ထိုင်း၌ သကြားပါအချိုရည်များအခွန်တိုးကောက်၍ ကျန်းမာရေးဦးစားပေးမည်
mmtimes.com
|
2019-07-30

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ တရုတ်တန်း၌အချိုရည်နှင့် ရေသန့်ရောင်းနေသော လမ်းဘေးဆိုင်တစ်ဆိုင်အား တွေ့ရစဉ်။ ဓာတ်ပုံ-အီးပီအေ

ထိုင်း၌ သကြားပါအချိုရည်များအခွန်တိုးကောက်၍ ကျန်းမာရေးဦးစားပေးမည်

ထိုင်းနိုင်ငံတွင် လာမည့်အောက်တိုဘာ ၁ ရက်မှစ၍ သကြားပါသည့်အဖျော်ယမကာများကိုအခွန်တိုးမြှင့် ကောက်ခံမည်ဖြစ်ရာ သကြားနည်းပါးသည့် သို့မဟုတ် ကျန်းမာရေးဦးစားပေး စားသောက်ကုန်များ ထွက်ပေါ်လာရန် ဆန်းသစ်ဖန်တီးနေကြပြီဖြစ်သည်။

သကြားပါသည့်အချိုရည်များ၊ စီးကရက်များ၊အဖျော်ယမကာများနှင့် ပြည်ပမှတင်သွင်းသည့် ဝိုင်များအတွက် ယစ်မျိုးခွန်သစ်ကို ထိုင်း၌ ၂၀၁၇ ခုနှစ် စက်တင်ဘာတွင် စတင်ကောက်ခံခဲ့သည်။

ယင်းနောက် ၂၀၁၉၊ ၂၀၂၁၊ ၂၀၂၃ ခုနှစ်တို့တွင် နှုန်းထားများအဆင့်ဆင့် တိုးမြှင့်ကောက်ခံရန်လည်း သတ်မှတ်ထားသည်။

အချိုရည်များတွင် ကာဗွန်နိတ် ဖျော်ရည်များ၊ စွမ်းအင်ဖြည့်နှင့်အီလက်ထရိုတိုက်ဖျော်ရည်များ၊ သစ်သီးဝလံအရည်များနှင့်အချိုဓာတ်ပါအရည်အားလုံး ပါဝင်သည်။အရည် မီလီလီတာ ၁၀၀ တွင် သကြားပါဝင်မှုကိုအဆင့်ခြောက်ဆင့် ခွဲခြားထားသည်။

လာမည့်အောက်တိုဘာ ၁ ရက်မှစ၍ ကာဗွန်နိတ်အချိုရည်၊အသင့်သောက် တီးမစ် ကော်ဖီမစ်၊အားဖြည့်အချိုရည်နှင့် သစ်သီးရည်များ ယစ်မျိုးခွန်မြင့်မားစွာ ပေးဆောင်ရမည်ဖြစ်သည်။

သကြားနည်းပါးပြီး လူကြိုက်များမည့်အချိုရည်ဖော်မြူလာများကို လုပ်ငန်းရှင်များက ရှာဖွေကြရမည်ဖြစ်သည်။အစိုးရအနေဖြင့် ပြည်သူများအား သကြားနည်းပါးသည့်အစားအသောက်များ စားသောက်ရန် ပညာပေးရာတွင် ပိုမိုထိရောက်စွာဆောင်ရွက်လိုအပ်ကြောင်းလည်း လုပ်ငန်းရှင်အချို့ကပြောဆိုကြသည်။

ယင်းအတွက်အချိန်ယူရမည်ဖြစ်ကြောင်း စားသုံးသူများသည် သကြားပါသည့်အချိုရည်များနှင့် ယဉ်ပါးနေကြသည် ဖြစ်ကြောင်းလည်း ပြောကြသည်။

နို့ဆီနှင့် နို့ထွက်ကုန်များမှာမူ ယစ်မျိုးခွန်သစ် ကောက်ခံခြင်းမှ ကင်းလွတ်ခွင့်ရထားသည်။ ကာဗွန်နိတ်အချိုရည်များအတွက် သက်ရောက်မည့်အခွန်နှုန်းထားသစ်များလည်း များစွာကြီးမားခြင်းမရှိသေးပေ။ ယစ်မျိုးခွန် တိုးမြင့်ကောက်ခံခြင်း၏အဓိကပစ်မှတ်မှာအရက်များ၊ စီးကရက်များနှင့် ဖဲထုပ်များကဲ့သို့ ဇိမ်ခံကုန်စည်များဖြစ်ပြီး သကြားပါအချိုရည်များပါဝင်ခြင်းမှာ ပြည်သူများ၏ ကျန်းမာရေးအတွက် ယင်းအချိုရည်များ သောက်သုံးမှုနည်းပါးစေရန် ဖြစ်ကြောင်း ထိုင်းပြည်တွင်းကုန်သွယ်ရေးဌာနမှအရာရှိတစ်ဦးက ပြောဆိုခဲ့သည်။




Some text some message..