က ယိုးဒယား(ယခု ထိုင်း)လူမျိုးများ စုပေါင်းဈေးရောင်းချသော ယိုးဒယား ဈေးဖြစ်ခဲ့ပြီး ထိုဝန်းကျင်တွင်လည်း ယိုးဒယား(ယခုထိုင်း)လူမျိုးများနေထိုင်ခဲ့ကြသည်။ သီတာရာမဇာတ်တော်လာ ရာမမင်းသား၊ သီတာဒေဝီ၊ ညီတော်လက္ခဏ၊ ၎င်းတို့ဆရာ ဖြစ်သူ ရသေ့ကြီးနှင့် ဟာနုမာန်တို့ကို နတ်စင်နတ်ကွန်းဖြင့်အတည်တကျနေရာပေးထားရာအစိုးရကအသိအမှတ်ပြု ထားသည်ဟုလည်း ဆိုပါသည်။

"နတ်စင်က ဒူးထောက်တိုင်နဲ့ မလုံမခြုံတဲ့ တဲသာသာ ကနေ ခုဆိုရင်အာရ်စီအဆောက်အအုံနဲ့ဖြစ်လာတယ်။ ဝင်ပေါက်ထိပ်မှာနေတဲ့ ကိုအောင်ကျော်ကို ရာမဘိုးဘိုး ကြီးက နန်းဆောက်ပေးမလား၊ ဆောက်ပေးရင် ကျောက်အောင်မယ်လို့အိပ်မက်ပေးတယ်။ သိပ်မကြာခင် ကျောက်အောင်တော့ နတ်နန်းအသစ်ဆောက်ပေးတာ နှစ်၂၀ ကျော်လောက်ရှိပြီ"ဟု ဒေါ်မူမူက ပြောပြသည်။

66580975_638429733322362_5683629088648986624_n.jpg



နတ်နန်းသည်အာရ်စီတစ်ခန်းပတ်လည်နှင့် လူတစ်ရပ် ခန့်မြင့်သောအဆောက်အအုံဖြစ်သည်။ လှေကားမှအပေါ် သို့တက်လျှင် မှန်ကောင်တာဖြင့် ရာမ၊ သီတာဒေဝီ၊ လက္ခဏ၊ ရသေ့ကြီးနှင့် ဟာနုမာန်တို့မှာ ရာမဇာတ်တော် ကပြအသုံးတော်ခံသည့်အခါ ကပြသူများဝတ်ဆင်သော မျက်နှာဖုံးဦးခေါင်းစွပ်များကိုတွေ့ရသည်။ မြန်မာနတ်ရုပ် တုများကဲ့သို့မဟုတ်ဘဲ ကိုယ်အောက်ပိုင်းမပါရှိသည်က ထူးခြားနေသည်။ ရာမဘိုးဘိုးကြီးမှာ သက်သတ်လွတ် ဟုသိရပြီး ပန်း၊ ရေချမ်း၊အမွှေးတိုင်၊ သစ်သီးဝလံများ၊ ငှက်ပျောပွဲများ ဆက်သလှူဒါန်းထားသည်။

ယိုးဒယား(ယခုထိုင်း)တို့ မြန်မာနိုင်ငံသို့ရောက်ရှိခဲ့သည် မှာ နှစ်ပေါင်း ၃၀ဝ ကျော်ပြီဟုသိရပြီး မန္တလေးနှင့်မန္တလေးအနီးမှ တောင်ပြုန်းရွာ ယင်းအနီးမှ ဆူးခါးရွာ၊ ပုသိမ်ကြီး၊ ပုသိမ်လေး၊ သစ်ချိုကုန်း၊ ညောင်ကုန်း၊ နန်းတော်ကျွန်း စသည်ဖြင့် နေရာအနှံ့ပျံ့နှံ့နေထိုင်၍ တန်ခူးလနှင့် ဝါဝင် ချိန်တွင် ဂါရဝပြုလာကြရင်းဆုံစည်းကြသည်။ ၁၉၈၄ ခုနှစ်က မန္တလေးမြို့တွင် ၃၅ လမ်း၊ ၈၄လမ်း၊ ဦးကျားကြီး ဝင်းမှ စတင်လောင်ခဲ့သည့်မီးသည် မြောက်ဘက် ငါးပြ ကျော်ဝေးကွာသည့် ရာမနတ်စင်ဝင်းလည်း မီးဘေးသင့်ခဲ့ သည်။ ကံကောင်းစွာဖြင့် ရာမဘိုးဘိုးကြီးတို့ မီးလွတ် ခဲ့သော်လည်း သစ်သားအဆောက်အအုံနတ်နန်းမှာ မီးလောင်ကျွမ်းခဲ့သည်။

"မီးလောင်တော့ ထွက်ပြေးကြတယ်။ ကျွန်မတို့လည်းအိမ်ကဂျစ်ကားပေါ်ပစ္စည်းတွေတင်ပြီး မီးလွတ်ရာပြေးဖို့အချိန်မှာ ရာမနတ်စင်ထိန်းတဲ့ ဒေါ်သိန်းတန်က နတ်ရုပ် တွေ ကျွန်မတို့ကားပေါ်တင်ပေးလိုက်လို့ မီးလွတ်သွား တယ်။ နတ်စင်ကတော့ မီးထဲပါသွားတယ်။ ဒေါ်သိန်းတန် တို့က ယိုးဒယားစပ်လို့ပြောသံကြားဖူးပြီး လက်ရှိနေသူ တွေက ကျွန်မတို့ကစလို့ ယိုးဒယားစပ်မဟုတ်ဘူး" ရာမ နတ်စင်ဝင်းတွင် နှစ် ၄၀ ကျော်ကြာနေထိုင်ခဲ့သူတစ်ဦးက ပြောသည်။

လက်ရှိ ရာမဘိုးဘိုးကြီးနတ်စင်၌ ယိုးဒယားအနွယ် မဟုတ်သော ဒေါ်မူမူက လက်ဆင့်ကမ်းစောင့်ရှောက် ရင်းအလိုတစ်ခုနှင့်လာသူများအား ကျန်းမာရေးအတွက် ရေမန်းပေးသည်။ စီးပွားရေးအတွက် ဆုတောင်းပေးသည်။ဒေါ်မူမူသည်အသက် ၂၈ နှစ်အရွယ်လောက်က ရာမဝင်း သို့ပြောင်းရွှေ့လာကာအစ်မဖြစ်သူ ဒေါ်မြနှင်းထံမှ လက် ဆင့်ကမ်းဆက်ခံခဲ့သည်။ ဒေါ်မြနှင်းရှေ့က နန်းထိန်းမှာ ဒေါ်သိန်းတန်ဖြစ်၍ နတ်စင်နှင့်ကပ်လျက်တွင်နေထိုင်ကာ နတ်နန်းအမှုကိစ္စများကိုလုပ်ဆောင်ခဲ့ရာ ၎င်းသေဆုံးချိန် တွင် ဒေါ်မူမူတို့က ကျန်ရစ်သူများထံမှ ဝယ်ယူခဲ့သည် ဟုသိရသည်။

66773851_324793811795855_3370188866404220928_n.jpg



"ပဋ္ဌာန်းဆက်ရှိလို့ ဒီနေရာရောက်လာတယ်။ နတ် နန်းထိန်းသိမ်းရင်း ရာမဘိုးဘိုးကြီးက ဘုရားအလောင်းလို့ ကျွန်မအာရုံနဲ့ ယုံကြည်လာခဲ့တယ်။အရင်လက်ထက်က ဘာတွေလုပ်ပေးလဲတော့မသိဘူး။ ကျွန်မကတော့ ဆုတောင်း ပေးတယ်။အကြားအမြင်ရတာ မဟုတ်ပါဘူး။ ပါးစပ်ဖျားက ပြောလိုက်တာရှိတယ်။အောင်မြင်မှ ပွဲထိုးပေါ့။ ခုနစ် ရက်သားသမီးကို ကူညီတာပါ။ မျက်ပါးရပ်က ရွှေဆိုင်း သမားတွေဆိုရင် ဒီမှာလာပြီးမှရွှေဆိုင်းလုပ်ရင်အပျက်အစီးမရှိဘူး။အလေအလွင့်နည်းတယ်။ လုပ်ငန်းအောင် မြင်တယ်လို့ ယုံကြည်ကြတယ်။ ယိုးဒယားနွယ်တွေက တော့အနည်းဆုံးတော့ နှစ်စဉ်လာတာပဲ"ဟု ဒေါ်မူမူက ပြောပြသည်။

ရာမနတ်စင်ဝင်းမှာ လမ်း ၃၀ ဘက်တွင် ဝင်ပေါက်ရှိ၍ နေအိမ် ၁၃အိမ်ခန့်ရှိပြီးအရှေ့ဘက်တွင် ဘုရားသုံးဆူ၊ မြောက်ဘက်တွင် တရုတ်ကျောင်းရှိသည်။အထပ်မြင့်အဆောက်အအုံသစ်များအကြား ရာမဘိုးဘိုးကြီးနတ်နန်းမှအမွှေးတိုင်နံ့များဖြင့် ကြိုင်သင်းနေပြီး ဝါဝင်ချိန် ဂါရဝပြု လာရောက်သူ ယိုးဒယားနွယ်ဝင် ၇၀ ကျော်ရှိနေဆဲ ဖြစ်သည်။ မြန်မာပြည်သို့ လည်ပတ်ရောက်ရှိလာသည့် ယိုးဒယားခရီးသွားအချို့ လာရောက်ဆုတောင်းကြကြောင်း သိရသည်။

"ရာမနတ်စင်က မင်းတုန်းမင်းလက်ထက်ကတည်း ကရှိတယ်။ မန္တလေးတင်မဟုတ်ဘဲအမရပူရ တောင်သမန်အင်းနားမှာလည်းရှိတယ်။အင်းဝဘက်မှာလည်းရှိပေမယ့် ထိန်းသိမ်းမယ့်သူ၊ စောင့်ရှောက်မယ့်သူမရှိဘူး။အဲဒီနေရာ ကိုရောက်ခဲ့ပြီး ညောင်ပင်အကြီးကြီးအောက်မှာ ချောက် ချားစရာကြီး။အမရပူရက ရာမနတ်စင်မှာတော့ ထိန်း သိမ်းတဲ့သူရှိသေးတယ်။ ဟောတာပြောတာမရှိဘူး"ဟု ယိုးဒယားအနွယ်ဖြစ်သူ ရှေးဟောင်းသုတေသီပညာရှင် ဒေါက်တာတင်မောင်ကြည်က ရှင်းပြသည်။

မြန်မာမင်းတို့ကလည်း ပရိယာကြွယ်သည်မို့ ယိုးဒ ယားအနွယ်ဝင်များ တစ်နေရာတည်းစုစည်းထားလျှင် ပုန်ကန်ထြွကမည်စိုးသဖြင့် နေရာအနှံ့ခွဲခြားပို့ဆောင်ခဲ့ ကြသည်။ နန်းတော်အတွက်အသုံးတည့်နိုင်မည့် ဂီတ ဖျော်ဖြေမှု ပန်းချီ ပန်းပု စသောအနုပညာရှင်များနှင့် စားသောက်ဖွယ်မုန့်လုပ်သူ စသည်တို့ကို နန်းတော်နှင့်နီးရာ တွင်ထားရှိသည်။ မင်းတုန်းမင်းက ရတနာပုံမင်းနေပြည် မတည်ခင်ကတည်းက ယခုလက်ရှိနေရာတွင်ရှိနေကြပြီး ရတနာပုံမြို့တည်သောအခါ မြို့လယ်ကောင်ရောက်လာ သည်ဟု ဆက်လက်ပြောကြားခဲ့သည်။

မြန်မာနတ်များကဲ့သို့ တောင်ပြုန်းပွဲ၊ ကိုကြီးကျော်ပွဲ၊ မြို့သာပွဲ၊အမေဂျမ်း၊အမေရေယဉ်ပွဲ စသည်ဖြင့်အချို့နယ် ပယ်မြို့ရွာအလိုက် ဆိုင်းနှင့်ကနားနင့် နတ်ကတော်နှင့် ချော့ကြ၊ ပျော်ကြသည့်နတ်ပွဲများရှိသော်လည်း ရာမဘိုးဘိုး ကြီးနတ်ပွဲဟူ၍ ကျင်းပခြင်းမရှိချေ။ တန်ခူးလနှင့်ဝါဆိုလ (ဝါဝင်ချိန်)တို့တွင် ယိုးဒယားနွယ်ဝင်များက ရိုးရာမပျက် နှစ်စဉ်ဂါရဝပြုလာရောက်ကြသော "မန္တလေးက ရာမနတ် စင်ဝင်း"သည် ယိုးဒယား(ထိုင်း)နှင့် မြန်မာဆက်နွှယ်ရော ယှက်မှု၏ သမိုင်းသက်သေတစ်ခုဖြစ်ပေလိမ့်မည်။




Some text some message..